အသည်းလေးအတွက် အရက်ဖြတ်ကြရအောင်
အသည်းလေးအတွက် အရက်ဖြတ်ရအောင်ဆိုတော့ ကောင်မလေးကို ပြောတာလား၊ ကောင်လေးကို ပြောတာလားလို့ တွေးနေကြပြီလား။ မဟုတ်ပါဘူးနော်၊ အသည်းလေးဆိုတာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲက အရေးအကြီးဆုံး အစိတ်အပိုင်းလေးတွေထဲကတစ်ခုဖြတ်တဲ့ Liver ကို ဆိုလိုတာပါ။
အရက်သောက်တဲ့သူတွေရဲ့ အသည်းဟာ တကယ်သနားစရာ ကောင်းပါတယ်။ အရက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖျက်ဆီးတာမှန်ပေမယ့် အသည်းကိုတော့ အဓိက ဖျက်ဆီးတာပါ။ သောက်လိုက်တဲ့ အရက်တွေကို အသည်းက ချေဖျက်ပေးရပါတယ်။
အရက်ကိုချေဖျက်ပေးတဲ့ ဇီဝလုပ်ငန်းစဥ်အတွင်းမှာ ထွက်လာတဲ့ Free Radicals တွေနဲ့ ဓာတုပစ္စည်းတွေဟာ အသည်းအပါအဝင် ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ဖျက်စီးပြီး နှစ်ကြာလာတဲ့အခါ အသည်းရောင်တာ၊ အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာကနေ အသည်းကင်ဆာထိ ဖြစ်နိုင်ပါတယ်။
Free radicals တွေများလာစေရုံသာမက Free radicals တွေကို ချေဖျက်ပေးတဲ့ Antioxidents တွေကိုပါ နည်းသွားစေလို့ အသားအရေပျက်စီးတာ၊ အရေးအကြောင်းတွေပေါ်လာတာ၊ မျက်စိတိမ်စွဲတာလို အိုမင်းခြင်းရဲ့ လက္ခဏာတွေ ပေါ်လာစေပါတယ်။
သုတေသနတွေအရ အရက်အလွန်အကျွံသောက်သူ၊ စွဲသောက်သူတွေရဲ့ ၃၅% က အသည်းရောင်ရောဂါ ရတတ်ပြီး ၁၀% ကနေ ၂၀% အထိက အသည်းခြောက်ရောဂါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ယူကေမှာ အသည်းရောဂါနဲ့ သေဆုံးသူတွေရဲ့ ၄၃% ခန့်က အရက်ကြောင့် အသည်းပျက်စီးသူတွေလို့ သိရပါတယ်။
အရက်ကြောင့် အသည်းထိခိုက်တဲ့ လက္ခဏာတွေက
- အရက်သောက်ပြီးရင် ဝမ်းဗိုက်ညာဘက် အသည်းနေရာကအောင့်နေတာ
- အသားဝါမျက်စိဝါတာ
- ဆီးအရောင်ရင့်တာ
- သွေးအန်သွေးဝမ်းသွားတာ
- မူးဝေပြီးသတိလစ်တာ
- ပျို့အန်တာ
- ကိုယ်အလေးချိန်ကျတာ
- ရေဖျဥ်းစွဲပြီး ဗိုက်ကြီးဖောင်းနေတင်းနေတာ စတာတွေပါ။
အရက်ဖြတ်လိုက်တဲ့အခါ ခန္ဓာကိုယ်က ဘာတွေ ပြောင်းလဲလာမလဲ?
- အရက်ကို ရေရှည်စွဲသောက်ခြင်းကြောင့် အသည်းထဲမှာ စုနေတဲ့အဆီတွေ တဖြည်းဖြည်းလျော့နည်းလာပါမယ်။
- အသည်းအဆီဖုံးတာတွေ လျော့လာသလို အသည်းဆဲလ်တွေ ရောင်ရမ်းနေတာတွေ ပုံမှန်ပြန်ဖြစ်သွားတာ၊ အမာရွတ်တွေဖြစ်ပြီး အသည်းခြောက်နေတာတွေက လုံးဝပြန်မကောင်းနိုင်ပေမယ့် သက်သာသွားတွေက အရက်ဖြတ်လိုက်ရင်ရမယ့် ကောင်းကျိုးတွေပါ။
- သွေးထဲကသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဓာတ်ဟာ အရက်သောက်တဲ့သူတွေမှာ နည်းနေတဲ့အတွက် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။ အရက်ဖြတ်လိုက်တဲ့အခါ အင်ဆူလင်ဓာတ်ကလည်း ပုံမှန်ပြန်ဖြစ်လာလို့ သွေးထဲကသကြားဓာတ်ကို ကောင်းစွာထိန်းညှိပေးနိုင်လာပါတယ်။
- အဝလွန်နေသူတွေ အရက်စွဲသောက်တဲ့အခါ အသည်းအဆီဖုံးတဲ့ အခံရှိတတ်တာကြောင့် တခြားသူတွေထက် အသည်းရောဂါဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။ အဝလွန်သူတွေ အရက်ဖြတ်လိုက်တဲ့အခါ အသည်းအဆီဖုံးတာတွေ သက်သာသလို ကိုယ်အလေးချိန်လည်းကျစေတာမို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်စေမှာပါ။
- အရက်ဖိုး၊ အမြည်းဖိုးတွေ နေ့တိုင်းမကုန်တော့တာ၊ အရက်ကြောင့် ဖြစ်တဲ့ရောဂါကုရတဲ့ ဆေးဖိုးတွေလည်း သက်သာမှာမို့ ပိုက်ဆံလည်း စုမိဦးမှာပါ။
အထက်ပါကောင်းကျိုးတွေရဖို့ ဘယ်လောက်ကြာမလဲဆိုရင် အရက်စွဲသောက်ခဲ့တဲ့ ကာလ၊ သောက်ခဲ့တဲ့ ပမာဏနဲ့ အသည်းဘယ်လောက်ပျက်စီးသွားသလဲပေါ်မူတည်ပြီးရက်သတ္တပတ်ခန့်ကနေ လပိုင်း၊ နှစ်ပိုင်းအထိ ကြာနိုင်ပါတယ်။
အသည်းခြောက်၊ အသည်းကင်ဆာဖြစ်နေပြီးသားသူဆိုရင်လည်း အရက်ဖြတ်လိုက်တဲ့အခါ အသည်းဧရိယာတွေ နောက်ထပ်မပျက်စီးအောင် ကာကွယ်နိုင်မှာပါ။
အရက်ဖြတ်နေစဥ် စိတ်လှုပ်ရှားတာ၊ ခြေလက်တွေတုန်တာ၊ ရင်တုန်တာ၊ ဂနာမငြိမ်တာ၊ ဂယောင်ခြောက်ခြားဖြစ်တာ၊ အစာမဝင်တာ၊ အိပ်မပျော်တာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ သွေးတိုးတာ၊ ချွေးစေးတွေထွက်တာ စတဲ့ အရက်ဖြတ်တဲ့ လက္ခဏာတွေကို အနည်းနဲ့အများ ခံစားရနိုင်ပါတယ်။
ဒါကို ကြောက်ဖို့မလိုသလို စိတ်လျော့ပြီး ပြန်သောက်ဖို့လည်း မလိုပါဘူး။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး စိတ်ငြိမ်စေမယ့်၊ အိပ်ပျော်စေမယ့်ဆေးတွေ မှီဝဲတာ၊ အာဟာရဖြစ်အောင်စားသောက်တာ၊ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ စိတ်ငြိမ်အောင်တရားထိုင်တာ၊ မိသားဝင်တွေက ဖေးမကူညီတာတွေက အရက်ဖြတ်တဲ့ ကာလကို ကျော်လွှားနိုင်စေမှာပါ။
ဒီတော့ စိတ်သစ်လူသစ်နဲ့ အသည်းလေးကို ချစ်ဖို့ အရက်ဖြတ်ဖို့ စဥ်းစားကြပါစို့ မိတ်ဆွေတို့ရေ။ အရက်ဖြတ်ဖို့ တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်လည်း Healtppy က ဆရာဝန်တွေက အဆင်သင့်ရှိနေပါတယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
Yin Mar 12 Jul 2023 |
Thanks for your sharing knowledge