နွေကာလမှာ ဆီးချိုရောဂါရှင်တွေ သတိထားသင့်သည့်အရာများ
အပူရှိန်များ၊ ချွေးထွက်များတဲ့ နွေရာသီဟာ အပူကြောက်တဲ့သူတွေအတွက်တော့ စိတ်ပျက်စရာပါပဲ။ အထူးသဖြင့် ရောဂါအခံရှိတဲ့သူဆိုရင် ပိုဆိုးပါတယ်။ အပူကြောက်တဲ့သူဖြစ်ဖြစ်၊ အပူကြိုက်လို့ နေပူထဲထွက်၊ ကမ်းခြေသွားလေ့ရှိသူပဲ ဖြစ်ဖြစ် ဆီးချိုရောဂါရှိရင် နွေရာသီမှာ ဘာတွေကို သတိထားသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။
အပူရှိန်များပြီး လှုပ်လိုက်တာနဲ့ ချွေးထွက်မောပန်းလို့ တတ်နိုင်သမျှ မလှုပ်မရှားဘဲနေတဲ့ ဆီးချိုရောဂါရှင်တွေဟာ သွေးတွင်းသကြားဓာတ် ပိုမြင့်တက်နိုင်ခြေ ရှိပါတယ်။ ပူတဲ့ရာသီဥတုမှာ အင်ဆူလင်ကို ခန္ဓာကိုယ်က လျင်မြန်စွာ စုပ်ယူနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အင်ဆူလင် ထိုးနေရတဲ့ ဆီးချိုရောဂါရှင်တွေမှာ သွေးတွင်းသကြားဓာတ် အလွန်အမင်း ကျဆင်းသွားနိုင်ခြေလည်း ရှိနေပါတယ်။
ဒီအချက်တွေကြောင့် နွေရာသီမှာ သွေးတွင်းသကြားဓာတ်ကို မကြာခဏ စစ်ကြည့်ဖို့ လိုအပ်ပါတယ်။ သွေးတွင်းသကြားဓာတ် စစ်ရမယ့် Glucometer စက်နဲ့ Strips တွေဟာ ပူလွန်းအေးလွန်းရင် အဖြေမှားနိုင်တာမို့ ပုံမှန်အခန်းအပူချိန် (၂၁-၂၅ ဒီဂရီစင်တီဂရိတ်) ရှိမယ့် နေရာမှာ ထားသင့်ပါတယ်။
အင်ဆူလင်ဆေးဟာ နေရောင်ခြည်နဲ့ ထိတွေ့ရင် အရောင်ကြည်မနေတော့ဘဲ နောက်သွားတာ၊ အရောင်ပြောင်းသွားတာ၊ အမှုန်တွေဖြစ်ပြီး ပုလင်းမှာ ကပ်နေတာမျိုး ဖြစ်တတ်ပြီး အဲဒီလို ဖြစ်နေရင် ဆေးကို မထိုးသင့်တော့ပါဘူး။ ဒါကြောင့် အင်ဆူလင်ကို ရေခဲသေတ္တာထဲမှာ ဂရုတစိုက် သိမ်းဆည်းဖို့ကလည်း အရေးကြီးတဲ့ အရာပါ။
နွေရာသီမှာ ချွေးထွက်များလို့ ခန္ဓာကိုယ်ကရေဓာတ်ဆုံးရှုံးမှု ပမာဏ ပိုများပါတယ်။ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးဖို့ ဆီးချိုရောဂါရှင်တွေမှာ ပိုပြီး အရေးကြီးပါတယ်။
အပူချိန်များပြီး ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်မဖြည့်ရင် ခေါင်းကိုက်တာ၊ မောပန်းနွမ်းနယ်တာ၊ ပျို့ချင်အန်ချင်တာ၊ ကြွက်တက်တာ၊ ကယောင်ကတမ်းဖြစ်ပြီး တက်တာ၊ သတိလစ်တာနဲ့ အသက်ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်တဲ့ အပူသင်တုန်းဖြတ်ခြင်း အန္တရာယ်အပြင် Diabetic ketoacidosis (DKA) လို့ခေါ်တဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်ပြီး ခန္ဓာကိုယ်မှာ Ketones လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ စုပုံလာကာ ချက်ချင်းကုသမှု မခံယူရင် အသက်ဆုံးရှုံးနိုင်တဲ့ အရေးပေါ် အခြေအနေလည်း ဖြစ်လာနိုင်ပါတယ်။
ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပါ ထိခိုက်ထားတဲ့ လူနာတွေကတော့ နေ့စဥ် သောက်သင့်တဲ့ ရေပမာဏကို ဆရာဝန်နဲ့ သေချာဆွေးနွေးသင့်ပြီး ရေဓာတ်မဆုံးရှုံးရအောင် ခန္ဓာကိုယ်ကို တတ်နိုင်သမျှ အပူဒဏ်မခံရအောင် ကြိုးစားသင့်ပါတယ်။
- နေပူထဲသွားတဲ့အခါ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ထမီဝတ်ဆင်ပါ။ ချွေးစုပ်တဲ့ ပေါ့ပေါ့ပါးပါး ချည်ထည်များကိုသာ ရွေးချယ်ပါ။ နေရောင်ကာခရင်မ် မပျက်မကွက် လိမ်းပါ။
- အရိပ်ရတဲ့ နေရာများတွင် တတ်နိုင်သမျှ နေပါ။
- ခြေလက်တွေ ထုံကျဥ်နေတတ်ရင် ခြေထောက်ကိုပါ နေရောင်ကာခရက်မ် လိမ်းတာ၊ ခြေချောင်းလေးတွေကို ဖုံးတဲ့ ထိပ်ပိတ်ဖိနပ်စီးတာ၊ ခြေထောက်မှာ အနာရှိမရှိ ဂရုတစိုက် ကြည့်တာမျိုး လုပ်ရပါမယ်။
အခုပြောခဲ့တဲ့ အချက်တွေကို ဂရုစိုက်ရင် ဆီးချိုရောဂါ ရှိပေမယ့်လည်း နွေကာလရဲ့ အပူဒဏ်ကို ကောင်းစွာ ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်