Dementia လို့ လူသိများတဲ့ သတိမေ့တတ်ခြင်းအကြောင်း
အသက်ကြီးလာချိန်မှာ ထစ်ခနဲရှိမေ့၊ တစ်ခုခုဆို သတိမရ ဖြစ်တတ်တာမျိုးက ကြုံလေ့ကြုံထရှိတဲ့ ပြဿနာတစ်မျိုးပါ။ ဒီလိုမျိုး သတိမေ့ခြင်းရဲ့ နောက်ကွယ်အကြောင်းတရားတွေကို ဖော်ပြရရင် အများကြီးပါပဲ။ ဖြစ်နိုင်ခြေအများဆုံးသော အကြောင်းအရင်းတွေကတော့
- ဦးနှောက်သွေးကြောများ ယောင်ယမ်းခြင်း၊
- သွေးခဲပိတ်ခြင်း၊
- ဦးနှောက်ကျောရိုးမကြီးအတွင်းရှိ အရည်ကြည်များ စီးဆင်းမှု ပိတ်ဆို့ခြင်း၊
- ဦးနှောက်မှာ အကြိတ်တည်ခြင်း၊
- ဦးနှောက်မှာ ထိခိုက်ဒဏ်ရာရပြီး သွေးယိုစိမ့်ခြင်း၊
- ဗီတာမင် B1 နဲ့ B12 ဓာတ်များ ချို့တဲ့ခြင်း၊
- ကာလသားရောဂါပိုးနဲ့ HIV ဗိုင်းရစ်ပိုးများ ဦးနှောက်အတွင်းသို့ ဝင်ရောက်ပျက်စီးစေခြင်း၊
- အိုမင်းရင်းရောက်ချိန်မှာ ဦးနှောက်စွမ်းရည်ကျဆင်းတဲ့ Alzheimer ရောဂါရှိနေခြင်း စတာတွေဟာ ဦးနှောက်ရဲ့ အဆင့်မြင့်လုပ်ငန်းတာဝန်တွေကို လျော့ရဲသွားစေပါတယ်။
ဒီအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတဲ့ သတိမေ့တတ်ခြင်းကို Dementia လို့ ခေါ်ဆိုကြတာပါ။ အသက် ၃၀ ကျော်လာတဲ့အခါ လူ့ဦးနှောက်က တဖြည်းဖြည်းချင်း ကျုံ့လာပါတယ်။ ဒီ ကျုံ့လာတဲ့ ရလဒ်အနေနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေက နှေးလာကာ မေ့တတ်လာပါတယ်။ ကိစ္စတော်တော်များများကို မှတ်လိုက်တယ်ဆိုပေမယ့် ပြန်သတိရဖို့ အတော်လေး အချိန်ယူ စဉ်းစားရပါတယ်။
ဒါကြောင့် Dementia လို့ခေါ်တဲ့ မေ့တတ်တဲ့ဝေဒနာကို အသက် ၆၀ ဝန်းကျင်ကနေစပြီး လူအများစု ကြုံတွေ့ရလေ့ရှိပါတယ်။ Dementia ဖြစ်တဲ့အခါ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းသွားပြီး နေ့စဉ်ဘဝမှာ ထိခိုက်တာတွေ ရှိလာပါတယ်။ အစပိုင်းမှာ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေကိုပဲ ကြုံရတတ်တယ်ဆိုပေမယ့် နောက်ပိုင်းမှာ ဘာသာစကားစွမ်းရည်၊ အမြင်အာရုံ၊ စီမံခန့်ခွဲနိုင်စွမ်းတွေပါ ကျလာမှာပါ။
အသက် ၆၀ နဲ့အထက် လူကြီးပိုင်းတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က Dementia ရောဂါကို ခံစားနေကြရတယ်ဆိုပေမယ့် အမျိုးအစားတွေတော့ တူညီခြင်းမရှိကြပါဘူး။ Dementia က ၃ မျိုးရှိပါတယ်။ ဒါတွေကတော့
- Vascular Dementia – လေဖြတ်မှုကို အကြိမ်ကြိမ် ခံစားရတာကြောင့် ဦးနှောက်ဆီကို အောက်ဆီဂျင် ရောက်ရှိမှုနည်းတာကြောင့် ဖြစ်ရတဲ့ Dementia အမျိုးအစားပါ။
- Lewy Body Dementia– ဦးနှောက်ထဲမှာ ပုံမှန် မဟုတ်တဲ့ ပရိုတင်းတွေ ဖြစ်ပေါ်တာကြောင့် ဖြစ်ရတဲ့ Dementia အမျိုးအစားပါ။
- Frontotemporal Dementia – ကိုယ်ရည်ကိုယ်သွေးနဲ့ အပြုအမူပိုင်းဆိုင်ရာအတွက် လုပ်ဆောင်ပေးနေတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ထိခိုက်တာကြောင့် ဖြစ်ရတဲ့ Dementiaအမျိုးအစားပါ။
ရောဂါလက္ခဏာရပ်တွေကတော့…
- မှတ်ဉာဏ်မေ့လျော့မှု သည် နေ့စဥ်ပုံမှန်လုပ်နေကျ ဖြစ်စဥ်တွေကို အနှောင့်အယှက်ပေးလာခြင်း
- အသုံးအဆောင် ပစ္စည်းများရဲ့ အမည်နာမကို မေ့ပြီး မခေါ်တတ်တော့ခြင်း
- ပစ္စည်းများ နေရာအထားမှားခြင်း၊ ထားခဲ့သည့်နေရာ မမှတ်မိတော့ခြင်း
- အကွာအဝေး၊ အတိုင်းအတာ၊ အရောင် စသည်တို့ကို မှန်းဆဖို့ အခက်တွေ့လာခြင်း
- အချိန်၊ နေရာ၊ အိမ်ပြန်ရာ လမ်းကြောင်းနဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးကာ မသိတော့ခြင်း
- ဆင်ခြင်ဆုံးဖြတ်နိုင်မှု၊ ပြဿနာဖြေရှင်းမှု၊ စီမံနိုင်မှု စွမ်းရည်မရှိတော့ခြင်း
- စိတ်ခံစားချက်အပြောင်းအလဲများခြင်း
- ပတ်ဝန်းကျင်နဲ့ ဆက်ဆံမှု ကင်းကွာလာခြင်း
- ပြောဆိုနေသော အကြောင်းအရာကို အာရုံမစိုက်နိုင်တော့ဘဲ နားမလည်ခြင်း… တို့ဖြစ်ပါတယ်။
အထက်ပါလက္ခဏာများ ခံစားရပါက မိမိရဲ့သတိမေ့ခြင်းရဲ့ နောက်ကွယ်အကြောင်းအရင်းကို အချိန်မီ သိရှိပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ကျွမ်းကျင်သော ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ သမားတော်များ၊ ခွဲစိတ်အထူးကုများ၊ စိတ်ရောဂါအထူးကု ဆရာဝန်များနှင့် အမြန်ဆုံးဆွေးနွေးတိုင်ပင်ဖို့ တိုက်တွန်းပါရစေ။
Dr. May Myat Tun