ကင်ဆာနဲ့ ဆီးချိုကို ကာကွယ်ဖို့ ဒန့်သလွန်သီးလေး စားကြစို့
ငါးချဉ်ရည် သီးစုံချဉ်ရည်ဟင်းတွေ စားတဲ့အခါ ဒန့်သလွန်သီးကိုမှ ရွေးစားတတ်တယ်ဆိုရင် ကျန်းမာရေး အာနိသင်ကို သိထားတာ မှားမယ် မထင်ပါဘူး။ ဒီတော့ ဒန့်သလွန်သီးရဲ့ အာနိသင်ကောင်းကျိုးတွေကို ကိုယ်တိုင် လေ့လာလိုက်တော့နော်။
ဒန့်သလွန်ပင်က မြန်မာမှာတင် ပေါက်ရောက်တာမဟုတ်ဘဲ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့မှာ ပေါက်ရောက်ကြပါတယ်။ အရွက်ကို စားလို့ ရသလို အသီးကိုလည်း စားလို့ ရပါတင်္ယ။ အပူပိုင်းဒေသမှာ ပေါက်ရောက်ရှင်သန်တဲ့ အပင်တစ်မျိုးပါ။ တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်ပါတယ်။ အတောင့်ရှည်ပြီး အခွမှာ အစင်းကြောင်းတွေခပ်ယေးယေးပါပါတယ်။ အစိမ်းရောင် အပြင်ခွံထဲမှာ အဖြူရောင် အသားနဲ့ အတွင်းထဲမှာ အစိမ်းနုနု အစေ့လေးတွေ ပါဝင်နေပါတယ်။ နုရင်ချိုပြီး ရင့်ရင်တော့ ခါးသက်သက် အရသာပါ။
စားလို့ကောင်းတဲ့ ဒန့်သလွန်သီးမှာ ဗီတာမင် အေ၊ ဘီအုပ်စု၊ စီ၊ ပရိုတင်း၊ သံဓာတ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်ပါတယ်။
ဒန့်သလွန်သီး နဲ့ ကျန်းမာရေး
ချဉ်ဟင်းချက်လို့ ရသလို မီးကင်ပြီး ဟင်းခါးလည်း ချက်သောက်လို့ ရတဲ့ ဒန့်သလွန်သီးကပေးစွမ်းနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေက အတော်လေး များပါတယ်။
- ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးတယ်
ဒန့်သလွန်သီးမှာ အင်ဒီအောက်ဆီးဒင့်တွေနဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း အူမကြီးကင်ဆာ အပါအဝင် ကင်ဆာအမျိုးအစား အချို့ကို ကာကွယ်ပေးနိုင်ပါတယ်။
- ဦးနှောက်ကျန်းမာစေတယ်
ဒန့်သလွန်သီးစားပေးတာက ဦးနှောက်ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဦးနှောက်စွမ်းဆောင်ရည် ကောင်းချင်တယ် ဆိုရင် ဒန့်သလွန်သီး စားပေးပါ။
- ဝိတ်ကျစေနိုင်တယ်
ကိုယ်အလေးချိန် ထိန်းချင်သူတွေ ဝိတ်ချချင်သူတွေ သောက်ပေးလို့ ရပါတယ်။ အစားစားချင်စိတ်ကို လျှော့ချပေးနိုင်ပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
- နှလုံး ကျန်းမာစေတယ်
သွေးတွင်းအဆီ ကျစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးကြွက်သားတွေ သန်မာစေနိုင်ပါတယ်။ နှလုံးရဲ့ လုပ်ဆောင်မှု ကောင်းစေနိုင်ပါတယ်။
- သန်ကျစေနိုင်တယ်
အစာခြေစနစ်ထဲက သန်တွေကို သန်ချဆေး မသောက်ဘဲ ဖယ်ရှားချင်တယ်ဆိုရင် ဒန့်သလွန်သီး စားပေးလို့ ရပါတယ်။
- စိတ်ခံစားမှု ကောင်းစေနိုင်တယ်
ဒန့်သလွန်သီး စားပေးတာက စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ စိတ်ကျန်းမာချင်ရင် ဒန့်သလွန်သီး စားပေးပါ။
- အနာကျက်စေနိုင်တယ်
ဒန့်သလွန်သီးက အနာကျက်စေနိုင်သလို အနာကြောင့် အမာရွတ်တွေ မကျန်စေဖို့လည်း အထောက်အကူ ပြုပေးနိုင်ပါတယ်။
- ဆီးချိုရှိသူတွေ စားပေးသင့်တယ်
သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေသလို အမျှင်ဓာတ်ပါဝင်တာကလည်း ရုတ်တရက် သွေးချိုမြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးတာကြောင့် ဆီးချိုထိန်းညှိရာမှာလည်း တော်တော်လေး အထောက်အကူ ပြုပေးနိုင်ပါတယ်။
- ကိုယ်ခံအားကောင်းစေတယ်
ဒန့်သလွန်သီးက သွေးဖြူဥဆဲလ်တွေကို တိုးစေနိုင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။
- သွေးတိုးကျစေတယ်
ဒန့်သလွန်ရွက်ကတင် သွေးတိုးကျစေတာ မဟုတ်ပါဘူး။ ဒန့်သလွန်သီး စားပေးတာကလည်း သွေးတိုးကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
မွန်မွန်