အူထဲက အသားပိုများ
အရေပြားပေါ်မှာ၊ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာလိုပဲ အူထဲမှာလည်း အသားပိုတွေ ရှိနေနိုင်ပါတယ်။ အသားပိုတွေဟာ အူမကြီးနဲ့ အစာဟောင်းအိမ်ရဲ့ အတွင်းနံရံတွေမှာ ဖြစ်လေ့ရှိပြီး အသက် ၅၀ နဲ့အထက် လူလေးယောက်မှာ တစ်ယောက်နှုန်း ဖြစ်တတ်တဲ့အတွက် အဖြစ်များတယ်လို့ ဆိုနိုင်ပါတယ်။
အသားပိုတွေဟာ တစ်လုံးသာ ဖြစ်တတ်သလို တစ်လုံးထက်ပိုပြီးလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။
အူထဲက အသားပိုတွေဟာ ကင်ဆာလား?
မဟုတ်ပါဘူး။ အူထဲက အသားပိုတွေဟာ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအလုံးတွေသာ ဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေက ဘာလဲ?
အူထဲမှာ အသားပိုရှိနေပေမယ့် ဘာရောဂါလက္ခဏာမှ မခံစားရဘဲ ကင်ဆာအတွက် ပုံမှန်ဆေးစစ်ရာက သိတာမျိုးလည်း ရှိပါတယ်။
အသားပိုလုံးက ကြီးရင်တော့…
- ဝမ်းသွားရင် အချွဲ သို့မဟုတ် သွေးပါတာ
- ဗိုက်အောင့်တာ
- ဝမ်းချုပ်တတ်တာ သို့မဟုတ် မကြာခဏ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
အသားပိုကနေ ကင်ဆာဖြစ်တာရှားပေမယ့် Adenomas လို့ခေါ်တဲ့ အသားပို အမျိုးအစားကို မဖယ်ရှားရင် ကြာလာတဲ့အခါ ကင်ဆာအဖြစ် ပြောင်းသွားနိုင်ပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်းကို အတိအကျ မပြောနိုင်ပေမယ့် အူနံရံက ဆဲလ်တွေပွားများလို့ ဖြစ်တယ်လို့ ယူဆကြပါတယ်။
- မိသားစုထဲမှာ အူအသားပို သို့မဟုတ် အူကင်ဆာ ဖြစ်တဲ့ရာဇဝင်ရှိသူ
- အူရောင်ရောဂါနဲ့ Crohn's Disease ရှိသူတွေ
- အဝလွန်သူတွေနဲ့
- ဆေးလိပ်သောက်သူတွေမှာ ပိုအဖြစ်များပါတယ်။
ဘယ်လိုကုသမလဲ?
ရောဂါလက္ခဏာပြတာမဟုတ်ရင် ကုသမှု မလိုအပ်ဘဲ စောင့်ကြည့်လို့ ရပါတယ်။
အကယ်၍ အသားပို အရွယ်အစားက အရမ်းကြီးနေတဲ့အခါ သို့မဟုတ် အသားပိုတွေ အများကြီး ဖြစ်နေတဲ့အခါ သို့မဟုတ် ရောဂါလက္ခဏာတွေ မသက်သာတဲ့အခါ colonoscopy လို့ ခေါ်တဲ့ စအိုကနေ မှန်ပြောင်းထည့်ပြီးဖြစ်ဖြစ်၊ ခွဲစိတ်ပြီးဖြစ်ဖြစ် အသားပိုကို ဖယ်ရှားလို့ရပါတယ်။ ဖယ်ရှားပြီးရင်တော့ ကင်ဆာဟုတ်မဟုတ် သေချာအောင် အသားစကို ဓာတ်ခွဲခန်းကို ပို့ပြီး စစ်ဆေးသင့်ပါတယ်။
ဖယ်ရှားပြီးတဲ့အခါ ပြန်ဖြစ်နိုင်ခြေရှိလို့ နှစ်စဥ် သို့မဟုတ် ၃နှစ်တစ်ကြိမ်လောက် ပုံမှန် ဆေးစစ်သင့်ပါတယ်။
အူထဲက အသားပိုတွေက ဖြစ်နှုန်းများပေမယ့်လည်း ရောဂါလက္ခဏာမပြရင် ရှိမှန်းတောင် မသိရတာများပါတယ်။ ကင်ဆာဖြစ်နိုင်ခြေလည်း နည်းတာမို့ ရောဂါလက္ခဏာမပြရင် ယေဘုယျအားဖြင့်တော့ စိုးရိမ်စရာမလိုတဲ့ အသားပိုတွေပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်