မျက်ကွင်းညိုခြင်း ကင်းစေဖို့
ပန်ဒါမျက်လုံးပိုင်ရှင်လေးတွေမို့ စိတ်ညစ်နေရပြီလား?
မနက်အိပ်ယာထတဲ့အခါ မျက်လုံးအောက်ဘက်မှာ ညိုမည်းနေတဲ့ အကွင်းကြီးတွေ ပေါ်နေရင် စိတ်တွေ ညစ်သွားကြတယ် မဟုတ်လား။ ရိုက်နှက်နှိပ်စက်ခံထားရတယ်လို့ အထင်မခံရရင်တောင် အလှပျက်တာကတော့ အသေအချာပါပဲ။
ဒီလို မျက်ကွင်းညိုတာဟာ…
- အိပ်ရေးမဝတာ
- လွန်အမင်းမောပန်းနွမ်းနယ်နေတာ
- စိတ်ဖိစီးမှုများတာ
- အာဟာရဓာတ်မပြည့်ဝတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
ဒါတွေအပြင်…
- ဆေးလိပ်သောက်တာ၊ နေရောင်ခြည်ထိတွေ့တာတွေကြောင့် ရောင်ခြယ်ပစ္စည်းများနေတာ
- ရာသီအကူးအပြောင်းမှာ ဓာတ်မတည့်တာ၊ နှာခေါင်းပိတ်တာကြောင့် အောက်မျက်ခမ်းတဝိုက်မှာ သွေးလှည့်ပတ်မှုနည်းပြီး သွေးကြောတွေ ဖောင်းလာတာ
- အသက်ကြီးလာတဲ့အခါ မျက်လုံးအောက်ဖက်မှာ အဆီနဲ့ ကော်လဂျင်တွေ လျော့နည်းလာတာတွေကြောင့်လည်း မျက်ကွင်းညိုနိုင်ပါတယ်။
မျက်ကွင်းမညိုအောင် ဘာလုပ်ရမလဲ?
(1) အစားအစာကို ဂရုပြုပါ
စားတဲ့အစားအစာတွေထဲမှာ အာဟာရပြည့်ဝဖို့ လိုအပ်ပါတယ်။ ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေ၊ ကျန်းမာရေးနဲ့ညီတဲ့ ဆီတွေ စားရပါမယ်။ Antioxidants ကြွယ်ဝတဲ့ ခရမ်းချဥ်သီး၊ ဘယ်ရီသီးတွေ၊ ဖရဲသီး၊ လိမ္မော်သီး၊ သကြားမုန်လာ စတာတွေ များများစားပါ။ ညဘက်ကော်ဖီသောက်တာမျိုး မလုပ်တာကောင်းသလို ကော်ဖီသောက်တဲ့ အကြိမ်ရေကို လျှော့ချနိုင်ရင်လည်း ပိုကောင်းပါတယ်။
(2) အိပ်ရေးဝအောင် အိပ်ပါ
အိပ်ရေးမဝတဲ့အခါ မျက်ကွင်းညိုတာကို ပိုဆိုးစေတာမို့ တစ်နေ့ကို ၇ နာရီကနေ ၉ နာရီကြား အိပ်နိုင်ဖို့ ကြိုးစားပါ။ ဖုန်းနဲ့ Tablets တွေမှာ Night mode ထားခြင်းက Blue Rays ထွက်တာနည်းစေပြီး အိပ်ပျော်စေဖို့ အထောက်အကူပြုမှာပါ။
(3) Suncream လိမ်းပါ
Suncream မလိမ်းဘဲ နေရောင်ခြည်နဲ့ ထိတွေ့တာတွေကြောင့် မျက်ကွင်းညိုတာအပြင် အမဲစက်၊ မှဲ့ခြောက်တွေလည်း ဖြစ်စေပါတယ်။ ဒါကြောင့် နေပူထဲသွားသွား၊ အိမ်မှာပဲနေနေ မနက်တိုင်း Suncream လိမ်းဖို့ မမေ့ပါနဲ့။
(4) ကျန်းမာရေးကို အလေးထားပါ
ကိုယ်တိုင်ဆေးလိပ်သောက်တာ၊ သူတပါးရဲ့ ဆေးလိပ်ငွေ့တွေ ရှူနေတာ၊ အဝလွန်တာ၊ သွေးထဲမှာ ကိုလက်စထရောများနေတာတွေက မျက်ကွင်းညို၊ မျက်အိတ်ဖောင်းစေတဲ့ အကြောင်းတွေမို့ ဆေးလိပ်ဖြတ်တာ၊ ဝိတ်ချတာ၊ အဆီအစိမ့်ရှောင်တာတွေ လုပ်သင့်ပါတယ်။
(5) ရေခဲကပ်ပါ
ရေခဲတုံးလေးတွေ ကပ်တဲ့အခါ ဖောင်းနေကျယ်နေတဲ့ သွေးကြောလေးတွေက ကျုံ့သွားတဲ့အတွက် မျက်အိတ်ဖောင်းတာ၊ မျက်ကွင်းညိုတာ သက်သာစေမှာပါ။
(6) Skincare ရွေးချယ်ပါ
Skincare နဲ့ Eyecream ရွေးချယ်တဲ့အခါ Vitamin C၊ Hyaluronic Acid၊ ကော်လဂျင် စတဲ့ပါဝင်ပစ္စည်းတွေကို ဂရုပြုရွေးချယ်ပါ။
(7) ဖုံးအုပ်ပါ
မျက်ကွင်းညိုနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလို ခံစားနေရရင် အပြင်သွားတဲ့အခါ မိတ်ကပ် သို့မဟုတ် concealer နဲ့ ယာယီဖုံးအုပ်ထားလို့ ရပါတယ်။
(8) Screen Time လျှော့ပါ
Screen time များတဲ့အခါ မျက်လုံးက အားစိုက်ရတာကြောင့် မျက်လုံးတဝိုက်က သွေးကြောတွေ ဖောင်းလာတတ်ပါတယ်။ ဒါကြောင့် Screen Time လျှော့တာက မျက်ကွင်းညိုခြင်း သက်သာစေတဲ့ အကြောင်းတစ်ခုပါပဲ။
ကုသမှုတွေအနေနဲ့…
- Chemical peel လို့ခေါ်တဲ့ ဓာတုချွတ်ဆေးသုံးတာ
- လေဆာပစ်တာ
- Filler ထိုးတာ
- Microneedling လို့ခေါ်တဲ့ အပ်သေးသေးလေးတွေနဲ့ထိုးပြီး အရေပြားကို ပြုပြင်ပေးတာတွေကို မျက်ကွင်းညိုခြင်း ကုသဖို့ သုံးတတ်ကြပါတယ်။
အခုဆိုရင် ပန်ဒါမျက်လုံးလေးတွေ ပုံမှန်ပြန်ဖြစ်ဖို့ အဆင်ပြေမယ် ထင်ပါတယ်။ ဟက်ပီးလေးတို့ တောက်ပတဲ့မျက်ဝန်းလေးတွေနဲ့ လှပနိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်