စိတ်ငြိမ်ဆေးတွေရဲ့ အာနိသင်နဲ့ သိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုးများ
စိတ်ရောဂါတွေကို ကုသတဲ့နည်းလမ်းအမျိုးမျိုးမှာ သောက်ဆေးပေးခြင်းက အသုံးများတဲ့ ကုသခြင်း၊ ထိန်းချုပ်ခြင်းနည်းလမ်းတွေထဲက တစ်ခုပါ။ ဒီလိုစိတ်ငြိမ်ဆေး ဒါမှမဟုတ် စိတ်ရောဂါထိန်းချုပ်ဆေးတွေကို အဓိကအားဖြင့် အုပ်စု (၅) စု ခွဲနိုင်ပြီး၊ ဆေးတိုင်းမှာ သူ့ရဲ့ ကိုယ်စီ အာနိသင်၊ အကျိုးကျေးဇူးနဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဒါကြောင့်လည်း ဒီဆေးတွေကို ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိဘဲ သောက်သုံးလို့၊ အလွယ်တကူ ဝယ်ယူလို့ မရနိုင်ပါဘူး။
ဒီဆေးတွေဟာ ဘယ်လိုအလုပ်လုပ်သလဲ။
စိတ်ကျန်းမာရေးပြဿနာကို ဖြစ်စေတဲ့၊ ဆိုးရွားစေတဲ့ ဦးနှောက်ထဲက Neurotransmitters လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေရဲ့ အရေအတွက်ကို ထိန်းညှိပေးတဲ့တာဝန်ကို အဓိကလုပ်ဆောင်ပေးပါတယ်။ Neurotransmitters တွေဟာ နည်းလွန်းရင်လည်း မကောင်းသလို၊ များလွန်းရင်လည်း ပြဿနာဖြစ်နိုင်တဲ့အတွက် ဒီမျှခြေပျက်ယွင်းတာနဲ့အမျှ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီနေရာမှာ တစ်ခုသတိထားဖို့ လိုတာကတော့ စိတ်ငြိမ်ဆေးတွေဟာ စိတ်ရောဂါကို ကုသပေးတာမဟုတ်ဘဲ သူ့ရဲ့လက္ခဏာတွေကို ကုသပေးတာ၊ စိတ်ပိုင်းဆိုင်ရာကို တည်ငြိမ်ပေးဖို့အတွက် ထိန်းချုပ်ပေးတာဖြစ်ပြီး၊ အဓိက စိတ်ကုထုံးနဲ့ တွဲဖက်ပြီး ကုသမှုခံယူမှပဲ ပျောက်ကင်းနိုင်ခြေ ပိုများတာပါ။ စိတ်ငြိမ်ဆေး (၅) မျိုးအနေနဲ့
- Antidepressants - စိတ်ကျရောဂါကုသဆေး
- Anti-anxiety medications - စိုးရိမ်ပူပန်လွန်ကဲမှုကို ဆန့်ကျင်တဲ့ ဆေး
- Stimulants - စိတ်ငြိမ်ဆေး
- Antipsychotics - စိတ်ကယောင်ခြောက်ခြားဖြစ်မှုကို ထိန်းချုပ်တဲ့ ဆေး
- Mood Stabilizers - အစွန်းရောက်စိတ်ခံစားချက်များကို ထိန်းချုပ်တဲ့ ဆေး ဆိုပြီး ခွဲခြားနိုင်ပါတယ်။
၁။ Antidepressants - စိတ်ကျရောဂါ ကုသဆေး
စိတ်ကျရောဂါ၊ စိတ်ဓာတ်ကျလက္ခဏာတွေကို ကုသတဲ့နေရာမှာ အသုံးပြုတဲ့ဆေးဝါးဖြစ်ပါတယ်။ ဒီဆေးအုပ်စုထဲမှာတော့ SSRIs, SNRIs, Bupropion ဆေးတွေကို အများဆုံး ညွှန်ကြားလေ့ရှိပါတယ်။ အာနိသင်အနေနဲ့ ဦးနှောက်ထဲ ပျော်ရွှင်ခြင်းဟော်မုန်းထုတ်လုပ်မှု မြှင့်တင်ပေးခြင်း၊ စိတ်အာရုံနိုးကြားတက်ကြွစေခြင်း၊ ဦးနှောက်ရဲ့ တွေးခေါ်မှုစွမ်းရည်ကို မြှင့်တင်ပေးခြင်း စတဲ့ အာနိသင်တွေကို ပေးစွမ်းပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ နေ့ခင်းမှာ အိပ်ချင်မူးတူးဖြစ်တာ၊ ညဘက်မှာ အိပ်မပျော်တာ၊ ဝမ်းချုပ်တာ၊ ဝိတ်တက်တာ၊ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ခံတွင်းခြောက်တာတွေ ဖြစ်နိုင်ပါတယ်။
၂။ Anti-anxiety medications - စိုးရိမ်ပူပန်လွန်ကဲမှုကို ဆန့်ကျင်တဲ့ ဆေး
စိုးရိမ်ပူပန်လွန်ကဲပြီး နောက်ဆက်တွဲဖြစ်လာတဲ့ Panic Attacks လို့ခေါ်တဲ့ ရုတ်တရက်အကြောက်လွန်၊ အသိစိတ်ပျောက်ပြီး လုပ်မိလုပ်ရာ လုပ်တတ်တာ၊ အကြောက်လွန်ရောဂါ (Phobia) နဲ့ တခြားလက္ခဏာတွေကို ကုသပေးပါတယ်။ ဒီဆေးမှာ စိုးရိမ်စိတ်ကနေ ဖြစ်လာတဲ့ လက္ခဏာတွေကို ထိန်းချုပ်ပေးတဲ့ Beta-blockers တွေ ပါဝင်ပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့ မူးဝေအော့အန်တာ၊ အမြင်အာရုံဝေဝါးတာ၊ ခေါင်းကိုက်တာ၊ မောပန်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒီဆေးကိုတော့ ယာယီသုံးစွဲဖို့အတွက်သာ ညွှန်းပေးပြီး ဆေးအပေါ် အလွန်အကျွံစွဲလမ်းတာတွေ မဖြစ်ဖို့တော့ ဆရာဝန်ရော လူနာကပါ ဂရုစိုက်ပေးရပါတယ်။
၃။ Stimulants - စိတ်ငြိမ်ဆေး
အစီအစဉ်မရှိဘဲ ဗျာများနေတဲ့ အတွေးတွေကြောင့် ဖြစ်လာတဲ့ အပြုအမူတွေကို ထိန်းချုပ်ဖို့အတွက် ဆေးဖြစ်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်ပေးပြီး စိတ်ကိုငြိမ်စေတဲ့အတွက် ADHD လို စိတ်တက်ကျလွန်ပြဿနာရှိသူတွေအတွက် အဆင်ပြေပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ညအိပ်မပျော်တာ၊ အစာစားချင်စိတ်နည်းတာ၊ ဝိတ်ကျတာတွေ ဖြစ်နိုင်ပါတယ်။
၄။ Antipsychotics - စိတ်ကယောင်ခြောက်ခြားဖြစ်မှုကို ထိန်းချုပ်တဲ့ ဆေး
Psychosis လို့ခေါ်တဲ့ လက်တွေ့ဘဝနဲ့ အတွေးတွေ သက်ဆိုင်မှုမရှိဘဲ ကယောင်ခြောက်ခြားဖြစ်တာ၊ စိတ်ထင်ယောင်ထင်မှား ဖြစ်တာ၊ မမြင်ရတဲ့အရာတွေကို မြင်နေရတယ်လို့ ထင်နေတဲ့ ခံစားချက်တွေကို ထိန်းချုပ်ပေးပါတယ်။ သူ့ရဲ့အာနိသင်ကတော့ ထွေပြားနေတဲ့အတွေးတွေ နည်းသွားစေပြီး လက်တွေ့ဖြစ်ရပ်တွေကို ကောင်းစွာ မြင်နိုင်စေတယ်၊ စိတ်ကို တည်ငြိမ်စေပြီး စကားပြောဆိုဆက်ဆံရာမှာလည်း ပိုပြီးအဆင်ပြေလာစေပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ နေ့ခင်းပိုင်းတွေမှာ အိပ်ချင်တာ၊ ဗိုက်မအီမသာဖြစ်တာ၊ အစားပိုစားချင်လာတာ၊ ကိုယ်အလေးချိန်တက်တာတွေ ဖြစ်နိုင်ပါတယ်။
၅။ Mood Stabilizers - အစွန်းရောက်စိတ်ခံစားချက်များကို ထိန်းချုပ်တဲ့ ဆေး ဆိုပြီး ခွဲခြားနိုင်ပါတယ်။
Bipolar Disorder လိုမျိုး အစွန်းရောက် စိတ်တက်ကြွခြင်း၊ စိတ်ဓာတ်ကျခြင်းလို ရောဂါတွေကို ကုသတဲ့နေရာမှာ အဓိကသုံးပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဗိုက်မအီမသာဖြစ်တာ၊ ကိုယ်အလေးချိန်တက်တာ၊ အမြင်အာရုံ မှုန်လာတာ၊ စိတ်ရှုပ်ထွေးတာတွေ ဖြစ်နိုင်ပါတယ်။
ဒီဆေးတွေအားလုံးဟာ စိတ်ရောဂါကုဆရာဝန်နဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေရဲ့ ညွှန်ကြားချက်မပါဘဲ သောက်သုံးလို့မရသလို သူ့ရဲ့ဆေးညွှန်းအတိုင်း အတိအကျသောက်ဖို့လည်း လိုပါတယ်။
ရဲမျိုးမြတ်