တရားထိုင်ခြင်းနဲ့ နှလုံးကျန်းမာရေး
Meditation လို့ခေါ်တဲ့ တရားထိုင်ခြင်းဟာ ဒီနှစ်ပိုင်းတွေအတွင်း ကမ္ဘာပေါ်မှာ ပိုမိုခေတ်စားလာပါတယ်။ စိတ်ဖိစီးမှုတွေ ပိုပိုများလာတဲ့ အချိန်ကာလတွေမို့ စိတ်သက်သာရာရမလားလို့ တရားထိုင်တဲ့သူတွေ များလာပါတယ်။ တကယ်တော့ တရားထိုင်တယ်ဆိုတာ mildfulness လို့ခေါ်တဲ့ မိမိစိတ်နဲ့ ခန္ဓာကိုယ်ကို သတိနဲ့စောင့်ကြည့်ခြင်းတစ်မျိုးသာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေသာမက ဘယ်ဘာသာဝင်မဆို လုပ်လို့ရတဲ့ အရာပါ။ တရားထိုင်ဖို့အတွက် ဘာသာကူးပြောင်းစရာလည်း မလိုပါဘူး။
တရားထိုင်တယ်လို့ ပြောပေမယ့် အချိန်ပေးပြီး မထိုင်နိုင်ရင်လည်း စိတ်ညစ်နေဖို့ မလိုပါဘူး။ တရားထိုင်တယ့် ဆိုပေမယ့် တကယ်တော့ တရားမှတ်တာအတွက် နေရာမရွေး၊ အချိန်မရွေး လုပ်လို့ရပါတယ်။ မိမိစိတ်ထဲမှာ ပေါ်လာသမျှ လောဘ၊ ဒေါသ၊ မာန်မာနစတဲ့ မကောင်းတဲ့စိတ်တွေ၊ လှူဒါန်းပေးကမ်းစွန့်ကြဲချင်တာ စတဲ့ ကောင်းတဲ့စိတ်တွေ၊ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြစ်ပျက်နေသမျှတွေကို အာရုံမပျံလွင့်စေဘဲ သိနေတာ၊ စိတ်က အတိတ်တွေ၊ အနာဂတ်တွေကို မတွေးဘဲ ပစ္စုပ္ပန်တည့်တည့်မှာ နေတာကို တရားထိုင်တယ်လို့ ခေါ်တာပါ။
တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေရလို့ လိုက်လုပ်တဲ့သူတွေ တဖြည်းဖြည်းများလာပါပြီ။ တရားထိုင်တဲ့အခါ နှလုံးကရော ဘယ်လိုကောင်းကျိုးတွေ ရမလဲဆိုတာ ပြောပြပေးသွားပါမယ်နော်။
တရားထိုင်တာဟာ စိတ်ဖိစီးမှုကို လျှော့ချတဲ့နည်းတစ်မျိုးပါပဲ။ စိတ်ဖိစီးမှုများလာတဲ့အခါ ပင်ပန်းနွမ်းနယ်နေတာ၊ မစားချင်မသောက်ချင်ဖြစ်တာ၊ လိင်စိတ်ဆန္ဒ မရှိတာ၊ အာရုံစူးစိုက်မှု မရတာ၊ အိပ်မက်ဆိုးတွေမက်ပြီး အိပ်မပျော်တာ၊ အလုပ်မှာ အမှားအယွင်းတွေလုပ်မိတာ၊ လူက ဂနာမငြိမ်တာမျိုးတွေ ခံစားရတတ်ပါတယ်။
စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ထဲမှာ ကော်တီဆောလ် (cortisol) လို့ခေါ်တဲ့ ဟော်မုန်းတွေကို ထွက်စေပြီး နှလုံးအတွက်ဆိုရင် သွေးဖိအားတွေများပြီး သွေးပေါင်တွေ တက်လာတာ၊ သွေးတွင်းသကြားဓာတ်ကို များစေတာတွေ ဖြစ်နိုင်ပါတယ်။ ကြာရှည်လာတဲ့အခါ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါမရှိသူတွေကလည်း ရောဂါဖြစ်လာမှာ ဖြစ်ပြီး ရှိပြီးသားလူတွေကတော့ နှလုံးအမောဖောက်တာ၊ ဦးနှောက်သွေးကြောပြတ်တာ၊ လေဖြတ်တာတွေအထိ ဖြစ်နိုင်ပါတယ်။
Cortisol ရဲ့ တခြားဆိုးကျိုးတွေကတော့ အစာမကြေတာ၊ ကိုယ်ခံအားနည်းစေပြီး ရောဂါပိုးဝင်လွယ်တာ၊ အရိုးပွရောဂါဖြစ်စေတာ၊ ဓာတ်မတည့်မှု ဖြစ်လွယ်တာ၊ အရေးအကြောင်းတွေ ဖြစ်စေပြီး အိုမင်းရင့်ရော်လွယ်တာတွေပဲ ဖြစ်ပါတယ်။
တရားထိုင်တာဟာ သတိနဲ့နေပြီး စိတ်တည်ငြိမ်စေတာ ဖြစ်လို့ စိတ်ဖိစီးစေတဲ့ အတွေးတွေကို လျှော့ချပေးသလို cortisol ဟော်မုန်းတွေ အလွန်အကျွံမထွက်အောင်လည်း တားဆီးပေးနိုင်ပါတယ်။ Cortisol ကြောင့် နှလုံးကို ထိခိုက်ခြင်းမှလည်း ကာကွယ်ပြီးသားဖြစ်လို့ နှလုံးရောဂါရှိသူများ၊ နှလုံးရောဂါမရှိသေးပေမယ့် မျိုးရိုးရှိသူများဟာ တရားထိုင်တဲ့အကျင့်ကို လုပ်သင့်ပါတယ်။
တရားထိုင်တဲ့အခါ အသက်ကို ဖြည်းညင်းစွာ ရှူသွင်းရှူထုတ်လုပ်ရလို့ အဆုတ်ကိုလည်း ကောင်းမွန်စေတာ၊ အတွေးတွေကို ထိန်းချုပ်ပြီးသားဖြစ်လို့ ဘဝကိုပျော်ရွှင်ကျေနပ်စေတာ၊ အသားအရေကြည်လင်တာ၊ ကောင်းစွာအိပ်ပျော်တာ စတဲ့ကောင်းကျိုးတွေလည်း အများကြီး ရှိပါသေးတယ်။
သုတေသနတွေအရ တစ်နေ့ကို ၁၅ မိနစ်ခန့် တရားထိုင်ရင် နှလုံးရောဂါဖြစ်နိုင်ခြေကို ၄၈ ရာခိုင်နှုန်းခန့် လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ နှလုံးနဲ့ ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ပျော်ရွှင်ရေးအတွက် အကျိုးရှိတဲ့ တရားထိုင်ခြင်းကို အချိန်မနှေးဘဲ စပြီးလေ့ကျင့်ကြရအောင်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်