အရက်သောက်တဲ့အသည်း
စိတ်ညစ်လို့ အရက်ကို သောက်တယ်၊ အရက်သောက်တော့ စိတ်ပိုညစ်ရပါလိမ့်မယ်။ ဘာလို့လဲဆိုရင် အရက်ရဲ့နောက်ဆက်တွဲ ပြဿနာတွေကြောင့်ပါ။
စိတ်ညစ်လို့ပဲသောက်သောက်၊ ပျော်လို့ကြိုက်လို့ပဲသောက်သောက် အရက်ဝင်သွားရင် သွေးဆိုးပြီး ဆဲဆိုရန်ဖြစ်တာ၊ မပြောသင့်တာတွေ ပြောမိတာ၊ မလုပ်သင့်တာတွေ လုပ်မိတာ ရှိတတ်ကြတာပါပဲ။
နောက်ရက်ကျ ပြောခဲ့လုပ်ခဲ့သမျှ မမှတ်မိ၊ အရက်နာကျပြီး ခေါင်းကိုက်ခေါင်းမကြည်နဲ့ လူကခံရဆိုးသလို ပြဿနာတွေကလည်း တက်၊ လူမှုဆက်ဆံရေးတွေ အဆင်မပြေ ဖြစ်နိုင်သေးတာနော်။
ဒီလိုတွေ မဖြစ်ဘူး၊ အရက်သောက်လည်း အေးဆေးပဲ ဆိုရင်တောင် အရက်သောက်ထားတဲ့ ခန္ဓာကိုယ်က မအေးဆေးပါဘူး။
အရက်သောက်တဲ့ အကြောင်းကြောင့် ခန္ဓာကိုယ်မှာ အကျိုးများစွာ ဖြစ်လာပါတော့တယ်။ ကောင်းတဲ့အကျိုးတော့ မဟုတ်ပါဘူး။ အထူးသဖြင့် အရက်ကို ချေဖျက်စွန့်ထုတ်ပေးရတဲ့ အသည်းက အရက်ရဲ့ဒဏ်ကို အခံရဆုံးပါ။
ကမ္ဘာပေါ်မှာ အသည်းရောဂါနဲ့ သေတဲ့သူ ၅ယောက်ရှိရင် ၄ ယောက်က အရက်ကြောင့်လို့ ဆိုပါတယ်။
အရက်သောက်တဲ့ အသည်းက ဘာတွေဖြစ်မလဲ?
အသည်းဟာ သွေးထဲကို ရောက်လာတဲ့ အရက်အပါအဝင် ဓာတုပစ္စည်းတွေကို အန္တရာယ်မရှိတဲ့ ဓာတုပစ္စည်းတွေအဖြစ် ချေဖျက်ပေးပြီး သည်းခြေရည်ကတဆင့် မစင်အဖြစ် စွန့်ထုတ်ပါတယ်။ တချို့တွေကိုတော့ သွေးထဲကိုပြန်ပို့ပေးပြီး ကျောက်ကပ်ကတဆင့် ဆီးအဖြစ် စွန့်ထုတ်ပေးပါတယ်။
အရက်အများကြီးသောက်တဲ့အခါ၊ ဒါမှမဟုတ် နှစ်ရှည်လများသောက်တဲ့အခါ အသည်းက ဒဏ်ဖြစ်လာပြီး စွန့်ထုတ်ဖို့ ခက်ခဲလာတာပေါ့။ အဲဒီအခါ အသည်းထဲမှာ အဆိပ်အတောက်တွေ၊ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ စုပုံလာပြီး အသည်းရောဂါတွေ ဖြစ်လာပါတယ်။
- အသည်းထဲမှာ အဆီတွေစုလာပြီး အသည်းအဆီဖုံးတဲ့ ဧရိယာတွေက အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။
- အသည်းအဆီဖုံးတဲ့သူတွေရဲ့ သုံးပုံတစ်ပုံခန့်ဟာ အသည်းရောင်နေလေ့ရှိပြီး တခါတရံ လက္ခဏာမပြတတ်ပါဘူး။
- ပြင်းထန်အသည်းရောင်တာကလည်း အရက်ကြောင့် ဖြစ်လေ့ရှိပြီး အသားဝါတာ၊ ဖျားတာ၊ ဗိုက်အောင့်တာ၊ အစားအသောက်ပျက်တာ၊ သတိလစ်တာအထိ ဖြစ်နိုင်ပါတယ်။ သေဆုံးနှုန်းက ၃၀% ခန့်ရှိပါတယ်။
- အရက်အများကြီး သောက်တဲ့သူ ၅ယောက်မှာ ၁ ယောက်ခန့်က အသည်းခြောက်ရောဂါ ခံစားရနိုင်ပါတယ်။ အသည်းရဲ့ တချို့ ဧရိယာတွေက အမာရွတ်တွေ ဖြစ်လာပြီး အလုပ်မလုပ်နိုင်တော့တဲ့အခါ အသည်းမှာရော၊ ခန္ဓာကိုယ်မှာပါ အဆိပ်အတောက်တွေ ပုံလာပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
အသည်းခြောက်တာကို ကုသလို့မရပေမယ့် အရက်ဖြတ်ခြင်းဖြင့် အသည်းဆဲလ်တွေကနေ အမာရွတ်အသစ်တွေ ထပ်မဖြစ်အောင် ကာကွယ်ပေးမှာပါ။
အရက်ဖြတ်တာအပြင် ဆေးလိပ်ဖြတ်တာ၊ ကိုယ်အလေးချိန်ထိန်းတာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ အာဟာရဖြစ်အောင် စားသောက်တာတွေကလည်း အသည်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်။
ဒါကြောင့် အရက်သောက်တဲ့အသည်းကို အရက်နွံထဲက ခုပဲဆွဲထုတ်လိုက်ပါနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်