အိမ်တွင်းလေထုသန့်စင်စေမယ့် နည်းလမ်းများ
အသက်ရှူလမ်းကြောင်းရောဂါတွေ ကင်းဝေးဖို့နဲ့ အဆုတ်တွေသန့်စင်ဖို့အတွက် နေ့စဥ်ရှူနေရတဲ့ လေထုက သန့်စင်နေဖို့ အရေးကြီးလှပါတယ်။ ညစ်ညမ်းတဲ့လေထုကို ရှူနေရရင် အဆုတ်ကင်ဆာ၊ ပန်းနာရင်ကြပ်နဲ့ တီဘီလို အဆုတ်ရောဂါတွေ ဖြစ်နိုင်သလို နှလုံးရောဂါလည်း ဖြစ်နိုင်ပါတယ်။
လေထုညစ်ညမ်းတာမှာ အိမ်အပြင်ဘက်က မီးခိုးငွေ့တွေ၊ ကားဆိုင်ကယ်တွေက ဓာတ်ငွေ့တွေ၊ စက်ရုံအလုပ်ရုံက အနံ့တွေကြောင့်ဖြစ်နိုင်သလို အိမ်ထဲမှာနေရင်လည်း လေထုညစ်ညမ်းစေတဲ့ အကြောင်းတွေ များစွာရှိပါတယ်။
ပရိဘောဂတွေနဲ့ အဆောက်အဦးက ရတဲ့မှိုနံ့တွေ၊ ဆေးလိပ်ငွေ့တွေ၊ အိမ်သန့်ရှင်းရေးလုပ်တဲ့ ဆေးရည်နံ့တွေ၊ gas မီးဖိုကအနံ့တွေ၊ ဟင်းချက်တဲ့အနံ့တွေဟာ အိမ်တွင်းလေထုကို ညစ်ညမ်းစေတဲ့ အဓိကအရာတွေပါ။
လူအများစုဟာ အိမ်အတွင်း၊ ရုံးခန်းအတွင်းမှာ နေရတဲ့အချိန်က ပိုများတဲ့အတွက် အိမ်တွင်းလေထုသန့်စင်စေမယ့် နည်းလမ်းတွေ သိရှိထားဖို့ လိုအပ်ပါတယ်နော်။
(1) ပြတင်းတံခါးတွေ ဖွင့်ထားပါ
ဒါကတော့ အရိုးရှင်းဆုံးနဲ့ အကုန်ကျအသက်သာဆုံးနည်းပါပဲ။ ပြတင်းတံခါးတွေ ဖွင့်ထားတာက လေဝင်လေထွက် ကောင်းစေသလို နေရောင်ခြည်တွေကြောင့် ရောဂါပိုးတွေသေစေပြီး အနံအသက်တွေလည်း ကင်းစေမှာပါ။
ဖြစ်နိုင်ရင် ညဘက်တွေမှာပါ ပြတင်းတံခါးဖွင့်ထားပြီး အိပ်သင့်ပါတယ်။
(2) အိမ်မွေးတိရိစ္ဆာန်လေးတွေကို သန့်သန့်ရှင်းရှင်းထားပါ
အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ အမွှေးတွေက ပန်းနာရင်ကြပ်ဖြစ်စေနိုင်သလို သန်းတွေကတဆင့် အရေပြားရောဂါတွေလည်း ကူးစက်ခံရနိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အညစ်အကြေးတွေက လေထုကို ညစ်ညမ်းစေပါတယ်။ သူတို့ကို သန့်ရှင်းရေးမှန်မှန်လုပ်ပေးပြီး ဖြစ်နိုင်ရင် အိမ်အပြင်ဘက်မှာ လုပ်တာက ပိုကောင်းပါတယ်။
(3) အဲကွန်းဖွင့်ထားပါ
အကယ်၍ တံခါးပိတ်ပြီး နေရတာကြိုက်ရင်တော့ အဲကွန်းဖွင့်ထားသင့်ပါတယ်။ အဲကွန်းဆိုရာမှာ central air conditioning လို့ခေါ်တဲ့ အခန်း သို့မဟုတ် အိမ်ရဲ့အလယ်ကနေ လေတွေနဲ့အမှုန်အမွှားတွေကို အပြင်ဘက်ကို တွန်းထုတ်တဲ့စနစ်ကသာ လေထုကို သန့်စင်စေမှာပါ။ အဲကွန်းရဲ့ filter ကို ပုံမှန်လဲပေးဖို့လည်း အရေးကြီးပါတယ်။
(4) လေသန့်စင်စက် air putrifier သုံးပါ
စျေးကွက်ထဲမှာ လေသန့်စင်စက်တွေ အမျိုးမျိုးရှိနေပါပြီ။ လေသန့်စင်စက်ဟာ ပန်းနာရင်ကြပ်ဖြစ်စေတဲ့ မျက်စိနဲ့မမြင်ရတဲ့ ဖုန်နဲ့အမှုန်တွေကို သန့်စင်ပေးနိုင်ပါတယ်။ အခန်းလေထုက ခြောက်သွေ့နေရင် အစိုထိန်းစက် (humidifier) လည်း အသုံးပြုသင့်ပါတယ်။
(5) အိမ်စီးဖိနပ် သီးသန့်ထားပါ
အပြင်ကပြန်လာတဲ့အခါ ဖိနပ်မှာ ကပ်ပါးပိုးတွေ၊ ဝတ်မှုန်နဲ့ဖုန်မှုန့်တွေ၊ မှိုပိုးတွေ၊ ဘက်တီးရီးယားပိုးတွေ၊ မစင်တွေ စတဲ့အရာတွေဟာ ဖိန်ပ်အောက်ခြေမှာ ကပ်ပါလာနိုင်တာမို့ အပြင်စီးဖိနပ်ကို အိမ်ထဲမှာဆက်စီးရင် လေထုညစ်ညမ်းမှုကို ဖြစ်စေမှာ အမှန်ပါပဲ။
(6) အိမ်သန့်ရှင်းရေးလုပ်တဲ့ ဓာတုပစ္စည်းတွေ သတိထားသုံးစွဲပါ
အိမ်သန့်ရှင်းရေးလုပ်တဲ့ ကြွေဂျီးချွတ်ဆေးတွေ၊ ကာဘော်လစ်ဆေးရည်တွေနဲ့ ပိုးသတ်ဆေးရည်တွေဟာ အသက်ရှူလမ်းကြောင်းကို လှုံ့ဆော်ပြီး ယားယံစေတာ၊ ဓာတ်မတည့်တာတွေ ဖြစ်စေပါတယ်။ အန္တရာယ်ကင်းတဲ့ ဗီနီကာ၊ baking soda၊ သံပုရာရည်၊ ရှောက်ရည်တွေနဲ့ essential oils တွေနဲ့ သန့်ရှင်းရေးလုပ်ပါ။
(7) လေသန့်ပင်စိုက်ပါ
Indoor plsnts လို့ခေါ်တဲ့ အိမ်ထဲမှာစိုက်ရင် လေထုကို သန့်စင်ပေးမယ့် အပင်လေးတွေ အများကြီး ရှိပါတယ်။ အိမ်တွင်းလေသန့်ပင်လေးတွေက volatile organic compound လို့ခေါ်တဲ့ လေထုညစ်ညမ်းစေတဲ့ဓာတ်တွေကို စစ်ထုတ်ပေးပါတယ်။ ဥပမာ spider plant လို့ခေါ်တဲ့ လေသန့်ပင်လေးဟာ ဘန်ဇင်း၊ ဖော်မယ်လ်ဒီဟိုက်၊ ကာဗွန်မိုနော့ဆိုဒ် နဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ဓာတ်တွေကို သန့်စင်ပေးပါတယ်။
(8) မှိုတွေကို သန့်စင်ပါ
မှိုတွေဟာ မှောင်မဲစိုစွတ်တဲ့နေရာတွေမှာ ပေါက်ဖွားတတ်ပါတယ်။ ရေချိုးခန်းတွေ၊ အဝတ်လျှော်တဲ့နေရာတွေ၊ ကြမ်းပြင်တွေ၊ အခန်းထောင့်တွေမှာ အများအားဖြင့် ရှိတတ်ပါတယ်။ မှိုတွေကို ပုံမှန်သန့်ရှင်းရေး လုပ်သင့်တဲ့အပြင် တံခါးတွေဖွင့်ထားခြင်းကလည်း မှိုတွေမပေါက်ဖွားအောင် ကာကွယ်ပေးမှာပါ။
(9) မီးဖိုချောင်ကို သတိထားပါ
ထင်းမီးဖို၊ မီးသွေးမီးဖိုတွေက အငွေ့တွေက နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ဓာတ်တွေကို ထုတ်ပေးပါတယ်။ Gas မီးဖိုတွေကလည်း လျှပ်စစ်မီးဖိုတွေထက် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ၅၀-၄၀၀ ရာခိုင်နှုန်း ပိုထွက်နိုင်ပါတယ်။ မီးပျက်တာတွေများပြီး gas နဲ့ မီးသွေးမီးဖိုတွေ အသုံးများရတဲ့ ဒီကာလတွေမှာ လေထုညစ်ညမ်းခြင်းကို လျှော့ချနိုင်ဖို့ တံခါးတွေကို တတ်နိုင်သမျှ ဖွင့်ထားပါ။
အိမ်တွင်းလေထုညစ်ညမ်းရင် မိသားစုဝင်တွေ ရောဂါတစ်မျိုးပြီးတစ်မျိုး ရနိုင်လို့ ရှာသမျှဆေးကုသစရိတ် ဖြစ်သွားနိုင်ပါတယ်။ အိမ်တွင်းလေထုသန့်စင်အောင် ဘာတွေလုပ်ရမလဲဆိုတာ အခုသိပြီမို့ လေထုသန့်စင်တဲ့အိမ်လေးတွေ ဖန်တီးကြပါစို့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်