ချဉ်ပေါင်ရွက်စားရင် ကျန်းမာမယ်
ကြော်ပဲစားစား၊ ချဉ်ရည်ဟင်းချက်ချက်၊ ဟင်းချိုပဲ ချက်သောက်သောက် စားလို့ ကောင်းသလို ရာသီတိုင်းအတွက် အရသာရှိလှတဲ့ ဟင်းတစ်ခွက်ဖြစ်စေမယ့် အရွက်ကလေး တစ်မျိုးရှိပါတယ်။ ဒါကတော့ ချဉ်ပေါင်ရွက်ပါ။ ချဉ်ပေါင်ရွက်ကို ဘယ်နှရက် စားစား မရိုးဘူး။ ဘယ်လို ချက်ချက် ကြိုက်တယ်ဆိုတဲ့ သူလေးတွေရှိလား။ ဒါဆိုရင်တော့ ချဉ်ပေါင်ရွက် စားရင်း ဘယ်လို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်လဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။
စားလိုက်တိုင်း အရသာရှိတယ်ဆိုတဲ့ ချဉ်ပေါင်ရွက် မှာ ဗီတာမင် နဲ့ သတ္တုဓာတ်များစွာ ပါဝင်နေပါတယ်။ ချဉ်ပေါင်ရွက်မှာ
ချဉ်ပေါင်ရွက် ဆိုရာဝယ်
ရိုးတံ နီနီလေး ဒါမှမဟုတ် စိမ်းစိမ်းလေး ရှိပြီး ဘဲခြေထောက်လိုမျိုး သုံးမြှောင့်ပုံ အရွက်လေးတွေ စီစီရီရီ ပေါက်နေတဲ့ အပင်ငယ်လေးပါ။ ချဉ်တဲ့အရသာရှိပြီး အရွက်က စိမ်းစိမ်းလေးပါ။ ချဉ်ပေါင်ဖြူ၊ ချဉ်ပေါင်နီ၊ ဓာတ်ချဉ်ပေါင်၊ ချဉ်ပေါင်ကြမ်း ဆိုပြီး အမျိုးမျိုး ရှိပါတယ်။
ချဉ်ပေါင်ရွက်မှာ ဘာတွေပါ
အအီပြေပြီး စားလို့ ကောင်းတဲ့ ချဉ်ပေါင်ရွက်မှာ
- ကယ်လ်ဆီယမ်
- သံဓာတ်
- ဗီတာမင် C
- မဂ္ဂနီဆီယမ်
- ကာဗိုဟိုက်ဒရိတ်
- Phosphorus
- ပိုတက်ဆီယမ်
- ဗီတာမင် B2 နဲ့
- ဗီတာမင် A တို့ပါဝင်နေပါတယ်။
ချဉ်ပေါင်ရွက်စားရင် ကျန်းမာမယ်
ချဉ်ပေါင်ရွက်ကို အရွက်တင်မဟုတ်ပါဘူး။ အပွင့်၊ အဖူးတွေကိုလည်း စားလို့ရပါတယ်။ အခုလက်ရှိမှာ ဟင်းလျာတစ်ခု အနေနဲ့ ချက်ပြုတ် စားသောက်နေကြတဲ့ ချဉ်ပေါင်ရွက်ကို ရှေးနှစ်ပေါင်းများစွာက ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးလို့ သတ်မှတ်ခဲ့ကြပါတယ်။
ချဉ်ပေါင်ရွက် စားပေးတာက ကျန်းမာရေးကို အခုလိုလေး ထောက်ကူပေးနေပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ချဉ်ပေါင်ရွက်မှာ ကိုယ်ခံအားရဲ့ ဗီတာမင် ဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မှာပါ။ ကိုယ်ခံအား ကောင်းနေတာက အအေးမိဖျားတာ၊ ချောင်းဆိုးတာလိုမျိုး ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်နေမှာပါ။
ဗီတာမင် C က သံဓာတ်စုပ်ယူမှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေတာကြောင့် ရောဂါပိုးတွေ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗိုင်းရပ်စ်တွေကိုလည်း ခုခံကာကွယ်ပေးပါတယ်။
ဝမ်းမှန်စေတယ်
ချဉ်ပေါင်ရွက်မှာ အမျှင်ဓာတ် ပါဝင်နေသလို မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် ဝမ်းပျော့စေပြီး အူကြွက်သားတွေကို ဖြေလျော့ပေးသလို ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ ချဉ်ပေါင်ရွက်ကို ဝမ်းချုပ်တတ်သူတွေ စားပေးဖို့ သင့်တော်ပါတယ်။
အားရှိစေတယ်
ကြွက်သားအားနည်းတာ၊ ထုံကျဉ်တာ၊ မောပန်းလွယ်တာ လိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားနေရပြီလား! ဒါတွေသက်သာစေဖို့ ချဉ်ပေါင်ရွက် စားပေးလို့ ရပါတယ်။ အကြောင်းကတော့ ချဉ်ပေါင်ရွက်မှာ ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေနိုင်တဲ့ Phosphorous ပါဝင်နေလို့ပါ။
သွားဖုံး ကျန်းမာစေတယ်
ချဉ်ပေါင်ရွက်မှာ သွား နဲ့ အရိုးတွေကို သန်မာစေ သတ္တုဓာတ် တစ်မျိုးဖြစ်တဲ့ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် သွားတွေကို ခိုင်မာစေပါတယ်။ ချဉ်ပေါင်ရွက်ရဲ့ နောက်ထပ် အားသာချက်တစ်ခုကတော့ ခံတွင်းထဲက ဘက်တီးရီးယားတွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီး သွား နဲ့ သွားဖုံးတွေကို ကျန်းမာစေနိုင်တာပါ။
လစဉ်ပြဿနာကြောင့် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်
ချဉ်ပေါင်ရွက်က ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးနိုင်တာကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ ရာသီလာချိန် ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ခံစားမှု ပြောင်းလဲတာကိုလည်း သက်သာစေနိုင်ပါတယ်။
ဒါတွေအပြင် အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရစေဖို့လည်း ချဉ်ပေါင်ရွက်ကို စားပေးလို့ ရပါတယ်။
- နာကျင်ရောင်ရမ်းမှုကိုသက်သာစေဖို့
- အစာကြေစေဖို့
- အူမကြီးကင်ဆာ ကာကွယ်ပေးဖို့
- ဝိတ်ကျစေဖို့
- စိတ်ဓာတ်မကျအောင် ကာကွယ်ဖို့
- ကင်ဆာ ကာကွယ်ပေးဖို့
- သွေးတိုးကျစေဖို့
- အသည်း ကျန်းမာစေဖို့ အတွက်လည်း စားပေးလို့ ရပါတယ်။
ရေးသားသူ - မွန်မွန်