အရိုးဆီသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်းဆိုတာဘာလဲ
အရိုးဟာ ခန္ဓာကိုယ်မှာ ကင်ဆာဆဲလ်တွေ ကြိုက်နှစ်သက်တဲ့နေရာလို့ ဆိုရလောက်အောင် ခန္ဓာကိုယ်ဘယ်နေရာမှာ ကင်ဆာဆဲလ် စပြီး ပွားများတယ်ဆိုဆို မူရင်းနေရာကနေ နောက်တစ်နေရာသို့ ပျံ့တော့မယ်ဆိုရင် ကင်ဆာဆဲလ်များကအရိုးဆီသို့သာ အများအားဖြင့် ဦးတည်လေ့ရှိကြပါတယ်။
ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာ အပါအဝင် ကင်ဆာအမျိုးအစား အတော်များများ အရိုးဆီကိုသာ ပျံ့နှံ့ဖြန့်ကျက်ကြပါတယ်။
ကင်ဆာဆဲလ်များပျံ့နှံ့ခြင်းဟာ ဘယ်အရိုးမှာမဆို ဖြစ်ပွားနိုင်ပြီး ပင်မကြောရိုးမကြီး၊ တင်ပါးဆုံရိုးနဲ့ ပေါင်ရိုးတို့ကတော့ အဖြစ်များ၊ အတွေ့ရများတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ တစ်ချို့သော ကင်ဆာအမျိုးအစားဖြစ်စဉ်များမှာ အရိုးကို ပျံ့နှံ့ကာ အရိုးအဆစ်များ နာတာ၊ အရိုးကျိုးတာ စတဲ့ လက္ခဏာရပ်တွေ ပေါ်လာမှ မူရင်းကင်ဆာဆဲလ် ဘယ်နေရာမှ စတင်တာဆို၍ ပြန်လှန်လှော စမ်းသပ်ကုသရတာမျိုးပင် ကြုံရပါတယ်။
အရိုးကို ကင်ဆာဆဲလ်များရောက်ပြီဆိုရင် ရောဂါလက္ခဏာ မပြတာမျိုးလည်း ဖြစ်တတ်ပါတယ်။ လက္ခဏာတွေမှာ
- အရိုးအဆစ်များ နာတာ၊
- အရိုးကျိုးတာ၊
- ဆီးဝမ်း မထိန်းနိုင်ဖြစ်တာ၊
- ခြေလက်များ အားနည်းတာ၊
- သွေးတွင်း ကယ်လ်ဆီယမ်ဓာတ် မြင့်တက်တာကြောင့် ပျို့အန်၊ မူးမော်၊ ဝမ်းချုပ်၊ ခေါင်းနောက်ခြင်းများ ခံစားရတတ်ပါတယ်။
ကင်ဆာဆဲလ်များဟာ ပထမစတင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာကနေ ကွဲထွက်လာကာ အရိုးဆီကို ရောက်လာချိန်မှ ပွားများခြင်း ပြုလုပ်ပါတယ်။ အရိုးဆီသို့ ကင်ဆာဆဲလ်များပျံ့နှံ့လေ့ရှိတဲ့ အတွေ့ရများတဲ့ ကင်ဆာအမျိုးအစားများမှာ
- ရင်သားကင်ဆာ၊
- ကျောက်ကပ်ကင်ဆာ၊
- အဆုတ်ကင်ဆာ၊
- သိုင်းရိုက်ကင်ဆာ၊
- ဆီးကျိတ်ကင်ဆာ၊
- ပြန်ရည်ကြိတ်ကင်ဆာ တွေပဲဖြစ်ပါတယ်။
အရိုးကို ကင်ဆာဆဲလ်ပျံနှံတာအတွက် အမြစ်ပြတ်ကုသစရာ နည်းလမ်းမရှိပါ။ ကုသမှုတွေမှာ အရိုးနာကျင်မှု သက်သာအောင်၊ အရိုးမကျိုးအောင်၊ အရိုးကို သန်မာနိုင်သမျှ သန်မာအောင်၊ ကင်ဆာဆဲလ်ကြောင့် ပိုမဆိုးအောင်၊ ပိုမပျံ့အောင်သာ အရိုးအားဖြည့်ဆေး၊ အနာသက်သာဆေးများနဲ့သာ ကုသလို့ ရပါတယ်။
အရိုးဆီမှာ ကင်ဆာဆဲလ်များ ပွားများခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ဝေဒနာတွေအတွက် သက်သာစေသော ဆေးဝါးများ သောက်သုံးကာ မူရင်းကင်ဆာအတွက် သက်ဆိုင်ရာ ကင်ဆာအမျိုးအစားအလိုက်၊ လူနာရဲ့အခြေအနေအလိုက် ကင်ဆာအထူးကုဆရာဝန်ကြီးများ၊အရိုးအထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်အထူးကုများ၊ ကင်ဆာဓာတ်ရောင်ခြည်အထူးကု ဆရာဝန်များရရဲ့ ညွှန်ကြားချက်အတိုင်း ကင်ဆာဆေးစား၊ ခွဲစိတ်၊ ဓာတ်ကင်၊ကင်ဆာဆေးသွင်းခြင်းများနဲ့ ကုသမှု ခံယူရပါတယ်။
ရေးသားသူ - Dr. May Myat Tun