ရာသီလာချိန် လက်ဖက်မစားရဘူးဆိုတာ တကယ်လား?
လက်ဖက်လေး ချဉ်ငန်စပ်လေး သုပ်စားချင်လိုက်တာ ….. စားလို့မရဘူးလေ ရာသီလာနေတယ် မဟုတ်လား? ရာသီလာနေရင် လက်ဖက်မစားရဘူးလေ။ ချုပ်တတ်တယ်ဆိုတဲ့ စကားလေးကို မိန်းကလေးတော်တော်များများ ကြားဖူးကြမှာပါ။ ဒါဆိုရင် တကယ်ပဲ ရာသီလာချိန်မှာ လက်ဖက် မစားရဘူးလား? စားလို့ နည်းနည်းမှ မရတာလား? ဆိုတာကို ပြောပြပေးသွားပါမယ်။
ရာသီလာချိန်မှာ လက်ဖက်မစားရဘူးလား?
ရာသီလာချိန်မှာ လက်ဖက် လုံးဝမစားရတာလားဆိုတော့ မဖြစ်မနေ မဟုတ်ပေမယ့် မစားရင်တော့ ပိုကောင်းပါတယ်။ ဒီလို ပြောရတာက ရာသီလာချိန်မှာ သွေးဆင်းတာကြောင့် သံဓာတ်အားနည်းနိုင်ပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးလေးတွေကို ရာသီလာချိန်မှာ သွေးအားနည်းပြီး ပင်ပန်းတာတွေ မဖြစ်စေဖို့အတွက် သံဓာတ် အားဖြည့်ဆေးတွေ၊ သံဓာတ်ဖြည့်ပေးနိုင်တဲ့ အစားအစာတွေ စားဖို့ ပြောကြတာပါ။
အိပ်ချင်ပြေ စားလေ့ရှိတဲ့ လက်ဖက်မှာ ကဖင်းပါဝင်နေတာကြောင့် သံဓာတ်ကို အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် လက်ဖက် အစားများရင် ရင်တုန်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ အမောမခံနိုင်တာလိုမျိုး သံဓာတ်အားနည်းတဲ့ လက္ခဏာတွေကို ခံစားရတာပါ။
သံဓာတ် အားနည်းတာ သွေးအားနည်းတာကို ဖြစ်စေပြီး ရာသီသွေးဆင်းနည်းသွားတာ၊ ရာသီသွေးဆင်း ရပ်သွားတာမျိုးတွေ ကို ဖြစ်စေနိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့ တစ်ခုက ရာသီလာချိန် ကိုက်ခဲမှုကို ပိုဆိုးစေပြီး လက်ဖက်မှာပါတဲ့ ကဖင်းက အူနံရံတွေရဲ့ အာဟာရစုပ်ယူမှုကို ဟန့်တားလိုက်တာကြောင့် ရာသီလာချိန်မှာ ပင်ပန်းတာတွေကို ခံစားရနိုင်ပါတယ်။
နောက်တစ်ချက်က ရာသီလာချိန်မှာ လက်ဖက်အပါအဝင် ကဖင်းပါတဲ့ စားစရာတွေက ဆီးခဏခဏ သွားစေပြီး ကိုယ်တွင်းမှာ ရေဓာတ် ဆုံးရှုံးတာကို ဖြစ်စေနိုင်ပါတယ်။ ရေဓာတ် ဆုံးရှုံးတာက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို ပြင်းထန်စေပြီး ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။
ဒါကြောင့် ရာသီလာချိန်မှာ ပင်ပန်းကိုက်ခဲတာ၊ ရာသီသွေးဆင်းနည်းတာ၊ သွေးထိန်တာ၊ ရာသီသွေးဆင်းရက် ရှည်သွားတာမျိုးတွေ မဖြစ်စေဖို့အတွက် လက်ဖက်စားတာကို တတ်နိုင်သမျှ ရှောင်စေချင်ပါတယ်။
ရာသီလာချိန်မှာ လက်ဖက်အပြင် ဘာတွေ ရှောင်ရဦးမလဲ?
ရာသီလာချိန်မှာ စိတ်ရောကိုယ်ပါ ကျန်းမာပြီ နာကျင်ကိုက်ခဲမှုတွေကို ကင်းစေဖို့အတွက် လက်ဖက်အပြင်
- ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေကို အလွန်အကျွံ မသောက်ပါနဲ့
- ကဖင်းပါတဲ့ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေ ရှောင်ပါ
- ဂတ်စ်ပါတဲ့ အချိုရည်တွေ ရှောင်ပါ
- အစပ်များတဲ့ အစားအစာတွေ ရှောင်ပါ
- သကြားများတဲ့ အစားအစာတွေ ရှောင်ပါ
- ဆီကြော်စာတွေ ရှောင်ပါ
- ပြုပြင်ထားတဲ့ အစားအစာတွေ မစားပါနဲ့
- အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေ ရှောင်ပါ
- သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေ လျှော့စားပါ။
ရာသီလာချိန်မှာ လက်ဖက် အပါအဝင် ကဖင်းပါတာတွေကိုရှောင်ပြီး ရေများများသောက်တာ၊ အာဟာရပြည့်ဝအောင် စားသုံးပေးတာ၊ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပေးတာတွေက ရာသီလာချိန်မှာ ပေါ့ပါးလန်းဆန်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
Ref: https://yourperiodcalled.com/2021/11/02/should-i-avoid-caffeine-on-my-period/
https://www.livestrong.com/article/96768-effects-caffeine-womans-menstrual-cycle/
https://www.parentcircle.com/foods-to-avoid-during-periods/article
ရေးသားသူ - မွန်မွန်