အထိုင်များခြင်းနဲ့ လိင်စွမ်းဆောင်ရည်ကျဆင်းခြင်း
၂၁ ရာစုမှာ အင်တာနက်နဲ့ နည်းပညာတွေ ခေတ်စားလာတာနဲ့အမျှ ကလေး၊ လူကြီးမရွေး အထိုင်များပြီး လှုပ်ရှားမှုနည်းလာတာကို သတိထားမိကြမှာပါ။ အထိုင်များခြင်းဟာ ကျန်းမာရေးအတွက်တင်မကဘဲ အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျသွားစေနိုင်ပါတယ်တဲ့။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့
· အထိုင်များတဲ့အခါ ခြေထောက်ကြွက်သား အသုံးပြုမှုနည်းသွားတဲ့အတွက် ခြေထောက်များ သေးသွယ်ပြီး အားမရှိဖြစ်လာတယ်။ အောက်ပိုင်းမသန်စွမ်းတဲ့အခါ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုက သိသိသာသာ လျော့ကျသွားမယ်၊ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့၊ ဒူးထောက်လိုက်တာနဲ့ နာကျင်မှု၊ ညောင်းကိုက်မှု ဝေဒနာတွေ ခံစားရနိုင်သလို စိတ်သွားတိုင်း ကိုယ်မပါဘဲ ကိုယ်လိုချင်တဲ့ Position အတိုင်း နေနိုင်ဖို့ ခက်ခဲလာနိုင်ပါတယ်။
· အထိုင်များတဲ့အခါ တင်ပါးကြွက်သားတွေ ပြားချပ်လာမယ်။ အမျိုးသားတွေမှာ တင်ပါးကြွက်သားမရှိတဲ့အခါ ပင့်ဆောင့်အားနည်းသွားသလို အမျိုးသမီးတွေမှာဆိုရင်လည်း ကိုယ့်ရဲ့ ရုပ်ခန္ဓာအလှအပအပေါ် ယုံကြည်မှုနည်းလာနိုင်ပါတယ်။
· တစ်နေ့တာလုံး လှုပ်ရှားမှုမရှိတဲ့အခါ လူကအဆီတက်ပြီး အဝလွန်ရာကနေ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ ဖြစ်လာနိုင်ပါတယ်။ ဒီရောဂါတွေဟာ ကျား၊ မ မရွေး လိင်စိတ်ဆန္ဒဖြစ်ပေါ်မှုကို နှောင့်ယှက်စေနိုင်ပြီး လိင်စိတ်လျော့နည်းလာကာ စိတ်ဖိစီးမှုတွေ ပိုဝင်လာနိုင်ပါတယ်။
· လှုပ်ရှားမှုမရှိခြင်းကြောင့် တစ်နေ့တာလုံး သွေးလည်ပတ်မှုနှေးကွေးပြီး နှလုံးခုန်နှုန်း ကျဆင်းနိုင်တယ်။ ဒီအတွက် အမှန်တကယ် လိင်ဆက်ဆံရတဲ့အခါ အရင်ကလောက် သက်လုံကောင်းတော့မှာမဟုတ်ဘဲ ခဏလေးနဲ့ အမောဖောက်သွားနိုင်ပါတယ်။
· အထိုင်များခြင်းကြောင့် ခါးကိုက်ခါးနာ၊ ဇက်ကြောတက်၊ ကြွက်သားများ ညောင်းကိုက်တဲ့ ဝေဒနာက လိင်ဆက်ဆံနေစဉ်အတွင်းမှာလည်း ခံစားရနိုင်ပြီး ကိုယ့်ရဲ့လိင်မှုကိစ္စအပေါ် အာရုံစိုက်နိုင်မှု နည်းသွားနိုင်ပါတယ်။
· ပိုထိုင်ပြီး အလုပ်ပိုများလေ၊ စိတ်ဖိစီးမှု ပိုပြီး ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်မှု နှောင့်နှေးလာတာကြောင့် လိင်ပိုင်းဆိုင်ရာမှာ အာရုံစူးစိုက်နိုင်မှု၊ စိတ်ပါဝင်စားမှုတွေ နည်းသွားနိုင်ပါတယ်။
ဒါကြောင့် တစ်နေ့တာလုံးမှာ အထိုင်များသူတွေ၊ လှုပ်ရှားမှုနည်းသူများအနေနဲ့ ရေများများသောက်ပြီး နာရီဝက် သို့မဟုတ် တစ်နာရီခြားတစ်ခါလောက် ပုံမှန်လမ်းထလျှောက်ပြီး ဆီးသွားပေးပါ။ အကြောများများ လျှော့ပေးပါ။ လေ့ကျင့်ခန်းကို နာရီဝက်လောက်လုပ်ပေးပါ။ Gym သွားဖို့ အချိန်မပေးနိုင်သူများ ကိုယ့်အနီးပတ်ဝန်းကျင်မှာ လမ်းလျှောက်တာ၊ လှေကားကို အတက်အဆင်းလုပ်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။ အထိုင်များခြင်းဟာ ကျန်းမာရေးအတွက် ရေရှည်မှာ ကောင်းကျိုးမရှိတဲ့ အလေ့အကျင့်ဖြစ်တာကြောင့် စောစောပြုပြင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။