အဝလွန်ခြင်းနဲ့ လိင်စွမ်းဆောင်ရည် ထိခိုက်ခြင်း ဆက်စပ်ပုံများ
ခန္ဓာကိုယ်အလေးချိန်နဲ့ လိင်စွမ်းဆောင်ရည်ကြားမှာ ဘယ်လိုဆက်စပ်မှုမျိုး၊ သက်ဆိုင်မှုမျိုးမှ မရှိဘူးလို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ အထူးသဖြင့် ယောက်ျားလေးတွေအတွက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် များနေခြင်းဟာ လိင်စွမ်းဆောင်ရည်ကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။
ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ လူတိုင်းလူတိုင်းမှာ အသက်အရွယ်နဲ့ အရပ်အမြင့်ပေါ် မူတည်ပြီး ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန် သို့မဟုတ် ကျန်းမာတဲ့ ကိုယ်အလေးချိန်စံနှုန်းဆိုတာ ရှိပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်တွင်းမှာ ကယ်လိုရီပမာဏ၊ အဆီဓာတ်တွေ လွန်စွာများနေတဲ့အခါ အဝလွန်လာပြီး ဟော်မုန်းဓာတ်ပြောင်းလဲခြင်း၊ စိတ်ကျန်းမာရေးနဲ့ ရုပ်ခန္ဓာကျန်းမာရေးကို ထိခိုက်စေခြင်းတွေ ဖြစ်နိုင်ပါတယ်။
ဒီလိုထိခိုက်မှုတွေထဲမှာ
၁။ ကိုယ်အလေးချိန်တက်လာတဲ့အခါ လိင်ဟော်မုန်းကို ထိန်းချုပ်တဲ့ Globulin ဓာတ်တွေ များလာတဲ့အတွက် ကျားဟော်မုန်းပမာဏ လျော့နည်းလာပါတယ်။ ကျားဟော်မုန်းဟာ အမျိုးသားတွေအတွက် လိင်စိတ်ဆန္ဒကို အဓိကဖြစ်စေတဲ့ လိင်ဟော်မုန်းဖြစ်တာကြောင့် ဒီဟော်မုန်းနည်းလာတာနဲ့အမျှ အမျိုးသားတွေဟာ လိင်စိတ်ခန်းလာပါတယ်။
၂။ ကိုယ့်ရဲ့ခန္ဓာကိုယ် အဝလွန်နေခြင်းဟာ လူတစ်ယောက်ရဲ့ မိမိကိုယ်ကို ယုံကြည်မှု၊ ချစ်မြတ်နိုးမှုတွေကို ထိခိုက်စေသလိုပဲ ကိုယ့်ချစ်သူ၊ ဆက်ဆံဖော်ဟာ ကိုယ့်ခန္ဓာကိုယ်ကိုကြည့်ပြီး အထင်သေးနေမလား၊ စိတ်မပါတော့ဘူးလားဆိုတဲ့ သိမ်ငယ်မှုတွေ၊ အားမလိုအားမရဖြစ်မှုတွေ ဝင်လာတဲ့အခါ စိတ်ကိုဖိစီးစေပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားတွေတင်းမာလာပြီး စိတ်အာရုံကို ပင်ပန်းနွမ်းနယ်စေတဲ့အတွက် လိင်စိတ်ဆန္ဒကို လျော့နည်းလာစေနိုင်ပါတယ်။
၃။ ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်လာရင် မိန်းကလေးတွေရဲ့ သိမ်ငယ်စိတ်ဟာ ယောက်ျားလေးတွေထက် ပိုများပါတယ်။ ဒီတော့ အဝလွန်နေတဲ့ မိန်းကလေးတွေဟာ တခြားမိန်းကလေးတွေထက်၊ အဝလွန်နေတဲ့ ယောက်ျားလေးတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ကိုယ့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ရှက်ရွံ့စိတ်တွေ ပိုဖြစ်နေတဲ့အတွက် လိင်မှုကိစ္စမှာ စွမ်းဆောင်ရည် ကျဆင်းသွားနိုင်ပါတယ်။
၄။ အဝလွန်နေတဲ့ ယောက်ျားလေးတွေမှာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတစ်ခုကတော့ လိင်တံမထောင်မတ်နိုင်ခြင်းနဲ့ ပန်းသေပန်းညှိုးပြဿနာပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့ အဝလွန်နေတဲ့အခါ နှလုံးရောဂါ၊ ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများ၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေပိုများတဲ့အတွက် ခန္ဓာကိုယ်တွင်း သွေးစီးဆင်းနှုန်း နည်းလာပါတယ်။ အမျိုးသားတွေရဲ့ လိင်တံပြည့်ဝစွာ ထောင်မတ်နိုင်ဖို့ဆိုတာ လိင်စိတ်ဆန္ဒများနေဖို့အပြင် ခန္ဓာကိုယ်ကလည်း လိင်အင်္ဂါအတွင်း သွေးလည်ပတ်စီးဆင်းမှုကို ကောင်းစွာထောက်ပံ့နိုင်ဖို့ လိုအပ်ပါတယ်။ သွေးစီးဆင်းတာနည်းလေ၊ လိင်အင်္ဂါထောင်မတ်အားလည်း ကျဆင်းလေပါပဲ။
၅။ ခန္ဓာကိုယ်တွင်း အဆီများလွန်းခြင်းဟာ လိင်အင်္ဂါအတွင်း သွေးကြောများကို ကျဉ်းစေလို့ လိင်တံထောင်မတ်နိုင်စွမ်းကိုသာမက လိင်စိတ်အထွတ်အထိပ် ရောက်ခြင်းကိုပါ နှောင့်နှေးစေနိုင်ပါတယ်။
၆။ အဝလွန်တဲ့အခါ ပိန်တဲ့သူတွေ၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းသူတွေလိုမဟုတ်ဘဲ လိင်ဆက်ဆံဖို့အတွက် အနေအထား (Position) ရွေးတဲ့အခါမှာ နည်းနည်းပြဿနာရှိနိုင်ပါတယ်။ ကိုယ်အလေးချိန်က ကြားခံဖြစ်နေတဲ့အခါ လူကစိတ်ပါပေမယ့် ခန္ဓာကိုယ်က မလိုက်လျောပေးနိုင်တာကြောင့် လိင်ဆက်ဆံပုံအနေအထားတချို့ကိုသာ ပုံသေစွဲပြီး ဆက်ဆံရတဲ့အတွက် နည်းနည်းပျင်းစရာကောင်းလာနိုင်ပါတယ်။
အကောင်းဆုံးကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုကို ပြန်ရဖို့အတွက် အခုကတည်းက စတင်ပြီး နေထိုင်စားသောက်မှုပုံစံကို ပြန်ပြောင်းလဲသင့်ပါတယ်။ အဓိကက ကိုယ့်ရဲ့စိတ်ပါ။ ကိုယ့်ရဲ့စိတ်က အမှန်တကယ်ပြောင်းလဲချင်တယ်၊ ပြောင်းလဲဖို့အတွက် လိုအပ်တဲ့အရာတွေကို မဖြစ်မနေ လိုက်နာနိုင်တယ်ဆိုရင် အချိန်တိုအတွင်းမှာ ကိုယ့်ခန္ဓာကိုယ်နဲ့ ကျန်းမာရေး သိသိသာသာ ကောင်းမွန်လာတာကို တွေ့ရမှာပါ။ အဓိကအနေနဲ့
- စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပါ။ (ပရိုတင်းဓာတ်၊ ကစီဓာတ်၊ ကျန်းမာတဲ့အဆီဓာတ်တွေကို ပိုစားပေးပါ။)
- အစာအာဟာရကို စုံလင်စွာစားသုံးပေးပါ။ (နေ့စဉ်စားပေးရမယ့် အစာအုပ်စုထဲမှာ ကိုယ်မကြိုက်တာ၊ မတည့်တာတွေ ပါနေရင် ဆရာဝန်နဲ့ သေချာပြပြီး သင့်တော်တဲ့ အားဆေးကို အစားထိုးသောက်ပါ။)
- လေ့ကျင့်ခန်းလုပ်ပေးပါ။ (တစ်ရက်ကို နာရီဝက်ခန့် အနည်းဆုံးလေ့ကျင့်ခန်း လုပ်ပေးဖို့က မဖြစ်မနေပါ။ Gym သွားပြီး လေ့ကျင့်ခန်းလုပ်တာ အကောင်းဆုံးဆိုပေမယ့် အချိန်မပေးနိုင်ရင် လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ လှေကားအတက်အဆင်းလုပ်တာ၊ ယောဂလေ့ကျင့်တာတွေနဲ့ အစားထိုးပေးနိုင်ပါတယ်။)
- အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ။ (တစ်ရက်ကို ညအိပ်ချိန် အနည်းဆုံး ၇ နာရီရှိဖို့ အရေးကြီးပါတယ်။)
ရေးသားသူ - ရဲမျိုးမြတ်