ဆီးကြိတ်ယောင်ခြင်း
အရွယ်အစား လက်ဝါးတစ်ဝက်ခန့်မျှ မရှိတရှိအရွယ်သာရှိတဲ့ ဆီးကြိတ်ဟာ အမျိုးသားတွေရဲ့ ဆီးအိမ်အောက်ဘက်မှာ တည်ရှိပါတယ်။ ဆီးအိမ်မှထွက်ထွက်ချင်း ဆီးစွန့်ပြွန် (Urethra) ရဲ့ အရင်းပိုင်းကို ဆီးကြိတ်က ဝန်းရံထားတာပါ။ ဆီးကြိတ်ဟာ အခြားလိင်အင်္ဂါတွေကဲ့သို့ သုတ်ရည်ကို ထုတ်လွှတ်နိုင်ပါတယ်။
ဆီးကြိတ်ယောင်ယမ်းခြင်းဟာ ဘတ်တီးရီးယားပိုးမွှားတွေ ဝင်ရောက်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးကြိတ်ယောင်ရင် ဆီးသွားတဲ့အခါ နာကျင်မယ်။ ဆီးသွားရ အခက်တွေ့မယ်။ ပေါင်ခြံတစ်ဝိုက်၊ တင်ပါးဆုံနေရာနဲ့ လိင်အင်္ဂါနေရာတွေပါ နာကျင်တတ်ပါတယ်။
အမျိုးအစားများနဲ့ အကြောင်းအရင်းများ
1) ဘတ်တီးရီးယားပိုးကြောင့် ဆီးကြိတ်ယောင်ခြင်း
ဆီးလမ်းကြောင်းနဲ့ မျိုးပွားအင်္ဂါများမှတစ်ဆင့် ပိုးဝင်နိုင်ပါတယ်။ ညွှန်ကြားထားတဲ့ ပိုးသတ်ဆေးကို ရက်အပြည့် စနစ်တကျ မသောက်ရင် မပျောက်နိုင်ဖြစ်ကာ ရှည်ကြာသွားနိုင်ပါတယ်။
2) အချိန်တာရှည်စွာ တင်ပါးဆုံနေရာမှာ နာကျင်စွာခံစားရခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာများရှိသော်ငြား ပိုးဝင်သောလက္ခဏာမတွေ့ရှိခြင်း
ယခင်က ပိုးဝင်ဖူးခြင်း၊ အာရုံကြောပြသာနာများ၊ ခန္ဓာကိုယ် ခုခံအား အားနည်းနေခြင်း၊ စိတ်ဖိစီးမှုများ၊ ဟော်မုန်းအပြောင်းအလဲများ အစရှိတဲ့ အချက်များ ပတ်သက်ဆက်နွယ်နေနိုင်ပါတယ်။
3 ) လက္ခဏာမပြဘဲ ဆီးကြိတ်ယောင်ယမ်းနေတတ်ခြင်း
အကြောင်းတိုက် ဆိုင်လို့ ဆေးစစ်မိတဲ့အခါမှာ အမှတ်မထင် တွေ့ရှိရတတ်ပါတယ်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာအနေနဲ့
- ဆီးသွားလျှင် နာခြင်း၊ ဆီးလောင်သလိုဖြစ်ခြင်း
- ဆီးသွားရခက်ခြင်း (ဆီးတစက်စက်ဖြစ်ခြင်း)
- ဆီးမကြာခဏသွားခြင်း၊ ညဘက်ခဏခဏ ထသွားရခြင်း
- ဆီးအသည်းအသန်သွားချင်ခြင်း
- ဆီး၌ သွေးပါခြင်း၊ ဆီးသည် အမြှုပ်များခြင်း
- ဝမ်းဗိုက်အောက်ပိုင်း၊ ပေါင်ခြံ နဲ့ နောက်ကျောနာခြင်း
- ကပ္ပယ်အိတ်နဲ့ စအိုတဝိုက်နာခြင်း
- လိင်အင်္ဂါနာခြင်း
- သုတ်လွှတ်ချိန်မှာ နာကျင်ခြင်း
- ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်း စတာတွေ ခံစားရနိုင်ပါတယ်။
ဖြစ်နိုင်ချေများသော အခြေအနေတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- အသက်လတ်ပိုင်းအရွယ်သို့ ရောက်ရှိနေခြင်း
- ယခင် ဖြစ်ဖူးသော ရာဇဝင်ရှိခြင်း
- ဆီးလမ်းကြောင်းနဲ့ မျိုးပွားလမ်းကြောင်း ပိုးဝင်ခြင်း
- ကိုယ်ခံအားကျဆင်းမှု ကူးစက်ရောဂါ HIV/ AIDS
- ဆီးပိုက်ထည့်ထားရလျှင်
- ဆီးကြိတ်ကို အသားစယူနေစဥ် စနစ်တကျ မသန့်စင်သော ပစ္စည်းများအသုံးပြုမိခြင်းကြောင့် ပိုးဝင်ခြင်း
- စိတ်ဖိစီးခြင်း
- တင်ပါးဆုံတစ်ဝိုက်ရှိ အာရုံကြောများ ထိခိုက်မိထားခြင်း
နောက်ဆက်တွဲများ
ဆီးကျိတ်ယောင်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကတော့
- သွေးထဲသို့ ဘတ်တီးရီးယားများ ပျံနှံ့နိုင်ခြင်း
- ဆီးကြိတ်မှာ ပြည်တည်နာ ဖြစ်တတ်ခြင်း
- တင်ပါးဆုံရိုးနဲ့ ခါးဆစ်ရိုးများထိပါ ပိုးပျံနှံ့နိုင်ခြင်း
- စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း
- လိင်ဆက်ဆံရာမှာ အနှောင့်အယှက်ဖြစ်ခြင်း
- ပန်းသေပန်းညှိုးခြင်း စသည့် ပြဿနာများ ကြုံရနိုင်ပါတယ်။
အထက်ပါ လက္ခဏာများခံစားရလျှင် တုံ့ဆိုင်းမနေဘဲ ဆီးလမ်းကြောင်းဆိုင်ရာ အထူးကုပါရဂူများနဲ့ အမြန်ဆုံး ဆွေးနွေးကုသမှုခံယူစေလိုပါတယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်