အမျိုးသားများ မြုံခြင်း၊ ကလေးရအောင် မစွမ်းဆောင်နိုင်ခြင်း
ကလေးရအောင်စွမ်းဆောင်နိုင်ဖို့အတွက် အမျိုးသားမှာ မျိုးပွားအင်္ဂါလမ်းကြောင်း ကောင်းကောင်း အလုပ်လုပ်ဖို့လိုပါတယ်။ လင်မယားစုံတွဲ ၇ တွဲ မှာ ၁ တွဲ ခန့် ကလေးမရနိုင်ဖြစ်တတ်ပြီး အဲဒီထဲက သုံးပုံတစ်ပုံဟာ အမျိုးသားမှာ ပြဿနာရှိနေခြင်းကြောင့် ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်မှာ အနည်းဆုံး ဝှေးစေ့တစ်ဘက်ကတော့ အရည်အသွေးနဲ့ အရေအတွက်ပြည့်မှီတဲ့ သုက်ပိုးကောင်းစွာထုတ်လုပ်နိုင်ဖို့၊ သုက်ပို့ပြွန်များပွင့်နေပြီး သုက်လွှတ်နိုင်ဖို့ လိုပါတယ်။
ဘာကြောင့်ဖြစ်တာလဲ?
သုက်ပိုးအရည်အတွက်နည်းခြင်း၊ သုက်ပို့ပြွန်ပိတ်ခြင်း အလုပ်မလုပ်ခြင်းကြောင့် သုက်ပိုးများကောင်းစွာမသယ်ဆောင်ပေးနိုင်ခြင်း၊ ကပ္ပါယ်အိတ်နှင့် ဝှေးစေ့တွင် ရောဂါတစ်ခုခုရှိခြင်း၊ ဟော်မုန်းမမျှတခြင်း၊ မျိုးရိုးလိုက်သော ရောဂါတစ်ခုခုရှိခြင်း၊ ထိခိုက်ဒဏ်ရာရထားခြင်း၊ နာတာရှည်ရောဂါများနှင့် အချို့သော လူနေမှုဘဝပုံစံများ ကြောင့် ကလေးမရနိင်ဖြစ်ပါတယ်။ ဆေးလိပ်၊ အရက်အလွန်အကျွံမှီဝဲသူ၊ အဝလွန်သူများမှာ ပို ဖြစ်နိုင်ပါတယ်။
- အလုပ်အကိုင်
ပြင်းထန်လွန်းသောအပူချိန်၊ ဓာတုဆေးဝါးနှင့် အဆိပ်၊ ပိုးသတ်ဆေး၊ အိမ်သုတ်ဆေး၊ ခဲနှင့် ဓာတ်သတ္တု၊ ဓာတ်ရောင်ခြည်ထိတွေ့မှုရှိတဲ့ လုပ်ငန်းခွင်ဝင်နေရသူများမှာ သုတ်ပိုးထုတ်လုပ်မှု လျော့ကျနိုင်ပါတယ်။
ရောဂါများကြောင့်
- ကပ္ပါယ်အိတ်သွေးကြောထုံးခြင်း
ဝှေးစေ့ကနေ ပြန်လာတဲ့ သွေးပြန်ကြောတွေ ထုံးတဲ့ရောဂါပါ။ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းရင်းမရှိပါ။ ဒီရောဂါကြောင့် သုက်ပိုး အရေအတွက်နဲ့ အရေအသွေးကျဆင်းတတ်ပါတယ်။
- ကပ္ပါယ်အိတ်နှင့် ဝှေးစေ့ရောင်ရမ်းခြင်း
HIV နှင့် ဆီးပူညောင်းကျ ဂနိုရောဂါတို့လိုမျိုး လိင်မှတဆင့် ကူးစက်တတ်သောရောဂါကူးစက်သူတွေမှာ ပိုးဝင်ရောင်ရမ်းခြင်းကြောင့် သုက်ပို့ပြွန်လမ်းကြောင်းပိတ်ဆို့စေတတ်ပါတယ်။
- ပြောင်းပြန်သုက်လွှတ်ခြင်း
သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်ဟာ လိင်အဂ်ါမှအပြင်သို့ မထွက်ဘဲ ဆီးအိမ်ထဲကို ဝင်သွားတာဖြစ်ပါတယ်။ သွေးချိုဆီးချိုကဲ့သို့ အချို့သောရောဂါများ၊ ကျောရိုးအာရုံမကြီးထိခိုက်ဒဏ်ရာရထားသူများ၊ ဆီးအိမ် ဆီးပြွန်နှင့် ဆီးကျိတ်ခွဲစိတ်ကူသမှုခံယူထားသူတွေမှာ ဖြစ်နိုင်ပါတယ်။
- ကင်ဆာရောဂါများ
အချို့သောကင်ဆာရောဂါတွေမှာ အမျိုးသားဟော်မုန်းထုတ်လုပ်မှုကို လျော့ကျစေခြင်း၊ သုက်ပိုးထုတ်လုပ်မှုကို ထိခိုက်စေခြင်းကြောင့် မြုံနိုင်ပါတယ်။ ကင်ဆာရောဂါကုဆေးဝါးတွေ၊ ခွဲစိတ်ခြင်းနှင့် ဓာတ်ရောင်ခြည်ကုထုံးတွေကြောင့်လည်း ကလေးရနိုင်ခြေကို လျော့ကျစေပါတယ်။
- ကိုယ်ခံအားက ပြန်လည်ဖျက်ဆီးမှုခံရခြင်း
ကိုယ်တွင်းခုခံတဲ့ ဆဲလ်များက သုက်ပိုးတွေကို ပြင်ပရောဂါပိုးများနှင့် အမှတ်မှားပြီး မှားယွင်းတိုက်ခိုက်ဖျက်ဆီးခံရတာမျိုး ဖြစ်နိုင်ပါတယ်။
- ဝှေးစေ့တစ်လုံးပဲရှိခြင်း
သန္ဓေသားဘဝမှာကတည်းက ဝှေးစေ့နှစ်ဘက်စလုံးဟာ ဝမ်းခေါင်းထဲကနေ ကပ္ပါယ်အိတ်ထဲဆင်းလာရမယ့်အစား တစ်လုံးက ဝမ်းခေါင်းထဲမှာဖြစ်ဖြစ်၊ လမ်းခုလတ်မှာဖြစ်ဖြစ် ကျန်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို အမျိူးသားတွေမှာ ကလေးရနိုင်စွမ်းနည်းသလို ကျန်ခဲ့တဲ့ ဝှေးစေ့တစ်လုံးကလည်း ကင်ဆာဖြစ်စေနိုင်လို့ ခွဲစိတ်ကုသဖို့လိုပါတယ်။
- ဟော်မုန်းမညီမျှခြင်း
ဝှေးစေ့ကိုသုက်ပိုးထုတ်ခိုင်းတဲ့ အမျိုးသားဟော်မုန်းတွေ မထွက်တာ၊ မညီမျှတာ သို့မဟုတ် ဝှေးစေ့ကိုယ်တိုင်ကိုက ခိုင်းတာကို ကောင်းကောင်းမလုပ်တာကြောင့် ဖြစ်ပါတယ်။
- သုက်ပို့ပြွန်ပိတ်ဆို့ခြင်း
သုက်ပိုးထုတ်လုပ်ပါရက်နဲ့ သုက်ရည်ကို သယ်ပို့ပေးတဲ့လမ်းကြောင်းပိတ်ဆို့နေခြင်းကြောင့်ဖြစ်ပါတယ်။ မွေးရာပါရောဂါအချို့၊ ကူးစက်ရောဂါများ၊ ခွဲစိတ်ခံရခြင်းနှင့် မတော်တဆထိခိုက်ဒဏ်ရာရခြင်းတွေမှာ သုက်ပို့ပြွန်လမ်းကြောင်းပြဿနာတွေဖြစ်တတ်ပါတယ်။
- လိင်မှုဆက်ဆံရေးတွင်ပြဿနာများရှိခြင်း
လိင်အဂ်ါထောင်မတ်နိုင်စွမ်းမရှိခြင်း၊ ကြာရှည်မထောင်မတ်နိုင်ခြင်း၊ သုက်လွှတ်စောခြင်း၊ လိင်တံမှာ ရောဂါရှိခြင်းများ၊ လက်တွဲဖော်နဲ့ လိင်မှုဆက်ဆံရေးပြဿနာများ၊ စိတ်ဖိစီးမှုများပြီး စိတ်ကျန်းမာရေးထိခိုက်စေတဲ့ အခြေအနေများမှာလည်း ကလေးမရနိင်ဖြစ်ပါတယ်။
ရှားပါးခရိုမိုဇုန်းရောဂါသည်တွေမှာလည်း အမျိုးသားပီသမှုမရှိတဲ့အတွက် ကလေးရနိုင်ခြေ နည်းပါးပါတယ်။
ရောဂါလက္ခဏာများ ဘာတွေဖြစ်တတ်လဲ?
အမျိုးသားတွေမှာ လိင်ဆက်ဆံရာမှာ အချို့သော ပြဿနာတွေဖြစ်တဲ့ လိင်အဂ်ါထောင်မတ်ရန်ခက်ခဲခြင်း၊ သုက်ထွက်ခက်ခဲခြင်း၊ နည်းခြင်း၊ လိင်စိတ်ဆန္ဒနည်းခြင်း၊ ကပ္ပါယ်အိတ်မှာ နာကျင်ခြင်း၊ အလုံးအကျိတ်ဖြစ်ခြင်း၊ မျက်နှာနဲ့ အခြားနေရာတွေမှာ အမွှေးအမျှင်နည်းလာခြင်း၊ ရင်သားစူထွက်ကြီးထွားလာခြင်းတွေ ဖြစ်နိုင်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ကလေးမရနိုင်သူအမျိုးသားတွေမှာ စိတ်ဖိစီးမှုရှိပြီး လက်တွဲဖော်နဲ့ အိမ်ထောင်ရေးပြဿနာများ ပေါ်ပေါက်လာနိုင်ပါတယ်။
ကျန်းမာပြီး အမျိုးသားပီသမှုရှိအောင် ဘယ်လို ဂရုစိုက်နေထိုင်ကြမလဲ?
ကျန်းမာပြီး အမျိုးသားပီသမှုရှိအောင် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး ဂရုပြုနေထိုင်ဖို့ လိုအပ်ပါတယ်။
-
ဆေးလိပ်အရက် အလွန်အကျွံမှီဝဲခြင်း၊ တားမြစ်ဆေးဝါးများသုံးခြင်း ရှောင်ပါ။
-
ပုံမှန်ရှိသင့်တဲ့ကိုယ်အလေးချိန်ရှိအောင် ဂရုစိုက်ပါ။
-
ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပါ။
-
လုပ်ငန်းခွင်တွင် ဓာတုဆေးဝါး၊ ဓာတ်ရောင်ခြည်အန္တရာယ်များရှိပါက အတတ်နိုင်ဆုံးရှောင်ရှားရန် နည်းလမ်းရှာပါ။
-
စိတ်ဖိစီးမှု လျှော့ချပါ။
တစ်ခါတစ်ရံမှာလည်း အကြောင်းရင်းမရှိဘဲ ကိုယ်ဝန်မရနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ စုံတွဲတစ်တွဲမှာ ရင်သွေးရရန် ခက်ခဲရင် နှစ်ဦးစလုံးကို စမ်းသပ်ရောဂါရှာဖွေစစ်ဆေးဖို့ လိုအပ်တဲ့အတွက် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပွင့်လင်းစွာ တိုင်ပင်သင့်ပါတယ်။