ဉာဏ်ရည်ထက်မြက်စေမယ့် နည်းလမ်းကောင်းများ
‘ဉာဏ်ကောင်းချင်သလား’ လို့ မေးရင် လူတိုင်း ‘အင်း’ ဆိုပြီး ခေါင်းငြိမ့်ပြမှာ အသေအချာပါပဲ။ ဟုတ်တယ်လေ လူတိုင်းကတော့ ဉာဏ်ရည်ထက်ထက်မြက်မြက်နဲ့ ပေါ်ပေါ်လွင်လွင်ဖြစ်ချင်ကြတာ သဘာဝပဲကိုး။
‘ဉာဏ်ရည်ထက်မြက်တယ်ဆိုတာက လူတိုင်းဖြစ်နိုင်စွမ်းတဲ့အရာမှ မဟုတ်တာ၊ ဘုရားပေးသလောက်ပဲပေါ့’ လို့တော့ မတွေးလိုက်ပါနဲ့။ လူတစ်ဦးချင်းစီရဲ့ မှတ်ဉာဏ်အရည်အသွေးကို မြှင့်တင်လို့ရပါ။ နည်းမှန်လမ်းမှန်နဲ့ လိုက်နာလုပ်ဆောင်နိုင်မယ်ဆိုရင် သေချာပေါက် သင်လည်း ဉာဏ်ရည်ထက်မြက်လာမှာပါ။ ဘယ်လိုလဲ သိချင်နေပြီဆိုရင်တော့ နည်းလမ်းလေးတွေကို အောက်ပါအတိုင်း ပြောပြပေးသွားပါမယ်နော် …
• ပုံမှန် သီချင်းနားဆင်ပါ - သီချင်းတွေက သင့်ကို လန်းဆန်းဆက်ကြွစေရုံသာမက မှတ်ဉာဏ်နဲ့ စိတ်ခံစားချက်ကိုပါ ကောင်းမွန်အောင် မြှင့်တင်ပေးပါတယ်
• အပေါင်းအသင်း မိတ်ဆွေသစ် ရှာပါ - သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဆွေဖွဲ့တဲ့အခါ သင့်ဦးနှောက်ရဲ့ လုပ်ဆောင်မှုနှုန်းဟာ ပဟေဠိတွေ ဖြေဆိုသလိုမျိုး အကျိုးရှိပါလိမ့်မယ်
• ရယ်မောပါ - လူတွေ ရယ်မောပျော်ရွှင်တဲ့အခါ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်လာတဲ့ Cortisol ဟိုမုန်းတွေကို ပိုပိုနည်းသွားပါတယ်၊ Cortisol နည်းလေလေ ဦးနှောက်ပိုပြီး ကျန်းမာလေပါပဲတဲ့
• အပြင်သွားပါ - သဘာဝတရားက လူတွေရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ပြတင်းပေါက်ကနေ ပြင်ပရှုမျှော်ခင်းတွေကို လှမ်းကြည့်တာ၊ အပြင်ထွက်ပြီး လေကောင်းလေသန့် ခံယူတာတွေက ဦးနှောက်ကို အပန်းပြေစေသလို ဒေတာတွေနဲ့ တင်းကျပ်နေတဲ့ အတွေးတွေကို ပြေလျော့သွားအောင် ကူညီပေးပါလိမ့်မယ်
• အချိန်မှန် အစာစားပါ - အစာကို သတ်သတ်မှတ်မှတ်နဲ့ အချိန်မှန်စားတာက လူကိုယ်တင်ကျန်းမာစေတာမဟုတ်ပါဘူး စိတ်ကိုလည်း လန်းဆန်းတက်ကြွလာအောင် ကူညီပေးနိုင်ပါတယ်
• လေ့လာသင်ယူပါ - ကိုယ် ဘယ်အသက်အရွယ်ကို ရောက်နေပါစေ လေ့လာသင်ယူမှုတွေကို ရပ်တန့်မလိုက်ပါနဲ့။ သင်ကြားလေ့လာမှုတွေဟာ ဉာဏ်ရည်ထက်မြက်စေဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်
• တစ်ကြိမ်မှာ တစ်ခုပဲ အာရုံစိုက်ပါ - လူတစ်ယောက်က တစ်ချိန်တည်းမှာ လုပ်နိုင်စွမ်းရှိတဲ့အရာတွေ အများကြီးပါ။ တီဗီကြည့်ရင်း ထမင်းစားတာမျိုး၊ စာအုပ်ဖတ်ရင်း သီချင်းနားထောင်တာမျိုးတွေပေါ့။ တကယ်တော့ ဉာဏ်ရည်ထက်ထက်မြက်မြက်နဲ့ ကိစ္စတိုင်းကို ကိုင်တွယ်နိုင်ချင်တယ်ဆိုရင်တော့ တစ်ကြိမ်မှာ တစ်ခုကိုပဲ အာရုံစိုက်တာ အကောင်းဆုံးပါပဲ
• တရားထိုင်ပါ - တရားထိုင်တယ်ပဲဆိုဆို၊ အသက်ရှုလေ့ကျင့်ခန်း လုပ်တယ်ပဲပြောပြော အဓိက ရည်ရွယ်ချက်က စိတ်ငြိမ်းချမ်းမှုရဖို့ပါ။ ဒီနည်းလမ်းဟာ သွေးတိုးနဲ့ ကိုလက်စထရောပမာဏကို ထိမ်းချုပ်ပေးနိုင်သလို အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကောင်းမွန်စေဖို့လည်း ကူညီပေးပါတယ်တဲ့
• ချွေးထွက်အောင်လုပ်ပါ - ဟုတ်ပါတယ်။ လေ့ကျင့်ခန်း တစ်မျိုးမျိုးကို နေ့စဉ်ပြုလုပ်ပြီး ချွေးထွက်အောင်လုပ်တာကလည်း ဉာဏ်ရည်ထက်မြက်စေဖို့ နည်းနာကောင်းတစ်ခုဖြစ်ပါတယ်
• အနားယူပါ - လုံလုံလောက်လောက်အိပ်ပြီး နည်းမှန်လမ်းမှန်နဲ့ အနားယူမယ်ဆိုရင် သင့်အနေနဲ့ ရုပ်ရော စိတ်ပါ ကျန်းမာစေပါလိမ့်မယ်
• ကျန်းမာရေးကို ဂရုစိုက်ပါ - ဆေးလိပ်ဖြတ်တာ၊ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချတာ၊ စိတ်ကျန်းမာရေးကို ဂရုစိုက်တာမျိုးတွေက သင့်ရဲ့ ဦးနှောက်နဲ့မှတ်ဉာဏ်လုပ်ဆောင်ရည်ကို ပိုပြီး ကောင်းမွန်စေမှာပါ
ခုဖော်ပြပေးခဲ့တာတွေကတော့ မှတ်ဉာဏ်ကောင်းမွန် ထက်မြက်စေမယ့် နည်းလမ်းလေးတွေပါ။ ဒီနည်းလမ်းလေးတွေကို လိုက်နာပြီး မိမိတို့ရဲ့ ဉာဏ်ရည်ပိုမိုတိုးတက် ထက်မြက်လာအောင် ဆောင်ရွက်နိုင်ပါတယ်။ ကဲ သင်ရော ဉာဏ်ပိုကောင်းဖို့ အသင့်ဖြစ်ပြီလား …
ရေးသားသူ - ရဲဇွန်အောင်