သိထားသင့်တဲ့ အသည်းရောင်ဘီ
ဘီပိုးဟာ လူတိုင်းနဲ့ မစိမ်းတော့တဲ့ ရောဂါတစ်ခုပါ။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ ဘီပိုးရှိသူ ၂၉၆ သန်းရှိပြီး နှစ်စဥ် ဘီပိုးကူးစက်ခံရသူ ၁.၅ သန်းခန့် ရှိတယ်ဆိုတဲ့အတွက် မနည်းလှတဲ့ ပမာဏပါပဲ။
ဘီပိုးရှိတဲ့သူတွေ၊ ဘီပိုးရှိတဲ့သူနဲ့ အတူနေရသူတွေ၊ ဘီပိုးမရှိသေးပေမယ့် ကူးမှာကြောက်သူတွေ စသဖြင့် ဘီပိုးအကြောင်း သေချာသိချင်တဲ့သူတွေ များမယ်ထင်ပါတယ်။
ဒါကြောင့် ဘီပိုးဟာ ကြောက်စရာကြီးလား၊ ဘီပိုးရှိရင် လူဖြစ်ရှုံးပြီလား၊ ဘီပိုးရှိရင် ဘယ်လိုနေထိုင်စားသောက်ရမလဲ၊ ဘီပိုးမကူးအောင် ဘာလုပ်ရမလဲဆိုတာ ပြောပြပေးသွားမယ်နော်။
ဘီပိုးဆိုတာက တော်တော်များများသိတဲ့အတိုင်း အသည်းရောင်ဘီ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ ဖြစ်တာပါ။ ရောဂါပိုးဝင်ပြီး လတ်တလော အသည်းရောင်အသားဝါ လက္ခဏာတွေပြတတ်သလို လက္ခဏာမပြဘဲ နာတာရှည်ရောဂါအနေနဲ့လည်း ဖြစ်တတ်ပါတယ်။
ဘီပိုးရှိမှန်း ဘယ်လိုသိနိုင်မလဲ?
ရောဂါလက္ခဏာပြလို့ဖြစ်စေ၊ မပြဘဲဖြစ်စေ သွေးစစ်ကြည့်မှ သိမှာပါ။
ရောဂါလက္ခဏာတွေက ဘာလဲ?
- အသားဝါ၊ မျက်စိဝါတာ
- ဆီးအရောင်ရင့်တာ
- မောပန်းပြီး နုံးနေတာ
- ပျို့ချင်အန်ချင်တာ
- ဗိုက်အောင့်တာတွေ ခံစားရတတ်ပါတယ်။
ဘယ်လိုကူးသလဲ?
- ကလေးမွေးတဲ့အချိန်မှာ မိခင်ကနေ ကလေးကို ကူးတာ
- လိင်ဆက်ဆံရာက ကူးတာ
- သွေးသွင်းရာက ကူးတာ
- တက်တူးထိုးတာ၊ နားဖောက်တာမှာ သီးခြားအပ်မသုံးလို့ ကူးတာ
- ဘီပိုးရှိသူထိုးပြီးသားအပ်စူးတာ
- ဘီပိုးရှိသူရဲ့သွေး ဒါမှမဟုတ် တံတွေး၊ ချွေး၊ ရာသီသွေးတို့လို့ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေနဲ့ ထိတွေ့မိရာက ကူးတာမျိုး ဖြစ်နိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ?
သွေးစစ်ကြည့်လို့ ဘီပိုးရှိမနေသေးဘူးဆိုရင် ကာကွယ်ဆေးထိုးလို့ရပါတယ်။ ကာကွယ်ဆေးက ၉၀-၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။
ဘီပိုးက ကြောက်စရာကောင်းလားဆိုတော့ ဘီပိုးရှိနေရက်နဲ့ ကျန်းမာအောင် နေထိုင်စားသောက်မှု မရှိရင် အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်တာမို့ ကြောက်စရာကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ဘဝနေထိုင်မှုပုံစံကို ဂရုစိုက်ခြင်းဖြင့် ဘီပိုးနဲ့အတူ သက်တမ်းစေ့နေလို့ရပါတယ်။
ဘီပိုးရှိရင် ဘာတွေလုပ်ရမလဲ?
ဘီပိုးပျောက်တဲ့ဆေးရယ်လို့တော့ မရှိသေးပါဘူး။ ဒါပေမယ့် Tenofovir နဲ့ Entecavir တို့လိုတချို့ Antiviral ဆေးတွေက အသည်းခြောက်၊ အသည်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာမို့ အသည်းအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးသင့်ပါတယ်။
အရက်ဖြတ်တာ၊ ဆီကြော်တွေ၊ အဆီတွေ၊ ရယ်ဒီမိတ်အစားအစာတွေ ရှောင်တာ၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားတာ၊ကိုယ်လက်လှုပ်ရှားလုပ်တာ၊ ဆေးအများစုက အသည်းကတဆင့် စွန့်ထုတ်ရတာမို့ ပါရာစီတမောလို အသည်းကိုဒဏ်ဖြစ်စေတဲ့ဆေးတွေ အလွယ်တကူမသောက်တာတွေက အသည်းပျက်စီးခြင်းကို ကာကွယ်ပေးမှာပါ။
ဒီတော့ ဘီပိုးရှိခဲ့ရင်လည်း အရမ်းစိုးရိမ်မနေဘဲ မိမိတို့အသည်းလေးကို ကျန်းမာအောင်ပြုစု ကာကွယ်ကြပါနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ - ယဉ်ရွှေရည်