ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု မိုင်တိုင်များ
ကလေးများ အသက်အရွယ်အလိုက် ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးနေခြင်းရှိမရှိကို တိုင်းတာဖို့အတွက် ဖွံ့ဖြိုးမှုမိုင်တိုင်များနှင့် သတ်မှတ်ကြည့်ရှုလေ့ရှိကြပါတယ်။ ကလေးများ ကြီးထွားဖွံ့ဖြိုးတယ်ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုတစ်ခုတည်းတင်မက ဦးနှောက်ဖွံ့ဖြိုးမှု၊ အာရုံခံစားနိုင်မှု၊ ကိုယ်လက်လှုပ်ရှားထိန်းချုပ်နိုင်မှု၊ စိတ်ခံစားမှု စသည့် နယ်ပယ်မျိုးစုံမှာ ဘက်စုံဖွံ့ဖြိုးလာတာကို ခေါ်တာပါ။
- ၁ လ အရွယ် ကလေးငယ်
ကလေးငယ်ဟာ ပတ်ဝန်းကျင်ရှိ သူ ရင်းနှီးကျွမ်းဝင်တဲ့ အသံကြားရင် အသံလာရာဘက်ကို ခေါင်းလေးလှည့်ဖို့ကြိုးစားပါတယ်။ လက်ချောင်းလေးများက နို့စို့နေစဥ် မေမေ့ကို ကိုင်တွယ်ပါမယ်။ သူ့ ပါးစပ် အနီးအနားကိုလည်း ကိုင်တွယ်ပါမယ်။ ဝူးဝူးဝါးဝါး ထွက်ဖို့ ကြိုးစားပါမယ်။
သူ့ခြေလက်ကလေးများကို ဆန့်ပေးခြင်း၊ ငြိမ့်ညောင်းသာယာတဲ့ တေးသံလေးများ ဖွင့်ပေးခြင်း၊ စကားပြောပေးခြင်းများ၊ ယုယပိုက်ထွေးပေးထားခြင်းများ ပြုလုပ်ပေးနိုင်ပါတယ်။
- ၁ လခွဲ မှ ၂ လခွဲ အရွယ် ကလေးငယ်
သူ့ကို မှောက်ထားရင် ပက်လက်ကလေး ပြန်လှန်ဖို့၊ ခေါင်းလေး ထောင်မတ်ဖို့ သူကြိုးစားပါတယ်။ ပက်လက်လှန်ထားရင်လည်း ဘေးကိုလှိမ့်ဖို့ ကြိုးစားပါတယ်။ ဝူးဝူးဝါးဝါး အဲအဲ စတဲ့ အသံလေးများ စပြုနေပါပြီ။
- ၃ လ အရွယ် ကလေးငယ်
မှောက်ထားရင် ခေါင်းလေး ခပ်ကြာကြာ ထောင်မတ်နေနိုင်ပါပြီ။ အသံမျိုးစုံကိုလည်း ပြုလုပ်နေပါပြီ။ ခြေထောက်လေးများက မြင်ရာကိုလှမ်းကန်ထိတွေ့ပါမယ်။ အရုပ်လေးတွေပေးလိုက်ရင် ဆုပ်ကိုင်ထားပါတယ်။ အသံကြားရာဘက်ကို တန်းသိပါပြီ။ သူ့ကို စကားတွေပြောပေးရင် ပြောတဲ့သူကို အသံလေးတွေနဲ့ တုန့်ပြန်တာ၊ ပြုံးနေတာလေးတွေလုပ်ပါတယ်။
သူ့ဘာသာလိမ့်နိုင်၊ မှောက်နိုင်၊ လှန်နိုင်အောင် ဘေးကဖေးမပေးပါ။ စကားများများပြောပေးပါ။
- ၆ လ အရွယ် ကလေးငယ်
ဝမ်းလျားမှောက်တတ်လာပါပြီ။ လူကြီးက ထိန်းထားရင် ထိုင်နေနိုင်ပါပြီ။ သူ့လက်ဖြင့် တစ်ခုခုကို ကိုင်ပြီး ပါးစပ်ထဲထည့်တတ်၊ ဆုပ်ကိုင်ရမ်းတတ်၊ ကောက်ပေါက်တတ်နေပါပြီ။ မျက်နှာမှာ ခံစားမှုများ စတင်ဖော်ပြတတ်လာပါပြီ။ နှစ်လုံးတွဲ အသံလေးများလည်း ပြောနိုင်နေပြီ။
ကလးကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးထားပါ။ ရုပ်ပုံလေးတွေပြခြင်း၊ စာဖတ်ပြခြင်းများ ပြုလုပ်ပေးနိုင်ပါတယ်။ ၆ လကျော်ရင် ဖြည့်စွက်စာ ကျွေးလို့ရပါပြီ။ ကလေး အိပ်ချိန်မှန်အောင်လည်း စကျင့် ပေးလို့ရပါပြီ။
- ၉ လ မှ ၁၀ လ အရွယ် ကလေးငယ်
သူ့ဘာသာထိုင်တတ်၊ တွားသွားတတ်၊ လက်ဖြင့် တစ်ခုခုကို ကောက်တတ်လာပါပြီ။ သုံးလုံးတွဲ အသံလေးများလည်း ပြောနိုင်နေပြီ။
ကောင်းစွာတွားသွားအောင် ကြွက်သားလေးတွေ သန်လာအောင် ဘောလုံးလေးတွေလှိမ့်ပေးပြီး လိုက်ဖမ်းခိုင်းနိုင်ပါတယ်။ ရောင်စုံရုပ်ပုံလေးတွေပြပြီး သင်ပေးနိုင်ပါတယ်။
- ၁ နှစ် အရွယ် ကလေးငယ်
ခုန်ကိုကိုင်ပြီး မတ်တပ်ရပ်နိုင်ဖို့ သူ ကြိုးစားပြီ။ ဘေးက အကူအညီဖြင့် လမ်းစလျှောက်ပါပြီ။ ဖေဖေမေမေခေါ်တတ်လာပါပြီ။ အစားစားရင် ဇွန်း၊ ခွက်ကလေးတွေကို ကိုင်တာ၊ ရယ်မောကစားတာ၊ လက်ခုပ်တီးတာလည်း လုပ်နိုင်နေပါပြီ။
- ၁ နှစ်ခွဲမှ ၂ နှစ်အရွယ် ကလေးငယ်
သူ့ဘာသာ လမ်းလျှောက်တတ်ပါမယ်။ လှေကား နှစ်ဆင့်လောက်ကို တက်ဖို့ ကြိုးစားပါမယ်။ လက်ဖြင့် အတုံးကလေးများ ဆော့ခြင်း၊ ဆင့်ခြင်း၊ စီထပ်ခြင်းများ လုပ်နိုင်ပါပြီ။ အစာ သူ့ ဘာသာ ကိုင်စားစပြုလာပါပြီ။ စကားလည်း နှစ်လုံး သုံးလုံးတွဲများကို ပြောပါပြီ။
ကလေးကို စကားလုံး အသစ်များ သင်ပေးခြင်း၊ ပုံပြောပြခြင်း၊ အတူကစားပေးခြင်း၊ လက်ဖြင့် ညွှန်ပြခိုင်းခြင်း လုပ်ပေးလို့ရပါတယ်။
- ၃ နှစ် အရွယ် ကလေးငယ်
လှေကားတက်၊ လမ်းလျှောက်ပြေးလွှား၊ ခုန်ပေါက်ခြင်း ပြုလုပ်နေပါပြီ။ လက်ဖြင့် စက်ဝိုင်းပုံ လိုက်ဆွဲခြင်း၊ အတုံးလေးများ မြင့်မြင့်စီခြင်း လုပ်နိုင်နေပြီ။ အစားလည်း ကိုယ်တိုင်စားတတ်လာပြီ။ စကား တော်တော်များများပြောနိုင်၊ ဂဏန်းလေးတွေရွတ်နိုင်သလို သူ့ နံမည် အသက်တို့ကို ပြောပြနိုင်လာပါပြီ။ ကျေနပ်ခြင်း၊ မကျေနပ်ခြင်း ကိုလည်း သူ ပြောတတ်နေပါပြီ။
ကလေးကို ချီးမွှမ်းစကားပြောပေးတာ၊ အားပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ အခြားကလေးများနှင့် ကစားလျှင်လည်း ဝေးဝေးက စောင့်ကြည့်လွှတ်ပေးထားနိုင်ပါတယ်။ ကိုယ်တိုင် အစား သေချာစားတတ်အောင်၊ လက်ဆေးတတ်အောင်၊ အိမ်သာဝင်တတ်အောင် သင်ပေးနိုင်ပါတယ်။ လက်ချောင်းလေးများ သန်မာလာအောင် လက်ချောင်းပန်းချီဆွဲခြင်း၊ သဲ၊ ဂျုံ နယ်ခြင်း စတာတွေကို ကစားစေနိုင်ပါတယ်။ ပတ်ဝန်းကျင်နဲ့ ဆက်ဆံနိုင်အောင် မူကြိုလိုကျောင်းမျိုး စပို့ထားလို့ရနေပါပြီ။
- ၅ နှစ် အရွယ် ကလေးငယ်
ကစားခုန်စားမျိုးစုံ ပြုလုပ်နိုင်နေပြီ။ လက်ဖြင့်လည်း စာလုံးလေးများ၊ မျဥ်းကြောင်းလေးများကို ကောင်းစွာ လိုက်ရေးနိုင်ပြီ ဖြစ်ပါတယ်။
စနစ်တကျ ကောင်းစွာ ပြုစုပျိုးထောင်ခြင်းခံခဲ့ရမယ်ဆိုရင် ကလေးငယ်ဟာ ပတ်ဝန်းကျင်ထဲဝင်ဆံ့ကာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး ဖြတ်လတ်နေမှာ ဖြစ်ပါတယ်။
ကလေးကို မွေးဖွားလာချိန်မှစပြီး သူ့ ဖွံ့ဖြိုးမှု အလိုက် လိုအပ်တာလေးများကို ဂရုတစိုက် ပံ့ပိုးပြုစုသွားခြင်းဖြင့် ကျန်းမာတဲ့ ဉာဏ်ရည်ပြည့်ဝတဲ့ ကလေးငယ်လေးများ ဖြစ်လာအောင် ပျိုးထောင်နိုင်ကြပါစေ။