ကျန်းမာပြီး နည်းလမ်းကျတဲ့ ကိုယ်ဝန်စောင့်ရှောက်ခြင်း
ကိုယ်ဝန်ဆောင်ခြင်းဆိုတာ သာမာန်အားဖြင့် သဘာဝ ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သန္ဓေဟော်မုန်းနဲ့ အခြားဟော်မုန်းများကြောင့် များပြားလှတဲ့ ခန္ဓာကိုယ်တွင်းပြောင်းလဲမှုဖြစ်စဥ်များ ဖြစ်နေတဲ့ကာလပါ။ အဲဒီသဘာဝဖြစ်စဥ်ကနေပဲ ကိုယ်ဝန်ဆောင်မိခင်မှာ ကျန်းမာရေးပြဿနာများဖြစ်မလာစေဖို့၊ သန္ဓေသားလေး ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးလာစေဖို့အတွက် နည်းလမ်းတကျ ကိုယ်ဝန်စောင့်ရှောက်ခြင်းက အရေးကြီးပါတယ်။
ကိုယ်ဝန်ဆောာင်မိခင်မှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများကတော့
- သွေးအားနည်းခြင်း
- သွေးပေါင်ချိန်တက်ခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း
- ကိုယ်ဝန်ဆောင် ဆီးချိုသွေးချိုဖြစ်ခြင်း
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း
- မွေးလမ်းကြောင်း(ယောနိလမ်းကြောင်း) မှိုစွဲခြင်း
- လွန်ကဲစွာ အန်ခြင်း
- အဝလွန်ခြင်း
- စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပူပန်မှုများခြင်း တို့ အဖြစ်များပါတယ်။
ကျန်းမာတဲ့ ကိုယ်ဝန်ဖြစ်အောင် ဘယ်လိုဂရုစိုက်ရမလဲ?
ကျန်းမာတဲ့ ကိုယ်ဝန်ဖြစ်အောင် ဂရုစိုက်ပေးရမယ့် နည်းလမ်းတွေကတော့
1. သွေးအားနည်းခြင်း
မြန်မာအမျိုးသမီးတွေရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့်ရယ်၊ ကိုယ်ဝန်ဆောင်နေချိန်မှာ အဟာရနဲ့အောက်ဆီဂျင်သယ်ဖို့ ပိုမိုလိုအပ်လာတဲ့အတွက်ကြောင့်ရယ် သွေးအားနည်းခြင်းဟာ အဖြစ်များပါတယ်။ သွေးအားနည်းခြင်းကြောင့် နုံးခြင်း၊ အသားရောင်ဖြူလျော့ခြင်း၊ ခံတွင်းပျက်ခြင်း၊ အမောမခံနိုင်ခြင်းများ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်မဆောင်မီကာလကတည်းက အသားနှင့် သံဓာတ်ကြွယ်ဝသော အစာများ အာဟာရပြည့်ဝစွာစားသောက်သင့်ပြီး နဂိုသွေးအားနည်းရောဂါအခံရှိရင် ကြိုတင်ကုသထားသင့်ပါတယ်။ ကိုယ်ဝန်ကာလတလျှောက်လုံးမှ ကလေးနို့တိုက်နေစဥ်အထိ သံဓာတ်ဖြည့်အားဆေးများ မှီဝဲသင့်ပါတယ်။
2. သွေးပေါင်ချိန်တက်ခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း
ကိုယ်ဝန်မဆောင်မီအချိန်က သွေးပေါင်တက်လေ့မရှိတဲ့သူတွေလည်း ဖြစ်တတ်သလို နဂိုသွေးတိုးအခံရှိရင် ပိုလို့တောင်ဖြစ်နိုင်ခြေရှိပါတယ်။ မျက်နှာနှင့် ခြေလက်များ ဖော ယောင်လာတာ၊ ခေါင်းမူးခေါင်းနောက်တာ၊ ဆီးအရောင်နောက်လာတာတွေ ဖြစ်လေ့ရှိပါတယ်။ သွေးပေါင်ချိန်တက်ခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် ပေါင်မပြည့် လမစေ့ဘဲမွေးဖွားတတ်ခြင်း၊ သန္ဓေသားသေဆုံးနိုင်ခြင်း၊ မွေးဖွားစဥ် သွေးသွန်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်တက်ခြင်း အပြင် အသက်အန္တရာယ်အထိဖြစ်နိုင်လို့ အရေးကြီးပါတယ်။ အစားအသောက် ဂရုစိုက်ခြင်း၊ ကိုယ်ဝန်ရက်ချိန်မှန်မှန်ပြခြင်း၊ လိုအပ်ရင် သွေးကျဆေးများ မှန်မှန်သောက်ခြင်းများ လုပ်ရပါမယ်။
3. ကိုယ်ဝန်ဆောင် ဆီးချိုသွေးချိုဖြစ်ခြင်း
ကိုယ်ဝန်ဆောင်ဆီးချိုသွေးချိုတက်ခြင်းသည်လည်း အဖြစ်မများလှပေမယ့် တွေ့ရလေ့ရှိပါတယ်။ အချိုနှင့် ကစီဓာတ် လွန်ကဲစွာ စားသုံးခြင်းမှ ရှောင်ကြဥ်ပြီး ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံ၊ ပေါ့ပါးတဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
4. ဆီးလမ်းကြောင်းပိုးဝင်ခြင်း
ကိုယ်ဝန်ဆောင်ချိန်ဆိုရင် သာမာန်အချိန်ထက်ပိုပြီးဆီးလမ်းကြောင်းပိုးဝင်လွယ်ပါတယ်။ ဆီးပူဆီးကျင်ခြင်း၊ အောင့်ခြင်း၊ ဖျားခြင်း၊ တစ်ခါတစ်ရံချမ်းတုန်ခြင်း၊ ဆီးအနံ့မကောင်းခြင်း၊ ဆီးအရောင်နောက်ခြင်း၊ ဆီးတွင်သွေးပါခြင်း များ ဖြစ်တတ်ပါတယ်။ ရေနှင့် အသီးဖျော်ရည်၊ နို့များများသောက်ခြင်း၊ ဆီးသွားချင်ရင် အောင့်မထားဘဲ မကြာခဏ ဆီးသွားခြင်းများဖြင့် ကာကွယ်နိုင်ပါတယ်။
5. မွေးလမ်းကြောင်း(ယောနိလမ်းကြောင်း) မှိုစွဲခြင်း
ကိုယ်ဝန်ဆောင်တွေ အယောက် ၁၀၀ မှာ ၃၀ လောက်ထိ အဖြစ်များပါတယ်။ မိန်းမကိုယ်မှာ နီရဲယားယံခြင်း၊ ပူခြင်း၊ အဖြူဆင်းခြင်း၊ အနံ့နံခြင်းများ ဖြစ်တတ်ပါတယ်။ သန့်ရှင်းသော ချည်အတွင်းခံများ ဝတ်ခြင်း၊ ဆီး ဝမ်းသွားပြီးချိန်တိုင်း သန့်ရှင်းခြောက်သွေ့အောင်ထားခြင်း၊ လိုအပ်ရင် မိန်းမကိုယ်တွင်းဆေးတောင့်ထည့်ခြင်းများ လုပ်နိုင်ပါတယ်။
6. လွန်ကဲစွာ အန်ခြင်း
ကိုယ်ဝန်ဟော်မုန်းကြောင့် အချို့သောသူတွေမှာ သာမာန်ထက်ကို လွန်ကဲစွာ ပျို့အန်တတ်ကြပါတယ်။ အဆက်မပြတ်ပျို့အန်ပြီး အစာအဟာရ မဝင်နိုင်လောက်အောင်ဖြစ်လာရင်တော့ ဆရာဝန်နှင့် တိုင်ပင်ကာ လိုအပ်တဲ့ကုသမှုများခံယူရပါမယ်။
7. အဝလွန်ခြင်း
ကိုယ်ဝန်ကာလမှာ ပုံမှန်နှုန်းလေးအတိုင်း ကိုယ်အလေးချိန်တက်ဖို့ လိုအပ်ပေမယ့် ကိုယ်အလေးချိန် အတက်လွန်တာ၊ နဂိုကတည်းက အဝလွန်နေတာမျိုးဆိုရင်လည်း အန္တရာယ်ရှိပါတယ်။ အဝလွန်သူကိုယ်ဝန်ဆောင်တွေမှာ သာမာန်ထက် နောက်ဆက်တွဲ ပြဿနာပိုများတတ်ပါတယ်။ အဟာရကို မျှမျှတတစားသောက်ခြင်း၊ နေ့စဥ် လမ်းလျှောက်ခြင်းများ ၊ လိုအပ်ရင် ဆရာဝန်နှင့် တိုင်ပင်ကာ နေထိုင်စားသောက်မှု ပုံစံပြင်ခြင်း လုပ်ပေးရပါမယ်။
8. စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပူပန်မှုများခြင်း
စိတ်အတက်အကျများခြင်း၊ ဘာကိုမှု အာရုံမစူးစိုက်နိုင်ခြင်း၊ ဆုံးဖြတ်ချက်မချနိုင် တွေဝေခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ပူပန်ခြင်း၊ အပြစ်ရှိနေသလို ရှက်သလို ခံစားနေရခြင်းများ ဖြစ်လေ့ရှိပါတယ်။ ဒါတွေဖြစ်လာရင် ကိုယ်ဝန်ကာလမှာ ဖြစ်လေ့ရှိတဲ့ သဘာဝများလို့ လက်ခံထားတတ်ဖို့လိုပါတယ်။ အရှိအတိုင်း လက်ခံခြင်း၊ အကောင်းမြင်စိတ်ထားခြင်း၊ အဖော်များနှင့် စကားပြောခြင်း၊ စိတ်ပြေလက်ပျောက် အပမ်းဖြေ ခရီးတိုသွားခြင်းများဖြင့် သက်သာစေနိုင်ပါတယ်။
ကိုယ်ဝန်ရှိပြီဆိုတာ စပြီးသိတဲ့အချိန်ကစလို့ သက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်ပြသခြင်း၊ ရက်ချိန်းမှန်မှန်ကိုယ်ဝန်အပ်ခြင်း၊ ကာကွယ်ဆေးများ ထိုးခြင်း၊ လိုအပ်တဲ့ညွှန်ကြားချက်များကို အတိအကျ လိုက်နာခြင်းဖြင့် ရောဂါကင်းတဲ့ ကိုယ်ဝန်ကာလကို စနစ်တကျဖြတ်သန်းပြီး ကျန်းမာတဲ့ ရင်သွေးလေးမွေးဖွားနိုင်ပါတယ်။