ဆေးပေါင်းခစေမယ့် မယ်ဇလီဖူး
တန်ဆောင်မုန်းလပြည့်ည ၁၂ နာရီတိတိမှာ ဆေးပေါင်းခအောင်ဆိုပြီး သုပ်စားလေ့ရှိတဲ့ မယ်ဇလီဖူးသုပ်ကို မြန်မာနိုင်ငံက ကလေးလူကြီးမရွေး စားဖူးကြမယ်ထင်ပါတယ်။ မြေပဲ၊ ပုစွန်ခြောက်၊ ကြက်သွန်နီ၊ ဆီချက်၊ သံပုရာရည်တွေကို အချိုးကျကျ ဖြည့်စွက်ထားတဲ့ မယ်ဇလီဖူးသုပ်ကို ရေနွေးကြမ်းလေးနဲ့ စားရတဲ့ အရသာက လပြည့်ညနဲ့ လိုက်ဖက်လွန်းပါတယ်။
ဒီလိုမျိုး လပြည့်ညမှာ အရသာရှိရှိစားလေ့ရှိတဲ့ မယ်ဇလီဖူးက တကယ်ပဲ ဆေးပေါင်းခစေသလားဆိုတာ ပြောပြပေးလိုက်ပါတယ်။
မယ်ဇလီဖူး ဆိုရာဝယ်
မယ်ဇလီဖူး ဆိုတာ ဟင်းရည်ချက်သောက်တဲ့ မယ်ဇလီပင်ရဲ့ အဖူးပါ။ အပွင့်မဖြစ်ခင် အဖူးငုံငုံလေးပါ။ အစိမ်းရောင် လုံးလုံးလေးတွေ အစီအရီရှိပြီး ပြုတ်လိုက်ရင် အဝါရောင်လေး ဖြစ်သွားပါတယ်။ ပြုတ်ပြီး တို့စားလို့ ရသလို သုပ်စားလို့လည်း ရပါတယ်။
မယ်ဇလီဖူးမှာ ဘာတွေပါ
ခါးသက်သက် အရသာရှိတဲ့ မယ်ဇလီဖူးမှာ အဆီဓာတ်၊ ပရိုတင်း၊ ပြာဓာတ်တို့ ပါဝင်နေပါတယ်။
မယ်ဇလီဖူး ဆေးပေါင်းခစေတယ်
ခါးသက်သက် အရသာရှိတဲ့ မယ်ဇလီဖူးကို စားသုံးပေးသူတွေမှာ အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိနိုင်မှာပါ။
ဝမ်းမှန်စေတယ်
ဝမ်းနှုတ်ဆေးအဖြစ်တောင် အသုံးပြုကြတဲ့ မယ်ဇလီဖူးကို စားသုံးပေးတဲ့ အချိန်အဆ မှန်ကန်မယ်ဆိုရင် ဝမ်းချုပ်တာကို သက်သာစေမှာပါ။
လိပ်ခေါင်း သက်သာစေတယ်
မယ်ဇလီဖူးက ဝမ်းပျော့ပျော့သွားစေပြီး ဝမ်းကျန်တာမျိုး မဖြစ်အောင် တားဆီးပေးနိုင်တာကြောင့် လိပ်ခေါင်း ရှိသူတွေ စားပေးလို့ ရပါတယ်။
အစာကြေစေတယ်
လေထိုးလေအောင့်တာ၊ အစာမကြေလို့ ရင်ပူတာတွေ သက်သာစေဖို့ မယ်ဇလီဖူးကို စားပေးလို့ ရပါတယ်။
သန်ကျစေတယ်
အူလမ်းကြောင်းထဲက သန်တွေကို ချချင်ပေမယ့် သန်ချဆေး မသောက်ချင်ဘူးဆိုရင် သဘာဝသန်ချဆေးဖြစ်တဲပ မယ်ဇလီဖူးကို စားပေးလို့ ရပါတယ်။ မယ်ဇလီရွက်ကို စားပေးရင်လည်း အဆင်ပြေပါတယ်။
သွေးတွင်းအဆီကျစေတယ်
သွေးတွင်းအဆီများသူတွေ စားပေးလို့ ရပါတယ်။ အကြောင်းကတော့ မယ်ဇလီဖူးက သွေးထဲက ကျန်းမာရေးထိခိုက်စေတဲပ အဆီတွေ ဖယ်ရှားပေးလို့ပါ။
ဝိတ်ကျစေတယ်
မယ်ဇလီဖူးရဲ့ နောက်ထပ်အာနိသင် တစ်ခုက အဆာခံစေနိုင်ပြီး အဆီတွေကို လောင်ကျွမ်းစေနိုင်တာကြောင့် ဝိတ်ကျစေတာပါပဲ။
အသားအရေ ကောင်းစေတယ်
မယ်ဇလီဖူးကို စားပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက်သုံးပေးရင်လည်း ရပါတယ်။ မယ်ဇလီဖူးက အဆိပ်အတောက်တွေ ဖယ်ရှားပေးပြီး အသားအရေပေါ်က ဝက်ခြံအမဲစက်တွေကို သက်သာစေဖို့ အားဖြည့်ကူပေးပါတယ်။
ဆီးလမ်းကြောင်းကျန်းမာစေတယ်
အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေချင်ရင်လည်း မယ်ဇလီဖူးကို စားပေးလို့ ရပါသေးတယ်။
ရေးသားသူ - မွန်မွန်