ကိုယ်တွင်းအဆိပ်အတောက်တွေကို ပြေစေတဲ့ ကန်စွန်းရွက်
ကန်စွန်းရွက်မှာ ကြော်စားတဲ့ ကန်စွန်းရွက်၊ ပြုတ်တို့တာ ချဉ်ရည်ချက်စားတာတွေ လုပ်လို့ရတဲ့ ကန်စွန်းရွက်၊ ကန်စွန်းကြီးရွက် စသဖြင့် ကွဲပြားပေမယ့် စားလို့ ကောင်းကြသလို ကျန်းမာစေတယ်ဆိုတာက လူတိုင်း သိထားပြီး ဖြစ်မှာပါ။ အသီးအရွက်တွေထဲမှာမှ ကန်စွန်းရွက်ကို မက်မက်စက်စက် သဘောကျတတ်သူတွေဆိုရင်တော့ အခုဆောင်းပါးလေးကို ဖတ်ထားဖို့ လိုပါပြီ။
ကန်စွန်းရွက် ဆိုရာဝယ်
ကန်စွန်းရွက် ရွက်ရှည်ချွန်ချွန်၊ ရွက်ဖားဖား ဝိုင်းဝိုင်းနဲ့ ပုံစံ အမျိုးမျိုး ရှိသလို အရောင်တွေကလည်း ကွာခြားပါတယ်။ အရသာက သိသိသာသာ ထူးခြားတာမျိုး မရှိပေမယ့် စားရတာ နူးညံ့တဲ့ အရွက် တစ်မျိုးပါ။ အရိုးပွပွမှြ အရွက်တွေ အစီအရီ ထွက်ကြတာမျိုးပါ။
ကန်စွန်းရွက်မှာ ဘာတွေပါ
ကြော်စားစား ချက်စားစား ခံတွင်းမြိန်တဲ့ ကန်စွန်းရွက်မှာ ဗီတာမင် အေ၊ ဗီတာမင် ဘီအုပ်စု၊ ဗီတာမင် စီ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်တို့ ပါဝင်နေပါတယ်။
ကန်စွန်းရွက်က အဆိပ်ပြေစေသတဲ့
ကန်စွန်းရွက်က အဆိပ်ပြေစေတယ်ဆိုတာကို တော်တော်များများကတော့ သိထားပြီး ဖြစ်မှာပါ။ ကန်စွန်းရွက် အရိုးနီရော ကြော်စားတဲ့ ကန်စွန်းရွက်ရောပါ အဆိပ်ပြေစေဖို့ ထောက်ကူပေးနိုင်တာပါ။
အဆိပ်အတောက် ဖြစ်တဲ့အခါ ကန်စွန်းရွက်ကို အရည်ကြိတ် သောက်ပေးတာက နည်းလမ်းကောင်းပါ။ တစ်နေ့တာမှာ ထိတွေ့မိတဲ့ အဆိပ်အတောက်တွေ ပြေစေဖို့လည်း ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။ ကန်စွန်းရွက်က အဆိပ်အတောက် ပြေစေတာအပြင် အခုလို အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါတယ်။
အရေပြား ကျန်းမာစေတယ်
အရေပြားပေါ်က အနာတွေ ထိခိုက်ရှနာတာတွေကို သက်သာစေနိုင်သလို အသားအရေကို အဆိပ်အတောက် ကင်းစေပြီး အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ခံတွင်း အနာ သက်သာစေတယ်
ပါးစပ်ထဲမှာ ပေါက်တတ်တဲ့ အနာဖြူဖြူလေးတွေ သက်သာချင်ရင် ကန်စွန်းရွက် စားပေးလို့ ရပါတယ်။
ကိုယ်ခံအားကောင်းစေတယ်
ဗီတာမင် စီ ပါဝင်နေတာက ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။
အိပ်ပျော်စေတယ်
ညဘက်တွေ အိပ်မပျော်ရင် ကန်စွန်းရွက် စားပေးလို့ ရပါတယ်။ ကန်စွန်းရွက်က အိပ်ပျော်စေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။
ဝမ်းမှန်စေတယ်
အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ထောက်ကူပေးပြီး ဝမ်းမချုပ်အောင် လုပ်ဆောင်ပေးပါတယ်။
သွေးအားကောင်းစေတယ်
သံဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။
ကျောက်ကပ် ကျန်းမာစေတယ်
ရေဓာတ် ပြည့်ဝတာက ကျောက်ကပ်ကို အညစ်အကြေးတွေ စစ်ထုတ်နိုင်စေဖို့ ထောက်ကူပေးပြီး ကျောက်ကပ်ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။
ဆံပင်သန်စေတယ်
ကန်စွန်းရွက်က ဆံပင်သန်စေဖို့ ထောက်ကူပေးရင်း အလှအပကို အားဖြည့်ပေးပါတယ်။
အသည်းကျန်းမာစေတယ်
ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းက အသည်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
မျက်လုံး ကျန်းမာစေတယ်
ဗီတာမင် အေ ပါဝင်နေတာက အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
ရေးသားသူ - မွန်မွန်