အူအတက်ရောင်ခြင်းနဲ့ နောက်ကွယ်
အူအတက်ရောင်လို့၊ အူအတက်ပေါက်လို့ ဆိုတာမျိုး ပတ်ဝန်းကျင်မှာ မကြာခဏ ကြားဖူးကြပါလိမ့်မယ်။
အူအတက်ဆိုတာ ဘာလဲ၊ အူအတက်ရောင်တာ စိုးရိမ်စရာလား ဆိုတာကို သိချင်ကြမယ် ထင်ပါတယ်နော်။
ဒီတော့ အူအတက်အကြောင်းလေး ပြောကြရအောင်။
- အူအတက်ရဲ့ တည်နေရာ…
အူအတက်ဟာ ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ပိုင်းမှာ တည်ရှိပြီး အူမကြီးနဲ့ တွယ်ဆက်လျက်ရှိတဲ့ အရှည် ၅-၁၀ စင်တီမီတာ (၂-၄ လက်မ) ခန့်အရှည် ရှိတဲ့အိတ်ကလေး တစ်ခုပါ။
- အူအတက်ရဲ့ တာဝန်…
အူအတက်ရဲ့ တာဝန်က ဘာလဲ မသေချာဘူးလို့ ပြောကြသလို အူအတက်ဟာ အူထဲမှာရှိတဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို သိမ်းဆည်းပေးတဲ့ နေရာလို့လည်း ယူဆကြပါတယ်။
- အူအတက်ဟာ မရှိမဖြစ်လား
မဟုတ်ပါဘူး။ အူအတက် မရှိလည်းဘဲ ကျန်းမာစွာနဲ့ သက်တမ်းစေ့ နေလို့ရပါတယ်။
အူအတက်ဘာ့ကြောင့် ရောင်တာလဲ…
စပျစ်သီး၊ မာလကာသီး၊ လိမ္မော်သီး၊ ဖရဲသီး စသဖြင့် အသီးအရွက်တွေ၊ သစ်သီးတွေရဲ့ အစေ့တွေ စားလိုက်တဲ့ထဲမှာ မတော်တဆပါသွားတာတွေက အူအတက်မှာ သွားရောက် ပိတ်ဆို့လို့ ရောင်တာပါ။ ပိတ်ဆို့သွားတဲ့အခါ အူအတက်က ရောင်ယမ်းပြီး နာကျင်လာပါတယ်။
အူအတက်ရောင်ရင် ဘယ်လို လက္ခဏာတွေပြသလဲ၊ စိုးရိမ်ရလား??
စိုးရိမ်ရပါတယ်။ အစာမစားချင်တာ၊ ဝမ်းချုပ်တာ သို့မဟုတ် ဝမ်းလျောတာ၊ ရင်ပြည့်ရင်ကယ် မအီမသာဖြစ်နေတာ၊ စစချင်းမှာ ချက်တဝိုက်ကအောင့်ပြီး နောက်ပိုင်းမှာ အူအတက်ရှိရာ ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ပိုင်းနဲ့ ဗိုက်တပြင်လုံးအောင့်တာ၊ ပျို့အန်တာ၊ ဖျားတာ၊ အချိန်မီ ကုသမှုမခံယူရင် ပိုးဆိပ်တက်ပြီး အသက်အန္တရာယ်ရှိတာထိ ဖြစ်နိုင်ပါတယ်။
အချိန်မီ မကုသခဲ့ရင် ဆိုးကျိုးတွေ ဖြစ်နိုင်သလား??
ဖြစ်နိုင်ပါတယ်။ ပိတ်ပြီး ရောင်နေဖောင်းနေတဲ့ အူအတက်ဟာ ပြည်တွေနဲ့ ပြည့်လာပြီး ဝမ်းဗိုက်အတွင်းပြည်တည်နာ ဖြစ်နိုင်ပါတယ်။ ပြည်တည်နာဖြစ်ရင် ပိုးသတ်ဆေးတွေပေးတာ၊ ဝမ်းဗိုက်အပြင်ကနေ ပြည်တည်နာထဲကို ပိုက်တစ်ခုထည့်ထားပြီး ပြည်တွေစွန့်ထုတ်တာ အရင်လုပ်ပါတယ်။ ပြည်တွေကုန်သွားမှ အူအတက်ကို ဖြတ်ထုတ်တာမျိုး လုပ်ရပါတယ်။
နောက်တစ်ခုက အူအတက်က ပေါက်ထွက်သွားပြီး ဝမ်းဗိုက်ထဲကို ပြည်တွေရောက်သွားပြီး ပိုးဆိပ်ပျံ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုဆိုရင်တော့ အရေးပေါ်ခွဲစိတ်ကုသပြီး ဝမ်းဗိုက်အတွင်းသန့်ရှင်းရေး ချက်ချင်လုပ်ပေးမှ တစ်ကိုယ်လုံးကို ပိုးဆိပ်မပျံ့မှာပါ။
ဒါကြောင့် စိုးရိမ်ရတဲ့ လက္ခဏာတွေ ဖြစ်လာရင် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး အချိန်မီ ကုသမှု ခံယူဖို့ မမေ့ပါနဲ့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ရင်ရွှေရည်