လေ့ကျင့်ခန်းလုပ်ဖို့ ပရိုတင်းမှုန့်သောက်ရတော့မယ်ဆိုရင်
Gym ကစားသူတွေအတွက် ပရိုတင်းမှုန့်ဆိုတာ တော်တော်လေးရင်းနှီးတဲ့ ဖြည့်စွက်စာတစ်မျိုးပါ။ အထူးသဖြင့် ကြွက်သားထုတက်ဖို့ ကြိုးစားနေတဲ့ ယောက်ျားလေးတွေအတွက်တော့ နေ့စဉ်မဖြစ်မနေ သောက်ပေးရတဲ့ အားဆေး၊ ဓာတ်စာဆိုလည်း မမှားပါဘူး။
ပရိုတင်းမှုန့်ကို အမျိုးအစားအမျိုးမျိုး တွေ့နိုင်ပြီး လူသောက်များတာတွေကတော့
၁။ Whey ပရိုတင်းအမျိုးအစား
အဆီဓာတ်နည်းပြီး ကြွက်သားထုတည်ဆောက်ဖို့၊ ခန္ဓာကိုယ်ကျစ်လစ်စေဖို့နဲ့ ကြွက်သားသန်မာဖို့ ရည်ရွယ်ချက်နဲ့ Whey ကို သောက်ကြပါတယ်။ ဝိတ်ချနေသူတွေအပြင် လေ့ကျင့်ခန်းကို အပွဆော့ပြီးလို့ အကျစ်ပြန်ဆော့မယ့်သူတွေအတွက် သင့်လျော်ပါတယ်။ Whey က အဆီဓာတ်တော်တော်လေးနည်းတာကြောင့် အစာအာဟာရကို သေချာဂရုစိုက်နိုင်ပါမှ သောက်သင့်ပါတယ်။
၂။ Casein ပရိုတင်း
နို့ကနေ ထုတ်လုပ်တဲ့ ပရိုတင်းမှုန့်ဖြစ်ပြီး သူက အဝလွန်သူတွေ၊ အစားလျှော့စားနေရသူတွေအတွက် ပိုသင့်လျော်ပါတယ်။ အစာချေဖျက်ဖို့ အချိန်ယူရတာကြောင့် အစားအများကြီး စားလို့အဆင်မပြေသလို၊ အစာနဲ့လည်း ခြားပေးဖို့တော့ လိုအပ်နိုင်ပါတယ်။
၃။ Egg ပရိုတင်း
ပရိုတင်းမှုန့်တွေထဲမှာ အဆီဓာတ်ထက် ပရိုတင်းပါဝင်မှုအများဆုံး ဖြည့်စွက်စာအမျိုးအစားဖြစ်ပါတယ်။ အသားဓာတ်ကိုပဲ အဓိကလိုချင်တယ်၊ ဒါပေမယ့် အသားလည်း သိပ်မစားချင်တဲ့သူတွေအတွက် ပိုသင့်တော်ပါတယ်။ ကြွက်သားတက်မြန်တာကြောင့် ပိန်တဲ့သူတွေအတွက် ပိုပြီးသိသာစေပါတယ်။
ပရိုတင်းမှုန့်ကို ဘာအတွက် သောက်ပေးဖို့လိုတာလဲ။
ကိုယ်က စားသောက်နေထိုင်မှုပုံစံကိုသာ သေချာဂရုစိုက်ပေးမယ်ဆိုရင် ပရိုတင်းမှုန့်ကို မဖြစ်မနေ သောက်ပေးစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့ဆိုတာ ခန္ဓာကိုယ်က ပရိုတင်းဓာတ်၊ ကစီဓာတ်နဲ့ ကျန်းမာတဲ့အဆီဓာတ် ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့သူတွေမှာ သာမန်လူတွေထက် အာဟာရဓာတ်ပိုမိုလိုအပ်သလို၊ ပျက်စီးသွားတဲ့ ကြွက်သားမျှင်တွေကို ပြန်ပြုပြင်ဖို့နဲ့ ကြွက်သားထု တည်ဆောက်ဖို့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်။ ဒီအတွက် ပရိုတင်းမှုန့်ကို ဖြည့်စွက်စာအနေနဲ့ မှီဝဲတာဖြစ်ပါတယ်။ များသောအားဖြင့် ပရိုတင်းမှုန့်ဟာ လူတွေနဲ့တည့်ပြီး ကျန်းမာရေးပြဿနာ ကြီးကြီးမားမား ဖြစ်စေတာမျိုး မရှိပါဘူး။
ကောင်းကျိုးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း
၁။ ပရိုတင်းမှုန့်ဟာ အသားတက်မြန်စေပြီး ခန္ဓာကိုယ်နဲ့ လေ့ကျင့်ခန်းအတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်ဆည်းပေးနိုင်တယ်။
၂။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အားပိုစိုက်ထုတ်နိုင်အောင် ကူညီပေးနိုင်တယ်။
၃။ ကိုယ်အလေးချိန်ကျစေတယ်၊ ဒါမှမဟုတ် ကိုယ်အလေးချိန်တက်ဖို့ ကူညီပေးနိုင်တယ်။
၄။ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားမျိုးရအောင် မြန်မြန်ကူညီပေးနိုင်တယ်။
၅။ အဆာခံစေလို့ လေ့ကျင့်ခန်းမလုပ်ခင်နဲ့၊ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ သောက်ပေးခြင်းဖြင့် အစာနဲ့ လေ့ကျင့်ခန်းကြား အချိန်ခြားပေးနိုင်တယ်။
၆။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်ပျက်နှုန်းကို မြန်စေလို့ ကယ်လိုရီတွေ ကောင်းကောင်းလောင်ကျွမ်းစေတယ်။
ဒီတော့ ကိုယ်က ပရိုတင်းမှုန့်ကို သောက်တော့မယ်ဆိုရင်
၁။ အရင်ဆုံး ကိုယ်ပြနေကျ ဆရာဝန် ဒါမှမဟုတ် နည်းပြဆရာနဲ့ တိုင်ပင်ပြီး အမှန်တကယ် သောက်ဖို့လိုအပ်လား၊ ကိုယ့်ကျန်းမာရေးနဲ့ ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်လားဆိုတာ မေးမြန်းပါ။
၂။ သောက်ဖို့ သင့်တော်တယ်ဆိုရင် ဘယ်လိုပရိုတင်းမှုန့်အမျိုးအစား သောက်သင့်လဲ၊ ဘယ်တံဆိပ်ကို သောက်ရမလဲဆိုတာကို မေးမြန်းပါ။
၃။ ပုံမှန်အားဖြင့် လေ့ကျင့်ခန်း မလုပ်ခင်၊ လုပ်နေစဉ်နဲ့ လုပ်ပြီးအချိန်တွေမှာ သောက်တတ်ကြပေမယ့် တစ်ရက်တစ်ခွက် ပုံမှန်သောက်ပေးရင်လည်း အဆင်ပြေပါတယ်။
၄။ ပရိုတင်းမှုန့်ဟာ ဖြည့်စွက်စာဖြစ်တဲ့အတွက် ရေများများသောက်ပေးဖို့ကိုတော့ မမေ့ပါနဲ့။
၅။ ပရိုတင်းမှုန့်ကို အားဆေးအနေနဲ့ သဘောထားပြီး ကိုယ့်ရဲ့တစ်နေ့တာမှာ အစာအာဟာရ ပြည့်ဝအောင် စားပေးဖို့က အရမ်းအရေးကြီးပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်