ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝမှာ မပါမဖြစ် လေ့ကျင့်ခန်းလုပ်ခြင်း
ဒီဘက်ခေတ်မှာတော့ လူတော်တော်များများ လေ့ကျင့်ခန်းလုပ်နေကြပြီဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခုထိ လေ့ကျင့်ခန်းလုပ်ဖို့ တွန့်ဆုတ်နေသေးသူတွေလည်း ရှိပါတယ်။ လေ့ကျင့်ခန်းလို့ ဆိုတဲ့နေရာမှာ လမ်းလျှောက်တာ၊ ပြေးတာလို ပေါ့ပေါးပါးပါး လေ့ကျင့်ခန်းမျိုး၊ ရေကူး၊ ဘောလုံးကန်တာလိုမျိုး အားကစား၊ ယောဂကျင့်တာလိုမျိုး စိတ်ကိုလန်းဆန်းစေပြီး အကြောလျှော့ပေးတဲ့ လေ့ကျင့်ခန်းမျိုးတွေအပြင် ကြွက်သားထုတည်ဆောက်ဖို့နဲ့ ကိုယ်အလေးချိန်ကျဖို့၊ ဒါမှမဟုတ် တက်ဖို့ အလေးမလေ့ကျင့်ခန်း၊ Gym မှာ လေ့ကျင့်ခန်းလုပ်တာတွေ အားလုံး ပါဝင်ပါတယ်။
ဒါဆို ကျန်းမာပျော်ရွှင်ချင်တဲ့သူတိုင်း ဘာလို့ လေ့ကျင့်ခန်းမဖြစ်မနေ လုပ်ပေးသင့်တာလဲ။
၁။ ကိုယ်ခံအားစနစ်ကို အားကောင်းစေတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ထုတ်နိုင်စွမ်းကို အားကောင်းစေပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းဟာ ကြွက်သားနဲ့ အရိုးအဆစ်တွေကို ကြံ့ခိုင်စေရုံသာမက ကိုယ်ခံအားစနစ်ကိုပါ ကောင်းမွန်စေလို့ အလွယ်တကူ ဖျားနာခြင်းတွေ ဖြစ်စေမှာ မဟုတ်ပါဘူး။
၂။ အစာစားချင်စိတ်ကို ဖြစ်စေတယ်။
လေ့ကျင့်ခန်းကို သေချာလုပ်တဲ့သူတွေဟာ ချွေးအလွန်အကျွံထွက်သလို၊ အားအင်ကုန်ဆုံးတဲ့အတွက် သာမန်လူတွေထက် အစာပိုစားချင်စိတ် ဖြစ်စေပါတယ်။ ဒီအတွက် အသက်အရွယ်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားစေနိုင်ပြီး ပြည့်ဝတဲ့၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရရှိတဲ့ အစားအစာတွေကို ပိုပြီး စားအောင်လည်း ကူညီပေးနိုင်ပါတယ်။
၃။ အိပ်ချိန်မှန်စေတယ်။
တစ်နေကုန် ပင်ပန်းတဲ့နေ့တွေမှာ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ မျက်လုံးကစဉ်းပြီး ချက်ချင်းအိပ်ချင်စိတ် ဖြစ်တာကို သတိထားမိမှာပါ။ လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို အသုံးပြုပြီးလှုပ်ရှားနေရတာဖြစ်လို့ ညဘက်တွေမှာ မလိုအပ်ဘဲ ရုပ်ရှင်အကြာကြီးထိုင်ကြည့်ချင်တာ၊ ဖုန်းကြည့်တာ၊ ဂိမ်းဆော့ချင်စိတ်တွေ ဖြစ်မှာမဟုတ်ဘဲ အိပ်ရာကို အမြန်ဝင်ပြီး အိပ်ချင်စိတ်တွေပဲ ဖြစ်စေမှာပါ။
၄။ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ပေးတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ လိင်ဟော်မုန်းတွေကိုသာမက ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ပိုမိုထုတ်လုပ်ပေးပြီး စိတ်ဖိစီးမှုဟော်မုန်းတွေကို သိသိသာသာ လျော့နည်းစေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းအပေါ် အာရုံစိုက်နေရတာကြောင့် ကိုယ့်အတွေးထဲမှာ စိတ်ဖိစီးစေမယ့် ပြဿနာတွေကို သိပ်ပြီးမတွေးမိတော့ဘဲ စိတ်ထွက်ပေါက်အနေနဲ့ ကူညီပေးရာရောက်ပါတယ်။
၅။ လိင်စိတ်ဆန္ဒနဲ့ လိင်စွမ်းဆောင်ရည်ကို မြှင်တင်ပေးတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ အမျိုးသားတွေမှာ ကျားဟော်မုန်းထုတ်လုပ်မှု၊ အမျိုးသမီးတွေမှာ မဟော်မုန်းထုတ်လုပ်မှုကို မြှင့်တင်ပေးလို့ လိင်စိတ်ဆန္ဒကို မြင့်တက်စေတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းကြောင့် သက်လုံကောင်းပြီး ကြွက်သားကြံ့ခိုင်မှုဖြစ်နေတဲ့အခါ ကျား၊ မ မရွေး ကိုယ့်ရဲ့အိပ်ရာထက်က စွမ်းဆောင်ရည်တိုးတက်လာတာကို သတိထားမိမှာပါ။
၆။ ဦးနှောက်မှတ်ဉာဏ်ကို အားကောင်းစေတယ်။
တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် ကျန်းမာရေးကောင်းလာသလို၊ ကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အလုပ်လုပ်နိုင်အောင် ကူညီပေးတဲ့အတွက် ဦးနှောက်အာရုံကြောစနစ်ကို အားကောင်းလာစေသလို တီထွက်ကြံဆမှု၊ မှတ်ဉာဏ်နဲ့ တွေးခေါ်မှုတွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
၇။ အရိုးနဲ့ ကြွက်သားကို သန်စွမ်းစေတယ်။
လေ့ကျင့်ခန်းလုပ်တဲ့သူတွေရဲ့ အဓိကရည်ရွယ်ချက်က ဒါပါပဲ။ ဘယ်လိုလေ့ကျင့်ခန်းမျိုးမဆို ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေတဲ့အတွက် ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေပြီး ရုပ်ခန္ဓာပိုင်းဆိုင်ရာကို ပိုမိုလှပစေသလို မိမိကိုယ်ကို ယုံကြည်မှုရှိစေတယ်။ ဒါ့အပြင် ကြွက်သားတွေကိုလည်း သန်မာစေတဲ့အတွက် အရွယ်မတိုင်ခင် အရိုးပွရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ရဖို့
· တစ်ရက်ကို အနည်းဆုံး နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပေးပါ။
· တစ်နေရာတည်းမှာ အချိန်ကြာမြင့်အောင် မလှုပ်မယှက်ထိုင်တဲ့ အကျင့်ကို ဖျောက်ပါ။
· စားသောက်နေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဂရုစိုက်ပါ။
· ညဘက်တွေမှာ အိပ်ချိန်ပြည့်ဝအောင် အိပ်စက်အနားယူပါ။
· ကိုယ့်ရဲ့ကျန်းမာရေးကို ပိုဂရုစိုက်ပေးပါ။
· စိတ်ဖိစီးမှုတွေကို လျှော့ချပါ။
ရေးသားသူ - ရဲမျိုးမြတ်
test 26 Oct 2023 |
test 26 Oct 2023 |
gaki 26 Oct 2023 |