ပေါင်ကြားမှာ ပွေးပေါက်လာပြီဆိုရင်
Cause Overview
Jock Itch ဆိုတာ ပေါင်ကြားမှာပေါက်တဲ့ပွေးဖြစ်ပြီး ယောက်ျားလေးတွေမှာ ပိုအဖြစ်များတဲ့ အရေပြားမှိုစွဲရောဂါတစ်မျိုးဖြစ်ပါတယ်။ ပူနွေးစိုစွတ်တဲ့နေရာတွေမှာ နေထိုင်ကျက်စားတဲ့ Tinea Cruris လို့ခေါ်တဲ့ မှိုပိုးတစ်မျိုး အရေပြားပေါ်မှာ ပွားများလာတဲ့အခါ ပွေးပေါက်လာနိုင်ပါတယ်။ သူ့ကို ပေါင်ခြံပွေးလို့လည်း ခေါ်နိုင်ပါတယ်။
Symptom & Types
ရောဂါလက္ခဏာတွေအနေနဲ့
· နီရဲပြီး အကြေးခွံထူတဲ့ အကွက်တွေဖြစ်တာ
· အကွက်ရဲ့ပတ်လည်က နီရဲပြီး ဖောင်းကြွနေတတ်တာ
· အလွန်အမင်းယားယံပြီး ပူစပ်ပူလောင်ဖြစ်တာ
· အသားက အဖတ်ကွာကျတာ စတာတွေကို တွေ့ရနိုင်ပါတယ်။
ပေါင်ခြံပွေးပေါက်နိုင်ခြေကို မြင့်တက်စေတဲ့ အချက်တွေကတော့
· အဝတ်အစား၊ အတွင်းခံအကြပ်တွေ ဝတ်တာ
· ပေါင်ခြံကြားမှာ ချွေးထွက်များတာ
· အဝတ်စိုစိုကို အချိန်အကြာကြီး ဝတ်ထားတာ
· တခြားသူတွေနဲ့ အတွင်းခံအတူဝတ်ဆင်တာ
· ပွေးပေါက်နေသူနဲ့ အသားချင်းထိတွေ့မိတာ
· အဝလွန်တာ
· ကိုယ်ခံအားနည်းနေတာ
· ဆီးချိုရောဂါဖြစ်နေတာ
· အရေပြားနှင်းခူဖြစ်နေတာ စတာတွေပဲဖြစ်ပါတယ်။
ပေါင်ခြံပွေးဟာ ဆရာဝန်နဲ့သေချာပြသပြီး စနစ်တကျ စိတ်ရှည်ရှည်နဲ့ ကုသဖို့လိုအပ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်သလို၊ ဆေးယဉ်ပါးဖို့ လွယ်ကူတာကြောင့် ဂရုစိုက်ဖို့တော့ လိုပါမယ်။ အရေပြားဆရာဝန်နဲ့ ပြတဲ့အခါ ဆရာဝန်အနေနဲ့ အမြင်ပိုင်းဖြင့် ကြည့်ရုံနဲ့ ပွေးလို့အတည်ပြုနိုင်သလို၊ အရေပြားနမူနာယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်ပြီးမှ အတည်ပြုတာမျိုးလည်း ရှိပါတယ်။
ပေါင်ခြံပွေးအပြင် တခြားသောနေရာမှာပေါက်တဲ့ ပွေးအမျိုးအစားအားလုံးဟာ ဆေးကုသမှုမဖြစ်မနေ ခံယူဖို့လိုအပ်ပြီး သူ့အလိုလို ပျောက်ကင်းဖို့ အလွန်ခက်ခဲပါတယ်။ မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားရောဂါဖြစ်တာကြောင့် တခြားလိမ်းဆေးတွေထက် မှိုပိုးသတ်ဆေးတွေကို ရွေးချယ်ဖို့က အရေးကြီးပါတယ်။
Support & Resources
ရောဂါကုသဖို့အတွက်
၁။ ဆရာဝန်ညွှန်ကြားတဲ့ မှိုပိုးသေဖို့ သောက်ဆေး၊ လိမ်းဆေးတွေကို ဆေးအညွှန်းအတိုင်း သေချာမှီဝဲပေးပါ။
၂။ ဆေးလိမ်းရက်မပျက်ဘူးဆိုရင် ဆေးယဉ်ပါးဖို့ မဖြစ်နိုင်သလို၊ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာလည်း သက်သာပျောက်ကင်းသွားနိုင်ပါတယ်။
၃။ ဆေးကုသမှုခံယူနေစဉ် တစ်လျှောက်လုံးမှာ ပေါင်ခြံပတ်လည်မှာ အရေပြားစိုထိုင်းမှုမဖြစ်စေဖို့ သေချာဂရုစိုက်ပါ။
၄။ မလိုအပ်ဘဲ အဝတ်အစားအကြပ်တွေ လုံးဝမဝတ်ပါနဲ့။
၅။ ရက်သတ္တပတ်အနည်းငယ်အတွင်း လုံးဝမသက်သာဘူး၊ ပျောက်လိုက်ပြန်ဖြစ်လိုက်ဆိုရင် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ဆေးပြောင်းဖို့ လိုအပ်နိုင်ပါတယ်။
ပေါင်ခြံပွေးမဖြစ်အောင် ကာကွယ်ဖို့
၁။ ရေကို အနည်းဆုံး တစ်နေ့တစ်ကြိမ် ချိုးပေးပါ
၂။ ရေချိုးပြီးတဲ့အခါတိုင်း ပေါင်ခြံမှာ စိုနေတဲ့ရေတွေကို ပြောင်စင်အောင် သုတ်ပေးပါ။
၃။ ပေါင်ခြံမှာ ချွေးထွက်တဲ့အခါ သန့်ရှင်းတဲ့တစ်ရှူးနဲ့ သုတ်ပေးပါ။
၄။ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပေးပါ။
၅။ တခြားသူရဲ့ အဝတ်အစားတွေကို ယူမဝတ်ပါနဲ့။
၆။ မှိုရောဂါရှိတဲ့အခါ ပွေးပေါက်နိုင်ခြေပိုများတာကြောင့် အရေပြားပြဿနာရှိသူတွေနဲ့ အနီးကပ်ထိတွေ့မှုကို တတ်နိုင်သလောက် ရှောင်ပေးပါ။
အကယ်လို့ ကိုယ့်အရေပြားပေါ်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေတွေ့ရပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်တွေနဲ့ သေချာပြသပြီး ကုသမှုခံယူဖို့ အကြံပေးပါရစေ။
ရေးသားသူ - ရဲမျိုးမြတ်