အသည်းမရောင်စေဖို့
၉၆ ပါးမက ရောဂါတွေများလှတဲ့ ခေတ်ကာလကြီးမှာ အသည်းရောင်တာကလည်း ခေတ်မီရောဂါ တစ်ခုပါ။
ခေတ်မီရောဂါပေမယ့်လည်း ရောဂါတွေရဲ့ သဘာဝ ကောင်းကျိုးမပေးတာကတော့ အတူတူပါပဲ။
အသည်းရောင် ဘီပိုး၊ စီပိုးစသဖြင့် ခေတ်စားနေတဲ့ ရောဂါတွေကို ကြားဖူးနားဝ ရှိကြပေမယ့် သေသေချာချာ ဃဃနန သိသလားဆိုရင်တော့ ခေါင်းခါတဲ့သူ၊ ခေါင်းကုတ်တဲ့သူက ပိုများမယ် ထင်ပါတယ်။ ဒါကြောင့် အသည်းရောင်ရောဂါအကြောင်းလေး ပြောပြချင်ပါတယ်နော်။
အသည်းရောင်တယ်ဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့် ဒါမှမဟုတ် အရက်အလွန်အကျွံစွဲသောက်လို့ အသည်းရဲ့ဆဲလ်တွေ ပျက်စီးပြီး ရောင်ယမ်းလာတာပါ။ အသည်းရောင်ရောဂါ အမျိုးမျိုးရှိတဲ့ အထဲမှာ တချို့က လက္ခဏာကြီးကြီးမားမား မပြဘဲ ပျောက်ကင်းသွားပေမယ့် တချို့ကတော့ နာတာရှည်အသည်းရောင်ရောဂါအဖြစ် တစ်သက်လုံး ဂရုစိုက်ကုသမှု ခံယူရတာ၊ နောက်ဆက်တွဲ အသည်းခြောက်၊ အသည်းကင်ဆာတွေ ဖြစ်တာထိ ရှိပါတယ်။
အသည်းရောင်ရောဂါရဲ့ လက္ခဏာတွေ…
- အဖျားကြီးတာ
- မောပန်းလွယ်တာ၊ နုံးနေတာ
- အစားအသောက်ပျက်တာ
- ကြွက်သားနဲ့ အဆစ်အမြစ်တွေနာတာ
- ဗိုက်အောင့်တာ
- အသားနဲ့မျက်လုံးတွေဝါတာ
- ဆီးအရောင်ရင့်တာ
- ဝမ်းအရောင်ရင့်တာ
- အရေပြားတွေ ယားယံတာတွေ အဖြစ်များပါတယ်။
တချို့တွေမှာ လက္ခဏာမပြဘဲ ပျောက်ကင်းသွားနိုင်တာ ရှိသလို လက္ခဏာမပြဘဲ အသည်းခြောက်မှ၊ အသည်းကင်ဆာဖြစ်မှ၊ အသည်းပျက်စီးမှ သိတာမျိုးလည်း ရှိနိုင်ပါတယ်။
အသည်းရောင်ရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ??
အသည်းရောင်ရောဂါ တစ်မျိုးမက ရှိပါတယ်။
- Hepatitis A (အသည်းရောင်အေပိုး)
အသည်းရောင် A ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပြီး အစားအစာ၊ ရေ နဲ့ ရောဂါပိုးရှိသူရဲ့ မစင်ကတဆင့် ကူးစက်တတ်တဲ့အတွက် တကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
- 2) Hepatitis B (အသည်းရောင်ဘီပိုး)
ဘီပိုးက အသည်းရောင် B ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ ရောဂါပိုးရှိသူရဲ့ သွေးနဲ့ ခန္ဓာကိုယ်က အရည်တွေ (ချွေး၊ တံတွေးစသည်) ကတဆင့်အဓိက ကူးစက်ပြီး လိင်ဆက်ဆံတာ၊ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေက တဆင့်ကူးတာ၊ ကလေးမွေးချိန်မှာ အမေကနေ ရင်သွေးကို ကူးစက်တာလည်း ရှိနိုင်ပါတယ်။ ဘီပိုးကာကွယ်ဆေး ရှိတာမို့ ကာကွယ်ဆေးထိုးထားလို့ရတဲ့အပြင် သူတပါး ခန္ဓာကိုယ်မှ ထွက်သောသွေးနဲ့ အရည်များကို မထိမိအောင် ဂရုပြုခြင်း၊ ဆေးထိုးရာမှာ တစ်ခါသုံးအပ် သုံးစွဲခြင်း၊ လိင်ဆက်ဆံရာမှာ ကွန်ဒုံးသုံးစွဲခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။
- Hepatitis C (အသည်းရောင်စီပိုး)
အသည်းရောင် C ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဖြစ်ပြီး သွေးကတဆင့် အဓိက ကူးစက်သလို မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေကနေလည်း ကူးစက်နိုင်တာမို့ သွေးနဲ့ ဆေးထိုးအပ်တွေကို ကိုင်တွယ်ရာမှာ သတိထားသင့်ပါတယ်။ စီပိုးဟာ ကာကွယ်ဆေးရှိလို့ ထိုးထားသင့်သလို့ ပျောက်ကင်းအောင်လည်း ကုသနိုင်တာမို့ ကူးစက်ခံရရင်လည်း ကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ်။
- Hepatitis D (အသည်းရောင်ဒီပိုး)
Dပိုးကတော့ အသည်းရောင် B ပိုးရှိသူတွေမှာ ဖြစ်တတ်ပြီး သွေးကတဆင့် နဲ့ လိင်ဆက်ဆံရာကတဆင့် ကူးစက်တတ်ပါတယ်။ ကာကွယ်ဆေးသီးသန့် မရှိပေမယ့် Bပိုးကာကွယ်ဆေး ထိုးထားရင် Dပိုးကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။
- Hepatitis E (အသည်းရောင်အီးပိုး)
အသည်းရောင် E ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး နာတာရှည်ဖြစ်လေ့မရှိပါဘူး။ မသန့်ရှင်းတဲ့၊ ကျက်အောင်ချက်မထားတဲ့ ဝက်သား၊ ငါးနဲ့ အသားတွေက တဆင့် ကူးစက်တာမို့ အသားငါးတွေကို သေချာကျက်အောင် ချက်ပြုတ်စားသောက်ခြင်း၊ ရေနဲ့အစားအစာတွေ သန့်ရှင်းအောင် ဂရုပြုခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ကာကွယ်ဆေးတော့ မရှိပါဘူး။
- Alcoholic Hepatitis (အရက်ကြောင့် ဖြစ်သောအသည်းရောင်ရောဂါ)
ဒါကတော့ ရှင်းပါတယ်။ အရက်ကို အလွန်အကျွံစွဲသောက်သူတွေမှာ ဖြစ်တာပါ။ တခါတလေ လက္ခဏာမပြတတ်ဘဲ အသည်းပျက်စီးမှ သိရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကာကွယ်ဖို့ဆိုရင် အရက်ကို သောက်သင့်တဲ့ပမာဏ (တစ်ပတ်ကို 14 units = 140 ml) ထက် ပိုမသောက်သင့်ပါဘူး။ အသည်းရောင်ရောဂါရှိနေခဲ့ရင် အရက်ဖြတ်မှ ပျက်စီးပြီးသားတွေက ပြန်မကောင်းနိုင်ပေမယ့် မပျက်စီးသေးတဲ့ အသည်းရဲ့ အစိတ်အပိုင်းတွေကို ကာကွယ်နိုင်မှာပါ။
အသည်းရောင်ဘီပိုး၊ စီပိုးနဲ့ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောင်ခြင်းကြောင့် အသည်းခြောက်၊ အသည်းကင်ဆာ၊ အသည်းပျက်စီးခြင်းတွေ အများဆုံးဖြစ်နိုင်တာမို့ ရောဂါရှိနေရင် ပေါ့ဆမနေဘဲ အသည်းဆရာဝန်နဲ့ တိုင်ပင်ပြီး ပုံမှန်ကုသမှုခံယူခြင်းဖြင့် အသည်းကို ကာကွယ်ရပါမယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ရင်ရွှေရည်