ကိုဗစ်ဆေးကြောင့် ကင်ဆာရောဂါကိုပါ ကြိုတင် ကာကွယ်နိုင်တော့မယ်
လာမယ့် ၂၀၃၀ ခုနှစ်မှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်မယ့် ဆေးဝါးသစ်တစ်မျိုးကို စတင်အသုံးပြုနိုင်လိမ့်မယ်လို့ ဂျာမန်ဆေးသိပ္ပံသုတေသနဓာတ်ခွဲခန်း BioNTech ရဲ့ တည်ထောင်သူတွေဖြစ်ကြတဲ့ ဒေါက်တာ အူဂါ ဆာဟင်နဲ့ ဒေါက်တာ အူဇလမ် တူရီချီတို့က ပြောဆိုလိုက်ပါတယ်။
BioNTech ဟာ Pfizer နဲ့ပူးပေါင်းပြီး Covid-19 ရောဂါ ကာကွယ်ဆေးကို ဖန်တီးနိုင်ခဲ့တဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ၎င်းတို့ရဲ့ ပြောဆိုချက်တွေအရ သူတို့ဟာ ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းမြောက်များစွာရဲ့ အသက်အန္တရာယ်ကို ချိန်းခြောက်နေတဲ့ ကင်ဆာဝေဒနာတွေကို ကြိုတင်ကာကွယ်မှုပေးနိုင်မယ့် ကာကွယ်ဆေးသစ်ကို ဖန်တီးနေကြောင်း သိထားရပါတယ်။
အဆိုပါဆေးဝါးသစ်ဖန်တီးနေမှုဟာ ယခုနှစ်အပိုင်းအခြားအတွင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ တွေ့မြင်လာခဲ့ရပြီး လာမယ့် ၂၀၃၀ ခုနှစ်မှာ စျေးကွက်အတွင်း ဖြန့်ချိနိုင်ဖို့ သူတို့က မျှော်မှန်းထားကြောင်း ဒေါက်တာ ဆာဟင်က BBC နဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုသွားခဲ့တာပါ။
mRNA Covid Vaccine ကို ဖန်တီးနိုင်ခဲ့တဲ့ BioNTech ဟာ အဆိုပါကိုဗစ်ကာကွယ်ဆေး နည်းပညာကနေတဆင့် လူ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပြီး ကင်ဆာဆဲလ်တွေကို ကြိုတင်ကာကွယ်နိုင်စေမယ့် နည်းလမ်းကို ရှာဖွေဖော်ထုတ်နေတာဖြစ်ပါတယ်။
BioNTech အနေနဲ့ mRNA နည်းပညာနဲ့ ကိုဗစ်ရောဂါတို့ကြောင့် လူ့ခန္ဓာကိုယ်အတွင်းက ကိုယ်ခံအားစနစ် အလုပ်လုပ်ပုံကို ပိုမိုနားလည်သဘောပေါက်လာခဲ့ပြီး ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်မယ့် ဆေးဝါးထုတ်လုပ်ရေးမှာ ပိုမိုခြေလှမ်းနိုင်ခဲ့တာလို့ BBC က ဖော်ပြသွားပါတယ်။
WHO ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ တစ်နှစ်ကို လူ ၉.၆ သန်းဝန်းကျင်ဟာ ကင်ဆာရောဂါနဲ့ အသက်ဆုံးရှုံးနေရပြီး ကင်ဆာရောဂါတွေဟာ နှလုံးရောဂါပြီးရင် လူအသေအပျောက်အများဆုံး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။