ဆံပင်သန်ပြီး အရှည်မြန်စေဖို့
"မိန်းမတို့ဘုန်း ဆံထုံး" ဆိုတဲ့ စကားရှိပါတယ်။ အခုခေတ်မှာ ဆံထုံးမထုံးကြတော့ပေမယ့်လည်း ဆံပင်သန်စွမ်းဖို့ကိုတော့ မိန်းမယောကျ်ားမရွေး လိုချင်နေကြတုန်းပါ။ အထူးသဖြင့် ကိုဗစ်ရောဂါကြောင့် ဆံပင်တွေ အကျွတ်များကြတဲ့ ဒီကာလမှာ ဆံပင်ကျွတ်အပုံကြီးကို ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ဆံပင်ပြန်လည်သန်စွမ်းရေး ကြိုးပမ်းရှာဖွေကြတဲ့သူတွေ များလှပါတယ်။
ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ ဦးရေပြားမှာ မွေးညင်းပေါက်ပေါင်း တစ်သောင်းခန့် ရှိတတ်ပါတယ်။ ဆံပင်ရဲ့ သက်တမ်းကတော့ ၂ နှစ်ကနေ ၆ နှစ်ခန့်ထိ ရှိပါတယ်။
ဆံပင်ရဲ့ သက်တမ်းမှာ အဆင့် ၃ ဆင့် ရှိပါတယ်။ ပထမဆုံးအဆင့်က ဆံပင်က ကြီးထွားနေတဲ့အဆင့် ဖြစ်ပြီး ၂ နှစ်ကနေ ၆ နှစ်အထိ ကြာတတ်ပါတယ်။ ဒုတိယအဆင့်ကတော့ ကြီးထွားမှု ရပ်တန်သွားတဲ့အဆင့် ဖြစ်ပြီး ၂ ပတ်ကနေ ၃ ပတ်အထိ ကြာတတ်ပါတယ်။ တတိယနဲ့ နောက်ဆုံးအဆင့်ကတော့ ဆံပင်ကျွတ်တဲ့အဆင့် ဖြစ်ပြီး ၃လကနေ ၄ လခန့် ကြာမြင့်တတ်ပါတယ်။
ပုံမှန်ဦးရေပြားရဲ့ ၉၀ % ခန့်က ကြီးထွားတဲ့အဆင့် ဖြစ်ပြီး ၁ % က ကြီးထွားမှု ရပ်တန့်တဲ့အဆင့် ဖြစ်ကာ ကျန် ၉ % က ဆံပင်ကျွတ်တဲ့ အဆင့်မှာ ရှိနေတတ်ပါတယ်။
ဆံပင်အရှည်မြန်ဖို့အတွက် အသက်၊ မျိုးရိုးဗီဇ၊ ဟော်မုန်းအပြောင်းအလဲ၊ စိတ်ဖိစီးမှု၊ ကျန်းမာရေးအခြေအနေနဲ့ ဆံသားရဲ့ ကျန်းမာမှု စတဲ့အချက်တွေအပေါ် မူတည်ပါတယ်။
ဦးရေပြားမှာရှိတဲ့ မွေးညင်းပေါက်တွေထဲက ဆဲလ်သေတွေနဲ့ keratin ပေါင်းပြီး ဆံပင်ဖြစ်လာတာပါ။ ဆံပင်အရှည်မြန်ပြီး သန်စွမ်းဖို့ဆိုရင် ကြီးထွားတဲ့အဆင့်ကို ကြာရှည်အောင် လုပ်နိုင်ဖို့ လိုပါလိမ့်မယ်။
ဘာတွေလုပ်မလဲ?
(1) ဗိုက်တာမင်နဲ့ အာဟာရဖြည့်ပါ
ဗိုက်တာမင် B 12၊ folic acid၊ biotin နဲ့ ဇင့်ဓာတ်တွေဟာ ဆံပင်သန်စွမ်းဖို့ အထောက်အကူပြုပါတယ်။ စားသောက်တဲ့ အစားအစာတွေမှာ ထိုဗိုက်တာမင်တွေပါဝင်အောင် စားဖို့ လိုအပ်ပါတယ်။ အကယ်၍ ဆံပင်ကျွတ်လွန်းရင် ထိုဗိုက်တာမင်တွေပါဝင်တဲ့ ဖြည့်စွက်စာတွေ သောက်သုံးပေးလို့ ရပါတယ်။
(2) ဆံပင်ကို ဆီလိမ်းပါ
လာဗင်ဒါဆီ၊ လက်ဖက်ဆီ၊ ပူစီနံဆီ စတဲ့ essential oil တွေကို အုန်းဆီ၊ နေကြာဆီ၊ ကြက်ဆူဆီ၊ သံလွင်ဆီ စတဲ့ဆီတွေနဲ့ ရောစပ်ပြီး ခေါင်းမလျှော်ခင် တစ်နာရီခန့် သို့မဟုတ် တစ်ညခန့် လိမ်းထားပြီးမှ ခေါင်းလျှော်တာက ဆံပင်သန်စွမ်း ရှည်လျားစေပါတယ်။ ခေါင်းလျှော်ပြီးမှ လိမ်းရင်လည်း ရပါ်။
(3) လိမ်းဆေးတွေ လိမ်းပါ
ထိပ်ပြောင်တဲ့သူ၊ ဆံပင်အရမ်းကျွတ်တဲ့သူတွေ အတွက် ထုတ်လုပ်ထားတဲ့ ဆံပင်ကျွတ်သက်သာပြီး အရှည်မြန်စေတဲ့ melatonin, minoxidal စတာတွေပါဝင်တဲ့ လိမ်းဆေးခရင်မ်တွေ ရှိပါတယ်။ အဲဒီခရင်မ်တွေက ဆံပင်ကြီးထွားတဲ့ အဆင့်ကို ကြာရှည်စေပြီး ဆံပင်ကျွတ် သက်သာစေပါတယ်။
(4) Keratin ပါတဲ့ ဖြည့်စွက်စာ သောက်ပါ
Keratin လို့ခေါ်တဲ့ ပရိုတင်းက ဆံပင်ရှည်လျားဖို့အတွက် လုပ်ဆောင်ပေးပါတယ်။ Keratin ချို့တဲ့ရင် ဆံပင်ကျွတ်တာ၊ ဆံသားထိခိုက်ပျက်စီးတာ ဖြစ်လွယ်တာမို့ ဖြည့်စွက်သုံးသောက်ဖို့ လိုအပ်နိုင်ပါတယ်။ အစားအသောက်အနေနဲ့ အမဲသား၊ တူနာငါး၊ ဥအမျိုးမျိုး၊ ပန်းဂေါ်ဖီ၊ အစိမ်းရောင်အရွက်တွေနဲ့ အခွံမာသီးတွေမှာ keratin ကြွယ်ဝပါတယ်။
အထက်ပါ အချက်တွေအပြင်
-ခြောက်သွေ့ပြီး ပျက်စီးတဲ့ ဆံသားရှိရင် ခေါင်းနေ့တိုင်းလျှော်ရင်တောင် ရှန်ပူနေ့တိုင်းသုံးတာမျိုးကို ရှောင်သင့်ပါတယ်။
-ဆံပင်ကို အပူပေးပြီး ကောက်တာ၊ ဖြောင့်တာ၊ ပုံသွင်းတာ မကြာခဏ မလုပ်သင့်သလို ခေါင်းလျှော်ပြီးတိုင်း dryer နဲ့မှုတ်တာကလည်း ဆံသားပျက်စီးပြီး ဆံပင်ကျွတ်လွယ်တာမို့ ဖြစ်နိုင်ရင် တဘက်နဲ့ ညင်သာစွာ သုတ်တာမျိုး လုပ်သင့်ပါတယ်။
-နေ့စဥ် အာဟာရပြည့်ဝအောင် စားသောက်ဖို့လည်း အရေးကြီးပါတယ်။
-နေရောင်ထဲထွက်တဲ့အခါ၊ ရေကူးတဲ့အခါမျိုးမှာ ဆံပင်ကို ဖုံးအုပ်ကာကွယ်ထားတာကလည်း ဆံသားကို ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးမှာပါ။
ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် သန်စွမ်းရှည်လျားတဲ့ ဆံသားလေးတွေ ပိုင်ဆိုင်ဖို့ မခက်တော့ပါဘူးနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်