ခြေဖနောင့်ကွဲရင်
Cause Overview
အရေပြားက ခန္ဓာကိုယ်ကို အညစ်အကြေးတွေနဲ့ ရောဂါပိုးတွေကနေ ကာကွယ်ပေးထားပါတယ်။ အရေပြားက ဒဏ်ရာရပြီး ပေါက်ပြဲသွားတဲ့အခါမှာတော့ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ခြေဖနောင့်ကွဲတာကလည်း ဒီသဘောပါပဲ။ အထူးသဖြင့် ဆောင်းရာသီရောက်တဲ့အခါ ခြေဖနောင့်တွေရော၊ ခြေဖဝါးတွေရော ကွဲပြီး နာကျင်ခံစားရခက်တာမျိုးတွေ ရှိတတ်ပါတယ်။
တခြားနေရာတွေထက် ပိုမိုပြီး ထူထဲတဲ့အရေပြားရှိတဲ့ ခြေဖနောင့်နဲ့ ခြေဖဝါးက ဘာလို့ကွဲအက်ရတာလဲ ဆိုတာ သိချင်ကြမယ်ထင်ပါတယ်။ ဘာကြောင့်ကွဲအက်ရတာလဲ၊ ဘယ်လိုကုသ ကာကွယ်ရမလဲဆိုတာ ကြည့်လိုက်ကြရအောင်။
ခြေဖနောင့် ကွဲရတဲ့ အဓိကအကြောင်းတွေ
-အစိုဓာတ်နည်းတာ (အစိုဓာတ်နည်းတာက အရေးအကြီးဆုံး အကြောင်းအရာပါ။ ခြေဖနောင့်တဝိုက်မှာ ချွေးထုတ်ပေးတဲ့ဂလင်းတွေ ပိုမိုနည်းပါးလို့ အစိုဓာတ်နည်းတဲ့အပြင် ထိုနားတဝိုက်က အရေပြားက ကျုံ့နိုင်ဆန့်နိုင်အားလည်းနည်းတာကြောင့် ခြေဖနောင့် ကွဲအက်လွယ်ပါတယ်)
-စားတဲ့အစားအစာထဲမှာ သံဓာတ်၊ ဇင့်ဓာတ်၊ ဗိုက်တာမင်နဲ့ သက်စောင့်ဓာတ်တွေ ချို့တဲ့တာ
-အသက်ကြီးလာတဲ့အခါ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်အား ပိုလျော့လာတာ
-အလုပ်မှာ၊ အိမ်မှာ တစ်ချိန်လုံး မတ်တပ်ရပ်နေရလို့ ခြေဖနောင့်မှာ ဖိအားများနေတာ
-အဝလွန်တဲ့သူတွေမှာ ခန္ဓာကိုယ်ရဲ့ဖိအားကို ခြေဖနောင့်က ထမ်းပိုးထားရတာ
-နှင်းခူရောဂါ၊ ဆိုရီရေးဆစ်အရေပြားရောဂါ၊ သိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါ စတဲ့ရောဂါအခံတွေကြောင့် အရေပြားက ကြမ်းတမ်းအက်ကွဲနေတာ
-ခြေဖနောင့်ပေါ်တဲ့ ဖိနပ်အမြဲစီးတာ
-ခြေထောက်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ရှူးဖိနပ်တွေစီးတာ
-ခြေထောက်ကို သန့်ရှင်းရေး သေချာမလုပ်တာ
-ခြေထောက်က ရေအမြဲစိုနေတာ ( ရေစိုတာက ခြေထောက်မှာရှိတဲ့ သဘာဝအဆီတွေကို ဖယ်ရှားပစ်လို့ ခြောက်သွေ့အက်ကွဲစေတာပါ)
Symptom & Types
လက္ခဏာတွေ အနေနဲ့
ခြေဖနောင့်က အစိုဓာတ်နည်းနေတဲ့အခါ ကြမ်းတမ်းထူထဲလာပြီး အက်ကွဲနေတာက အနာကျက်ပြီး အရေပြားပြန်ပိတ်သွားတဲ့ အခြေအနေကို မရောက်နိုင်တော့ပါဘူး။ အဲဒီအခါ ခြေဖနောင့်က ခြောက်သွေ့ပြီး ယားယံနေတာ၊ တင်းနေတာမျိုးကို ပထမဆုံး ခံစားရတတ်ပါတယ်။ အချိန်ကြာလာတဲ့အခါ ခြေဖနောင့်က ဖြူလျော်လျော်ဝါကျင့်ကျင့် ဖြစ်လာတာ၊ နီရဲရောင်ရမ်းလာတာ၊ နာလာတာ၊ ကွဲအက်လာပြီး အဖတ်အဖတ်တွေ ကွာလာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ အရမ်းဆိုးရင် သွေးထွက်လာတဲ့ထိ ဖြစ်တတ်ပါတယ်။
Support & Resources
ဘယ်လိုကာကွယ် ကုသမလဲ?
အရေးကြီးဆုံးကတော့ ခြေထောက်ကို သန့်ရှင်းရေးလုပ်ပြီး အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးဖို့ပါပဲ။ စျေးကွက်ထဲမှာ ခြေဖနောင့်လိမ်းတဲ့ခရင်မ်တွေ အမျိုးမျိုးရှိလို့ သင့်တော်ရာကို ရွေးချယ်ဝယ်ယူ သုံးစွဲလို့ရပါတယ်။ အစိုဓာတ်ထိန်းခရင်မ်တွေလိမ်းရုံနဲ့ မသက်သာရင်တော့ အရေပြားဆရာဝန်နဲ့ ပြသပြီး တခြား အရေပြားရောဂါတွေ ရှိမရှိ စစ်ဆေးသင့်ပါတယ်။
ခြေဖနောင်ကွဲနေတဲ့အခါ အစားအစာတွေထဲမှာ သံဓာတ်၊ ဇင့်ဓာတ်နဲ့ ကယ်လဆီယမ်ဓာတ်တွေပါအောင် စားသင့်ပါတယ်။ ဒါမှသာ ခြေဖနောင့်က အနာကျက်မြန်မှာပါ။
ခြေဖနောင့်က မာကြောနေတဲ့ ဆဲလ်သေတွေ ကွာကျပြီး ချောမွေ့တဲ့အရေပြား ပြန်ပေါ်လာအောင် ဂျီးတွန်းကျောက်တုံးလိုမျိုးနဲ့ တစ်လွှာချင်း ညင်သာစွာ ပွတ်တိုက်ပေးဖို့လည်း လိုအပ်ပါတယ်။
ခြေထောက်ကို ရေနွေးနွေးလေးထဲမှာ သံလွင်ဆီနဲ့ ဆားအနည်းငယ်ထည့်ပြီး စိမ်ပေးတာလုပ်လို့ရသလို ခြေထောက်စိမ်ဖို့အတွက် ရယ်ဒီမိတ်ရေချိုးဆားတွေလည်း စျေးကွက်မှာ အဆင်သင့်ရှိလို့ ကြိုက်ရာသုံးစွဲလို့ ရပါတယ်။
ခြေထောက်ကို နွေးနွေးထွေးထွေးဖြစ်အောင် ခြေအိတ်စွပ်ထားတာမျိုးကလည်း ခြေဖနောင့်မကွဲအောင် ကူညီပေးမှာပါ။
ခြေဖနောင့်ကွဲတာက နေရခက်သလို အလှလည်းပျက်စေတဲ့ ပြဿနာတစ်ခုပါပဲ။ မိမိရဲ့ ခြေဖနောင့်လေးတွေကို ဂရုစိုက်ခြင်းဖြင့် နူးညံ့လှပတဲ့ ခြေထောက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်