ကျားလိင်အင်္ဂါမှာ ဝက်ခြံပေါက်နေတဲ့အခါ
ဝက်ခြံဆိုတာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ချွေးပေါက်ရှိတဲ့အရေပြား ဘယ်နေရာမှာမဆို ပေါက်နိုင်တာကြောင့် အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာရော၊ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာပါ ဝက်ခြံပေါက်နိုင်ခြေရှိပါတယ်။ မျက်နှာအရေပြားထက် ပိုပြီးထိခိုက်လွယ်သလို၊ ချွေးအောင်းပြီး အဝတ်အစားနဲ့ အနီးကပ်ထိတွေ့နေရတဲ့ နေရာဖြစ်တာကြောင့် ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
အရေပြားဟာ အချိန်ကြာလာတာနဲ့အမျှ၊ ပျက်စီးတတ်ပြီး ဆဲလ်အသေတွေ စုပုံလာပါတယ်။ လိင်အင်္ဂါပတ်လည် ပေါင်ခြံအရေပြားတွေဟာ အဆီပိုပြန်ပြီး ချွေးပိုအောင်းတာကြောင့် ဆဲလ်သေ၊ အဆီတွေဟာ ချွေးပေါက်ထဲပိတ်မိသွားပြီး ဘက်တီးရီးယားတွေ ပွားလာတာကြောင့် ဝက်ခြံ၊ အဆီဖု၊ အသားမာတွေ ဖြစ်လာနိုင်ပါတယ်။ တခြားဝက်ခြံပေါက်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့
· နေ့စဉ် ရေသေချာမချိုးတာ
· ပူနွေးစိုစွတ်တဲ့ အဝတ်အစားတွေကို အမြဲဝတ်ထားတာ
· အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်နေတာ
· ဆီးခုံမွေးရိတ်ပြီး ဓားထိထားတာ
· ဘောင်းဘီ၊ အတွင်းခံအကြပ်ဝတ်ထားတာ စတာတွေပဲဖြစ်ပါတယ်။
လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ (STDs) တွေမှာ ဖြစ်တဲ့ အဖုအပိမ့်လက္ခဏာတွေနဲ့ ဝက်ခြံကို ရောမှားတတ်တာကြောင့် ဆရာဝန်နဲ့ သေချာပြကြည့်ဖို့တော့ လိုအပ်ပါတယ်။
ကုသဖို့ လိုအပ်သလား။
များသောအားဖြင့် လိင်အင်္ဂါနဲ့ ပေါင်ခြံအရေပြားမှာ ပေါက်တဲ့ဝက်ခြံတွေက ကုသဖို့မလိုအပ်သလို၊ ကျန်းမာရေးပြဿနာ ကြီးကြီးမားမား ဖြစ်စေတာမျိုးလည်း မရှိဘဲ ရက်အနည်းငယ်အတွင်း သူ့ဖာသာ ပျောက်သွားတတ်ပါတယ်။ အမြန်သက်သာချင်တာဖြစ်စေ၊ ယားယံတဲ့ ဝေဒနာကို သက်သာစေဖို့ဆိုရင်
၁။ ရေအေးအေးနဲ့ ပုံမှန်ရေချိုးပေးပါ၊ သို့မဟုတ် ရေစိမ်ပေးပါ။
၂။ ချောင်ချိတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေးပါ။
၃။ ရေ၊ အရည်များများ သောက်ပေးပါ။
၄။ အရေပြားဆရာဝန်နဲ့ သေချာပြသပြီး သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေး သို့မဟုတ် မှိုပိုးသတ်ဆေး သောက်ပေးပါ။
၅။ ဟော်မုန်းမျှခြေထိန်းထားနိုင်ဖို့ လေ့ကျင့်ခန်း၊ အစာအာဟာရနဲ့ ကျန်းမာရေးကို သေချာဂရုစိုက်ပါ။
၆။ ပေါင်ခြံအရေပြားတစ်ဝိုက်ကို ချွေးမစိုအောင် သေချာဂရုစိုက်ပါ။
များသောအားဖြင့် လိင်တံပေါ်က ဝက်ခြံတွေဟာ ၂ ပတ်လောက်အထိ အကြာဆုံးရှိတတ်ပြီး အဲဒီထက်ပိုကြာတဲ့အထိမှ မပျောက်သေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး စစ်ကြည့်ဖို့ လိုအပ်ပါတယ်။ လိင်အပျော်အပါးလိုက်စားသူများအနေနဲ့ ပုံမှန်မဟုတ်တဲ့ အရေပြားပြဿနာတွေပါ တွဲပြီး တွေ့ရတယ်ဆိုရင် ဆရာဝန်နဲ့သေချာပြပြီး ၃ လပြည့်ရင် သွေးစစ်ကြည့်ဖို့ အရေးကြီးပါတယ်။
ယောက်ျားလေးတွေအနေနဲ့ လိင်တံအရေပြားပေါ်မှာ ဝက်ခြံမပေါက်စေဖို့အတွက် အောက်မှာပြထားတဲ့ နည်းလမ်းတွေကို သေချာဂရုစိုက်ပေးစေချင်ပါတယ်။
၁။ တစ်ကိုယ်ရေသန့်ရှင်းမှု - တစ်ရက်ကို အနည်းဆုံးတစ်ကြိမ် ရေသေချာချိုးပေးဖို့ မမေ့ပါနဲ့။ အကယ်လို့ အကြောင်းရင်းတစ်ခုခုကြောင့် ရေမချိုးချင်ဘူးဆိုရင်လည်း ချွေးအောင်းတတ်တဲ့ ချိုင်း၊ ပေါင်ကြား၊ တင်ပါးကြားအရေပြားတွေကို ရေစိုတဘက်တစ်ထည်နဲ့ သေချာတိုက်ချွတ်ပေးပါ။
၂။ အဝတ်အစားချောင်ချိမှု - ဝက်ခြံပေါက်ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ကြပ်လွန်းတဲ့အဝတ်အစားတွေ ဝတ်ခြင်းကြောင့် အရေပြားနဲ့ အဝတ်ပွတ်တိုက်မှုများပြီး၊ လေဝင်လေထွက်မကောင်းတာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါကြောင့် ဘောင်းဘီ၊ အတွင်းခံတွေ ရွေးတဲ့အခါ မချောင်၊ မကြပ် ချည်သားတွေကို ရွေးချယ်ဝတ်ဆင်ပေးပါ။
၃။ စိုထိုင်းမှုကင်းခြင်း - ပေါင်ခြံအရေပြားဟာ ချွေးအမြဲထွက်ပြီး ပူနွေးစိုစွတ်တဲ့အတွက် ဘက်တီးရီးယားပိုးတွေ အောင်းနေတတ်ပါတယ်။ ဒီအတွက် အရေပြားပြဿနာတွေ ထပ်မဖြစ်အောင် ပေါင်ခြံနဲ့ လိင်တံအရေပြားတစ်ဝိုက်ကို ချွေးအမြဲသုတ်ပေးဖို့၊ ရေချိုးပြီးရင်လည်း သေချာရေခြောက်အောင် သုတ်ပေးဖို့ မမေ့ပါနဲ့။
၄။ အကာအကွယ် - လိင်အပျော်အပါးလိုက်စားတတ်သူတွေအနေနဲ့ ကိုယ်မသိတဲ့သူစိမ်းတွေနဲ့ ဆက်ဆံဖို့ အကြောင်းပါလာတဲ့အခါ အကာအကွယ်ကို သုံးဖို့ မပေါ့ဆပါနဲ့ခင်ဗျာ။
ရေးသားသူ - ရဲမျိုးမြတ်