ငယ်ရွယ်စဉ်မှာ ကျားဟော်မုန်းထုတ်လုပ်မှု အားကောင်းနေစေဖို့ဆိုရင်
တက်စတိုစတီရုန်းလို့ ခေါ်တဲ့ ကျားဟော်မုန်းဟာ ယောက်ျား၊ မိန်းမ မရွေး ကျန်းမာစေဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်စေဖို့ ကူညီပေးတဲ့ လိင်ဟော်မုန်းတွေ ဖြစ်ပြီး ယောက်ျားလေးတွေမှာ ကျားဟော်မုန်းပမာဏ ပိုများပါတယ်။ ယောက်ျားလေးတွေ လူပျိုဖြစ်ကာစအရွယ်ကနေစပြီး အသက် (၃၀) အရွယ်အထိ ခန္ဓာကိုယ်ရဲ့ ကျားဟော်မုန်းထုတ်လုပ်မှု ပမာဏအားအကောင်းဆုံးအရွယ်လို့ သတ်မှတ်လို့ရပါတယ်။ အသက် (၃၀) နောက်ပိုင်းမှာတော့ ခန္ဓာကိုယ်ရဲ့ ကျားဟော်မုန်းထုတ်လုပ်မှု အားကျဆင်းလာပြီး တချို့အမျိုးသားတွေမှာ ကျားဟော်မုန်းမရှိသလောက် နည်းသွားတယ်၊ ဒါမှမဟုတ် ခန္ဓာကိုယ်က လုံးဝမထုတ်လုပ်တော့ဘူးဆိုရင်တော့ အမျိုးသားများ သွေးဆုံးခြင်းအဆင့်သို့ ရောက်သွားနိုင်ပါတယ်။
ကျားဟော်မုန်းဟာ ဘာအတွက် အကျိုးပြုသလဲ။
ကျားဟော်မုန်းသည် လူတစ်ယောက်ရဲ့ ယေဘုယျကျန်းမာရေးနဲ့ ခန္ဓာကိုယ်တွင်း ကိုယ်တွင်းအင်္ဂါများ ကောင်းစွာအလုပ်လုပ်နိုင်စေဖို့၊ ဟော်မုန်းမျှခြေ ထိန်းညှိပေးဖို့ အဓိကလုပ်ဆောင်ပေးပါတယ်။ လူတိုင်းမှာ ကျားဟော်မုန်းနဲ့ မဟော်မုန်း ၂ မျိုးလုံးရှိတယ်ဆိုပေမယ့် ယောက်ျားလေးတွေမှာ ကျားဟော်မုန်း၊ မိန်းကလေးတွေမှာ မဟော်မုန်း ပိုများပြီး ဒီဟော်မုန်းမျှခြေကို ထိန်းထားနိုင်မှသာ ခန္ဓာကိုယ်က ကောင်းစွာ အလုပ်လုပ်နိုင်ပါတယ်။ ကျားဟော်မုန်းရဲ့ ကောင်းကျိုးတွေကို ပြောပြပေးရမယ်ဆိုရင်
၁။ လိင်ကျန်းမာရေး
· အမျိုးသားများ လိင်တံကောင်းစွာ ထောင်မတ်စေခြင်း
· အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒ မြှင့်တင်ပေးနိုင်ခြင်း
· လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဦးနှောက်က အချက်ပြနိုင်ခြေ ပိုအားကောင်းခြင်း
· ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်ပေးခြင်း
· မျိုးအောင်နိုင်ခြေ ပိုများလာခြင်း
၂။ ရုပ်ခန္ဓာကျန်းမာရေး
· ခန္ဓာကိုယ်ရဲ့ ကယ်လိုရီလောင်ကျွမ်းနှုန်း မြန်စေခြင်း
· အဝလွန်ခြင်း၊ ပိန်လွန်းခြင်းပြဿနာကို လျှော့ချပေးနိုင်ခြင်း
· ကြွက်သားတည်ဆောက်မှုနှုန်း မြင့်မားခြင်း
· ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ရောဂါတွေကို ပိုမိုတိုက်ထုတ်ပေးနိုင်ခြင်း
· ဇီဝကမ္မဖြစ်ပျက်မှုမြန်စေပြီး အရွယ်တင်နုပျိုစေခြင်း
· နှလုံးအားကောင်းပြီး အမောခံနိုင်ခြင်း
· လေ့ကျင့်ခန်းပိုမိုလုပ်နိုင်ခြင်း၊ အားပိုစိုက်ထုတ်နိုင်ခြင်း
၃။ စိတ်ကျန်းမာရေး
· စိတ်ပျော်ရွှင်စေခြင်း
· စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ခြင်း
· အာရုံစူးစိုက်မှုအားကောင်းလာခြင်း
· စိတ်အားတက်ကြွပြီး လန်းဆန်းစေခြင်း
· စိတ်ရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
ကျားဟော်မုန်းထုတ်လုပ်မှုပမာဏ လျော့ကျခြင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်မှုမရှိဘူးဆိုပေမယ့် ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို သေချာဂရုစိုက်ပြင်ဆင်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ကျားဟော်မုန်းထုတ်လုပ်မှုပမာဏကို အားကောင်းစေသလို၊ အသက်ကြီးလာတဲ့အခါမှာလည်း ကျားဟော်မုန်းကို ပမာဏတစ်ခုအထိ ကောင်းကောင်း ထုတ်လုပ်ပေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒီနည်းလမ်းတွေကတော့
၁။ တစ်ရက်ကို အနည်းဆုံး နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်ပေးပါ။ အကောင်းဆုံးကတော့ Gym မှာ အလေးမလေ့ကျင့်ခန်း လုပ်ပေးတာ၊ ဝါသနာပါတဲ့ အားကစားတစ်ခုခုကို စွဲစွဲမြဲမြဲလုပ်ပေးခြင်းဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးကို ပိုကောင်းစေရုံသာမက ကျားဟော်မုန်းထုတ်လုပ်မှုနှုန်းကို ထိန်းထားနိုင်ပါတယ်။
၂။ အစားကို စုံလင်စွာစားသုံးပေးပါ။ တစ်နေ့တာလိုအပ်တဲ့ အစာအာဟာရတွေကို စုံလင်စွာရစေဖို့အတွက် အစာအုပ်စုကို မရွေးဘဲ စားသုံးခြင်းက ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ အကယ်လို့ ကိုယ်က ကျန်းမာရေးကြောင့် မစားနိုင်တဲ့အစားအစာတွေရှိရင်တော့ ဖြည့်စွက်အားဆေးတွေ တွဲသောက်သင့်ပါတယ်။
၃။ တစ်ရက်ကို ညအိပ်ချိန် အနည်းဆုံး ၇-၈ နာရီကြားရအောင် အိပ်စက်အနားယူပါ။
၄။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပါ။ စိတ်ဖိစီးမှုဟာ ရုပ်နဲ့စိတ်ကျန်းမာရေးကို ကောင်းကောင်းဒုက္ခပေးရုံသာမက စိတ်ဖိစီးမှုဟော်မုန်းတွေကို ထုတ်လုပ်ပေးလို့ ခန္ဓာကိုယ်ရဲ့ ကျားဟော်မုန်းတွေကို လျော့နည်းစေနိုင်တာကို သတိပြုသင့်ပါတယ်။ တရားထိုင်တာ၊ စိတ်ပျော်ရွှင်စေတဲ့အရာတွေကို လုပ်ပေးတာ၊ ချစ်ရသူတွေနဲ့ အတူရှိတာ၊ ယောဂလေ့ကျင့်ခန်းလုပ်ပေးတာမျိုးနဲ့ စိတ်ပျော်ရွှင်အောင် ပြန်ထိန်းပါ။
အကယ်လို့ ကိုယ့်မှာ ကျားဟော်မုန်းနည်းနေတယ်လို့ သံသယရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ အမျိုးသားရောဂါကုဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးချင်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်