သံလွင်ဆီစားရင် ရမယ့်ကောင်းကျိုးများ
သံလွင်ဆီလိမ်းရင် အသားအရေကောင်းတယ်၊ ဆံပင်သန်တယ်ကောင်းတယ် ဆိုတာ တော်တော်များများ သိကြပေမယ့် သံလွင်ဆီကို စားလို့လည်းရတယ်ဆိုတာကို တချို့က မသိကြပါဘူး။
ဟုတ်ပါတယ်၊ သံလွင်ဆီက စားလို့လည်းရပါတယ်။ အရှေ့အလယ်ပိုင်းဒေသဟင်းလျာတွေကို သံလွင်ဆီနဲ့ အဓိကချက်လေ့ရှိကြပြီး ထိုဒေသကလူများဟာ သက်ရှည်ကျန်းမာတာ များပါတယ်။ သံလွင်ဆီဟာ စားရန်အသင့်တော်ဆုံးနဲ့ ကျန်းမာရေးနဲ့အညီဆုံး ဆီတွေထဲကတစ်မျိုး ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ သံလွင်ဆီစားရင် ရမယ့်ကောင်းကျိုးတွေကို ပြောပြပေးမယ်နော်။
(1) နှလုံးနဲ့ သွေးကြောကျန်မာရေးအတွက် ကောင်းတယ်
သံလွင်ဆီမှာပါတဲ့ oleic acids နဲ့ polyphenol က ရောင်ရမ်းခြင်းတွေ သက်သာစေသလို oxidative stress လို့ခေါ်တဲ့ free radicals တွေထုတ်ပေးတဲ့ လုပ်ငန်းစဥ်ကို တားဆီးပေးတာ၊ သွေးကြောထဲက ကိုလက်စထရောတွေ လျော့စေတာ၊ သွေးဖိအားတွေ ကျစေတာ စတဲ့အစွမ်းသတ္တိတွေ ရှိတာကြောင့် နှလုံးကျန်းမာရေးအတွက် အထူးပဲ သင့်လျော်ပါတယ်။
(2) ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
သံလွင်ဆီဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants တွေ ကြွယ်ဝလို့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးပါတယ်။ သံလွင်ဆီကို ပုံမှန်စားရင် အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ နည်းပါတယ်။
(3) ဦးနှောက်ရဲ့ လုပ်ငန်းတွေနဲ့ မှတ်ဥာဏ်ကို ကောင်းမွန်စေတယ်
သံလွင်ဆီမှာပါတဲ့ oleocanthal ဓာတ်က ဦးနှောက်ရောင်ရမ်းမှုကို လျှော့ချပေးပြီး အယ်ဇိုင်းမားလ်ရောဂါနဲ့ အသက်ကြီးလို့ မှတ်ဥာဏ်လျော့နည်းတဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(4) စိတ်ကျရောဂါကို သက်သာစေတယ်
သံလွင်ဆီမှာပါတဲ့ အဆီတွေက အာရုံကြောစနစ်ကို အထောက်အကူပေးပြီး serotonin ဟော်မုန်းတွေ ပိုထွက်စေလို့ စိတ်ခံစားမှုကောင်းစေတဲ့အတွက် စိတ်ဓာတ်ကျတဲ့ရောဂါ ခံစားနေရသူတွေ စားသင့်ပါတယ်။
(5) နာကျင်ရောင်ရမ်းမှုတွေ သက်သာစေတယ်
သံလွင်ဆီမှာပါတဲ့ monounsaturated fats နဲ့ polyphenol တွေက နာကျင်ရောင်ရမ်းမှုတွေ ဖြစ်စေတဲ့ C- reactive protein ပမာဏကို လျှော့ချပေးလို့ သံလွင်ဆီပုံမှန်စားရင် arthritis အဆစ်ရောင်ရောဂါနဲ့ တခြားရောင်ရမ်းတဲ့ ရောဂါတွေကို သက်သာစေပါတယ်။
(6) အရိုးတွေကို သန်မာစေတယ်
Polyphenol က အရိုးပျက်စီးတဲ့ ဇီဝကမ္မဖြစ်စဥ်ကို တားဆီးပေးပြီး အရိုးဆဲလ်တွေကို လှုံ့ဆော်ပေးကာ အရိုးသိပ်သည်းဆများပြီး
ပိုမိုကြံခိုင်အောင် လုပ်ပေးပါတယ်။
(7) အူထဲက အကျိုးပြုဘက်တီးရီးယားတွေ ပွားစေတယ်
သံလွင်ဆီရဲ့ polyphenol က အူရောင်ရမ်းမှုကို လျှော့ချပေးသလို တစ်နေ့ကို သံလွင်ဆီ ထမင်းစားဇွန်းတစ်ဇွန်းခွဲ ပုံမှန်စားရင် အူထဲက အကျိုးပြုဘက်တီးရီးယားတွေလည်း ပွားများစေပါတယ်။
(8) ကိုယ်ခံအား ကောင်းစေတယ်
တစ်နေ့ကို သံလွင်ဆီ ၃ ဇွန်းစားရင် ပြင်ပကရောဂါပိုးတွေကို ခုခံတိုက်ခိုက်ပေးတဲ့ T cells တွေ ကြီးထွားဖို့ အထောက်အကူပြုပါတယ်။
(9) ဆီးချိုရောဂါအတွက် ကောင်းတယ်
သံလွင်ဆီမှာပါတဲ့ monounsaturated fat နဲ့ oleic acid က သကြားဓာတ်တွေကို သွေးထဲကို စုပ်ယူမှုနှေးစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို အင်ဆူလင်ခုခံမှုကိုလည်း ကာကွယ်ပေးလို့ ဆီးချိုရောဂါရှင်တွေ စားသင့်ပါတယ်။
(10) ကိုယ်အလေးချိန်ကျစေတယ်
သံလွင်ဆီဟာ သွေးဖိအားကို ကျစေပြီး သွေးတွင်းအဆီတွေကိုလည်း လျှော့ချပေးလို့ ကိုယ်အလေးချိန် ကျချင်သူတွေအတွက် သင့်တော်ပါတယ်။
သံလွင်ဆီဟာ သက်ရှည်ကျန်းမာ နုပျိုလိုသူတိုင်း စားသင့်တဲ့ အကောင်းဆုံးဆီတစ်မျိုး ဖြစ်တာမို့ တတ်နိုင်သမျှ စားကြဖို့ ပြောချင်ပါတယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်