စအိုကွဲနာ
အစာခြေစနစ်ရဲ့ အဆုံးသတ်အင်္ဂါဖြစ်တဲ့ စအိုဟာ မစင်လို့ခေါ်တဲ့ အညစ်အကြေးတွေကို စွန့်ထုတ်တဲ့ တာဝန်ကို လုပ်ဆောင်ပါတယ်။ စအိုမှာဖြစ်တဲ့ ရောဂါဝေဒနာအမျိုးမျိုး ရှိတဲ့ထဲက anal fissure လို့ခေါ်တဲ့ စအိုကွဲနာဆိုတာ စအို ဒါမှမဟုတ် စအိုနားမှာ စုတ်ပြဲတဲ့ဒဏ်ရာ ဒါမှမဟုတ် အနာဖြစ်နေတာကို ခေါ်ပါတယ်။
Cause Overview
စအိုကွဲနာ ဘာလို့ဖြစ်ရတာလဲ?
အများဆုံးကတော့ ဝမ်းချုပ်တဲ့အခါ မာကျစ်နေတဲ့ စမြင်းတုံးတွေက စအိုလမ်းကြောင်းနဲ့ စအိုဝကို ထိုးခွဲပြီး ထွက်လာရလို့ ဖြစ်တာပါ။
တခြားအကြောင်းတွေကတော့
နာတာရှည်ဝမ်းလျှောနေတာ
အူရောင်ရောဂါ ဖြစ်နေတာ (inflammatory bowel disease)
ကိုယ်ဝန်ဆောင်ချိန် (ဝမ်းချုပ်တတ်လို့)
ကာလသားရောဂါနဲ့ လိင်အင်္ဂါရေယုန်တို့လို့ လိင်ကြောင့်ကူးစက်တဲ့ ရောဂါတွေကြောင့် စအိုလမ်းကြောင်း ရောဂါပိုးဝင်တာ၊ အနာဖြစ်တာ
စအိုလမ်းကြောင်းကိုသုံးပြီး လိင်ဆက်ဆံတာ
စအိုရှုံ့ကြွက်သားတွေ တင်းလွန်းလို့ စုတ်ပြဲသွားတာ စတာတွေကြောင့် စအိုကွဲတတ်ပါတယ်။
Symptom & Types
လက္ခဏာတွေအနေနဲ့
အချွန်တစ်ခုခုနဲ့ ထိုးသလို၊ မီးစနဲ့ထိုးသလို နာကျင်မှုမျိုးကို နာရီပေါင်းများစွာ ခံစားရတတ်ပါတယ်။
ဝမ်းသွားတဲ့အခါ အနီရောင်လတ်လတ်ဆတ်ဆတ် သွေးတွေကို ဝမ်းနဲ့တွဲလျက် ဒါမှမဟုတ် အိမ်သားသုံးတစ်ရှူးပေါ်မှာ တွေ့ရနိုင်ပါတယ်။
ဒီရောဂါလက္ခဏာတွေ ခံစားနေရပြီး မသက်သာရင် ရှက်ကြောက်မနေဘဲ ဆရာဝန်နဲ့ တိုင်ပင်မှသာ စအိုကွဲနာလား၊ လိပ်ခေါင်းရောဂါလား၊ စအိုကင်ဆာလား သေချာသိနိုင်မှာပါ။
လိုအပ်ရင် စအိုအတွင်း လက်နှိုက်စစ်ဆေးကြည့်ပြီး စအိုကွဲနာ ဟုတ်မဟုတ် သိနိုင်ပါလိမ့်မယ်။
Support & Resources
ကုသမှု
ပုံမှန်အားဖြင့် နာကျင်မှုသက်သာတဲ့ဆေးတွေ၊ စအိုကို သုတ်လိမ်းရတဲ့ဂျယ်လ်တွေ၊ ဝမ်းပျော့ဆေးတွေ အရင်ဆုံးပေးလေ့ရှိပါတယ်။
ဝမ်းသွားပြီးတဲ့အခါတိုင်း ရေနွေးနွေးနဲ့ မိနစ်အနည်းငယ်ခန့် စိမ်လို့ရပါတယ်။
ဆေးသောက်တာနဲ့ မသက်သာရင်တော့ ခွဲစိတ်ကုသလို့ရပါတယ်။
အများအားဖြင့်တော့ စအိုကွဲနာဟာ တစ်လခွဲလောက်အတွင်း သူ့အလိုလို အနာကျက်သွားလေ့ရှိပြီး အနာကျက်သွားရင် စအိုဝမှာ anal tag လို့ခေါ်တဲ့ အသားပိုလေးတွေ ဖြစ်နိုင်ခြေ ရှိပါတယ်။ အနာမကျက်ခင် (အနာကျက်စေတဲ့လုပ်ငန်းစဥ်ကြောင့်) ညဘက်ပိုင်းမှာ စအိုဝတဝိုက် ယားယံတာမျိုး ဖြစ်တတ်ပါတယ်။
ဘယ်လိုဂရုစိုက်မလဲ?
စအိုကွဲနာဟာ လူတိုင်းအချိန်မရွေး ဖြစ်နိုင်ပါတယ်။
ဝမ်းမချုပ်အောင် ဂရုမစိုက်ဘူးဆိုရင် နောက်ထပ်နောက်ထပ် စအိုကွဲနာတွေလည်း ထပ်ဖြစ်နိုင်ပါတယ်။
ဝမ်းမချုပ်အောင် ရေများများသောက်ပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ များများစားပါ။
ဝမ်းသွားချင်တဲ့အခါ အောင့်ထားတာမျိုး မလုပ်ပါနဲ့။
လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။တစ်ပတ်ကို မိနစ် ၁၅၀ လောက် ကိုယ်လက်လှုပ်ရှားတာက ဝမ်းချုပ်ခြင်းကို ကာကွယ်မှာ ဖြစ်သလို ကျန်းမာလှပစေမှာပါ။
စအိုကွဲနာဟာ ရောဂါဆိုးကြီးမဟုတ်သလို ကင်ဆာလည်း မဟုတ်ပါဘူး။ နေရခက်တာ၊နာကျင်တာကလွဲရင် မဖြစ်အောင်ကာကွယ်လို့ ရသလို ဖြစ်လာရင်လည်း ပျောက်ကင်းအောင် လုပ်လို့ရတာမို့ အရမ်းကြောက်စရာကောင်းတဲ့ အရာမဟုတ်ပါဘူးနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်
Yuyuhlaing 16 Dec 2022 |
စအိုဝမာ အသားပိုအဖုလေးထွက်နာကို ဘလိုပျောက်အောင်လုပ်ရမလဲ ဒေါက်တာ အ့ထာလေးသိချင်လို့ပါရှင့်