AI နည်းပညာထုတ်ကုန်တွေက ကလေးတွေကို ပိုမိုတုံးအစေသလား
Alexa ၊ Siri နဲ့ Google Home တို့လို နာမည်ကျော် မှတ်ဉာဏ်တု (AI) နည်းပညာသုံး Virtual assistant technology တွေဟာ ကလေးငယ်တွေရဲ့ စကားပြောဆိုနိုင်စွမ်းနဲ့ ဉာဏ်ရည်ထက်မြက်မှုကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေတယ်လို့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ ကမ်းဘရစ်ဂျ်တက္ကသိုလ်က သုတေသီတွေက သတိပေးပြောကြားလိုက်ပါတယ်။
မှတ်ဉာဏ်တုနည်းပညာသုံး အဆိုပါထုတ်ကုန်တွေဟာ ဒီကနေ့ခေတ် ဖွံ့ဖြိုးပြီးတိုင်းပြည်တွေက ကလေးငယ်တွေရဲ့ ပတ်ဝန်းကျင်ကို လေ့လာနိုင်စွမ်း၊ သင်ယူလေ့လာနိုင်စွမ်း၊ ဖောက်ထွက်တွေးခေါ်နိုင်စွမ်း၊ သနားကြင်နာစိတ်နဲ့ ပင်ကိုယ်ဉာဏ်ရည်ကို အသုံးချနိုင်စွမ်းတွေအပေါ် အကြီးအကျယ်ချိန်းခြောက်နေပြီး လူ့ဘောင်အဖွဲ့အစည်းရဲ့ အနာဂတ်ကာလကို ထိခိုက်စေမယ့် အန္တရာယ်တစ်ခုဖြစ်လာနိုင်တယ်လို့ သုတေသီ ဒေါက်တာ အန်မိုလ် အော်ရိုရာက ပြောဆိုခဲ့တာပါ။
အထူးသဖြင့် ကလေးငယ်တွေဟာ အဆိုပါ AI နည်းပညာသုံး ထုတ်ကုန်တွေကြောင့် ဘာသာစကားသင်ယူလေ့လာမှုအပိုင်းနဲ့ မိရိုးဖလာ ဓလေ့ထုံးတမ်းတွေကို သင်ယူမှတ်သားမှုအပိုင်းတွေမှာလည်း ကျဆင်းလာနေတယ်လို့ ဒေါက်တာ အော်ရိုရာက ဆိုခဲ့ပါတယ်။
ကလေးငယ်တွေဟာ AI ထုတ်ကုန်တွေထံ သူတို့သိလိုတာတွေကို မေးမြန်းတတ်ကြပေမယ့် အဖြေရပြီးနောက်ပိုင်းမှာ နောက်ထပ်ဆင့်ပွားတွေးတောတာတွေနဲ့ ထပ်မံမေးခွန်းထုတ်တာမျိုးတွေ မလုပ်ဆောင်နိုင်ကြတော့တာကြောင့် သူတို့ရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုဟာ ပိတ်ဆို့ခံထားရသလိုမျိုး ဖြစ်လာနေတယ်လို့ လေ့လာချက်တွေက ထောက်ပြနေကြပါတယ်။
ကျွမ်းကျင်သူတွေကတော့ AI ထုတ်ကုန်တွေဟာ ကလေးငယ်တွေကို ဘယ်အရာတွေကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို ပြောပြပေးနိုင်ပေမယ့် ဘယ်လိုမျိုး ယဉ်ကျေးပျူငှာစွာ နေထိုင်ကျင့်ကြံရမယ်ဆိုတာမျိုးကိုတော့ သင်ပြနိုင်ခြင်းမရှိတာမို့ ကလေးတွေရဲ့ လူသားဆန်တဲ့ စိတ်ဝိဉာဉ်အားနည်းပျောက်ဆုံးသွားနိုင်ကြောင်း သတိပေးနေကြပါတယ်။
မှတ်ဉာဏ်တု (AI) နည်းပညာသုံး Virtual assistant technology တွေထဲက လူသိများတဲ့ Alexa ကို Amazon က ပိုင်ဆိုင်ထားပြီး Siri ကို Apple ၊ Google Assistant နဲ့ Socratic ကို Google ၊ Bixby ကို Samsung နဲ့ Cortana ကို Microsoft တို့က ပိုင်ဆိုင်ထားပါတယ်။