Social ကျသူတွေရော introvert ဖြစ်နိုင်ပါသလား
Introvert ဆိုတာဘာလဲ?
Introversion ဆိုတာ ပြင်ပရဲ့ လှုံဆော်ချက်ထက် အတွင်းစိတ်ထဲက အတွေးတွေ၊ ခံစားချက်တွေ၊ စိတ်အပြောင်းအလဲတွေကို ဦးစားပေးအာရုံစိုက်တတ်တဲ့ ပင်ကိုစရိုက်ဖြစ်ပါတယ်။ Introverts တွေဟာ တိတ်ဆိတ်တယ်၊ သီးသန့်ဆန်တယ်၊ ကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ်တယ်။ Extroverts တွေဟာ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲမှာ ပျော်မွေ့ပေမဲ့ introvertတွေကတော့ လူပတ်ဝန်းကျင်မှာ ကျင်လည်ရရင် ပင်ပန်းလာပါတယ်။ လူစုလူဝေးကြားထဲသွားပြီးတာနဲ့ အိမ်မှာ သီးသန့်တစ်ယောက်တည်း အားအင်ဖြည့်တင်းရပါတယ်။
Introversion ဖြစ်ရတဲ့အကြောင်းအရင်း
မွေးကတည်းက Introvert အနေနဲ့မွေးလာတာလား (သို့) အချိန်ကြာလာမှ ပြောင်းသွားတာလား? Introvert ဖြစ်ခြင်းဟာ သဘာဝအရရော ပြုစုပျိုးထောင်ခံရပုံအရပါ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မအရ ပြင်ပပတ်ဝန်းကျင်ကို တုံ့ပြန်မှုဟာ Extroversion နဲ့ Introversion အတိုင်းအဆကို ဆုံးဖြတ်ပေးပါတယ်။
ဦးနှောက်ရဲ့ပင်စည်မှာရှိတဲ့ Reticular Activating System RAS ဟာ အိပ်ခြင်းနဲ့ နိုးခြင်းအကြားက နိုးနိုးကြားကြားရှိစေခြင်း (arousal level) ကို ထိန်းညှိပေးပါတယ်။ လူတွေနိုးထနေချိန်မှာ ဘယ်လောက်သတင်းအချက်အလက်တွေကို ယူမယ်စသဖြင့် RAS စနစ်က ထိန်းချုပ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ခြောက်လှန့်မှုတွေ ရှိလာခဲ့ရင် RAS စနစ်က arousal level ကို မြှင့်တင်ကာ အန္တရာယ်ကိုရင်ဆိုင်ဖို့ သတိရှိတဲ့အနေအထားအဖြစ် အသင့်ပြင်ဆင်ပေးပါတယ်။
လူတစ်ဦးတစ်ယောက်စီမှာ အခြေခံ arousal level စံပမာဏ ပါရှိကြပါတယ်။ တချို့က ပင်ကိုသဘာဝအရ arousal level မြင့်တယ်။ တချို့က နိမ့်တယ်။ Introvert တွေဟာ arousal level မြင့်တဲ့အုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒီစွမ်းရည်ကြောင့် သူတို့အတွက် လွန်ကဲတဲ့လှုံဆော်မှုပေးတဲ့ ပတ်ဝန်းကျင်အနေအထားတွေကို ရှောင်ရှားကြကာ သီးသန့်ကိုယ်ပိုင်အချိန်မှာတော့ သူတို့မှတ်သားလာတဲ့ ဖြစ်စဉ်တွေကို သုံးသပ်ဖို့ အခွင့်အရေးကို ရယူကြတာဖြစ်ပါတယ်။
Introvert အမျိုးအစားများ
Introvert ဆိုတာနဲ့ အရှက်အကြောက်ကြီးပြီး လူတောမတိုးရဲတဲ့ တစ်ယောက်တည်း ကုပ်ကုပ်လေးနေသူတွေလို့ပဲ ပြေးမြင်ကြပါတယ်။ တကယ်ကတော့ introvert တိုင်းအရှက်အကြောက်မကြီးပါဘူး။
- Social introvert : လူအုပ်စုကြီးထပ် ကိုယ်ခင်မင်တဲ့ လူအနည်းငယ်နဲ့ပဲ ထဲထဲဝင်ဝင် နေတတ်ပါတယ်။ Night out ထပ် အိမ်မှာနေရတဲ့ တိတ်တဆိတ်ညလေးကို ပိုခုံမင်ပါတယ်။
- Thinking introvert : အချိန်အများစုမှာ စဉ်းစားနေတတ်ပါတယ်။ စိတ်ကူးဉာဏ်ကွန့်မြူးပြီး ကိုယ့်ကိုကိုယ် အမြဲပြန်သုံးသပ်နေပါတယ်။
- Anxious introvert : လူအများကြီးကြားထဲ ပြောဆိုဆက်ဆံရပြီဆိုရင် ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ စိတ်ပူပန်လှုပ်ရှားလာတတ်ပါတယ်။
- inhibited introvert : အတွေးလွန်တဲ့သူဖြစ်ပါတယ်။ တစ်ခုခု မလုပ်မီ ဆုံးဖြတ်ချက်အတွက် အချိန်အတော်ယူလေ့ရှိပါတယ်။
Introvert အတော်များများကတော့ ဒီလေးမျိုးလုံး ရောနေတာများပါတယ်။ Social butterflies လေးတွေဟာလည်း Introvert ဖြစ်နေတတ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
Introvert တွေရဲ့ လက္ခဏာရပ်များ
- လူတွေကြားထဲနေရရင် အားအင်တွေ စုပ်ယူခံရသလို ခံစားရတယ်။
- လူသူဝေးရာ တစ်ယောက်တည်း သီးသန့်နေရတာကြိုက်တယ်။
- သင့်မှာ သူငယ်ချင်းအနည်းငယ်ပဲ ရှိတယ်။
- လူတွေက သင့်အကြောင်းသိလာဖို့ ခက်ခဲတယ်၊ အချိန်ယူရတယ်။
- လှုံဆော်မှုတွေ များလွန်းလာရင် စိတ်ရှုပ်ထွေးလာတယ်။
- ကိုယ့်ရည်ရွယ်ချက်၊ စရိုက်၊ ခံစားချက်ကို အရမ်းသတိထားတယ်။
- အမြင်နဲ့ သင်ယူရတာကို ကြိုက်တယ်။
- လွတ်လပ်တဲ့၊လူတွေနဲ့ ဆက်ဆံရနည်းတဲ့ အလုပ်အကိုင်ကို တွယ်တာတယ်။ (ဥပမာ စာရေးဆရာ၊ ပန်းချီဆရာ၊ စာရင်းစစ်၊ ကွန်ပြူတာ ပရိုဂရမ်ဆွဲသူ စသည့်ဖြင့်)
Introversion နဲ့ စိတ်ဓာတ်ကျခြင်း
Introversion ဟာ အထီးကျန်ဆန်ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ကြောင့်ကြပူပန်ခြင်းများ ဖြစ်နိုင်ချေရှိပါတယ်။
Introvert ဖြစ်တာကို ရပ်တန့်လို့ရလား?
မရပါဘူး။ အကယ်၍ တစ်ယောက်တည်းအချိန်ကုန်ဆုံးတာ များနေပြီဆိုရင် ချစ်ခင်ရသူတွေနဲ့ သွားလာလည်ပတ်တာဟာ ပြန်လည်လန်းဆန်းစေပါလိမ့်မယ်။ အကယ်၍ လူတွေနဲ့ ဆက်ဆံရပါများလာလို့ စိတ်ညစ်လာပြီဆိုရင်လည်း မိမိကိုယ်ကို သီးသန့်အချိန်ပြန်ပေးကာ ပြန်လည်အားဖြည့် အနားယူဖို့လိုပါမယ်။
Introvert, extrovert , ambivert ဘယ်ပင်ကိုစရိုက်အမျိုးအစားက ပိုကောင်းတယ်၊ ပိုသာတယ်၊ ပိုမကောင်းဘူးလို့ မရှိပါ။ ဘယ်အမျိုးအစားမဆို အခြေအနေအရပ်ရပ်အရ အားနည်းချက်၊ အားသာချက်ရှိပါတယ်။ မိမိရဲ့ ပင်ကိုစရိုက်ကို သိရှိနားလည်ထားရင်တော့ အားသာချက်၊ အားနည်းချက်ကို အကြောင်းပြုလို့ အလုပ်ထဲမှာ ဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ် အဆင်ပြေနိုင်ပါလိမ့်မယ်။
ရေးသားသူ - Dr. May Myat Tun