မိမိကိုယ်ကို ခွင့်လွှတ်တတ်ပါစေ
မိမိယုံကြည် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာလို့၊ ကိုယ့်ဘာကို အမှားလုပ်မိလို့ ဒေါသထွက်တာ၊ ကျိန်ဆဲချင်တာ၊ ပေးဆပ်ထားရတာ စတဲ့ ခံစားချက်တွေရဲ့ အရင်းအမြစ်ကို လွှတ်ချလိုက်ဖို့၊ အပြစ်မယူတော့ဖို့ စိတ်ပိုင်းဖြတ်ရတာဟာ ထင်သလောက် မလွယ်ကူလှပါဘူး။ သူတစ်ပါးကိုသာ အလျှော့ပေးလိုက်ဖို့ သဘောထားကြီးနိုင်ပေမဲ့ မိမိကိုယ့်ကိုအပေါ်မှာကျ ပိုပြီးခက်ထန်နေမိတာမျိုး ရှိတတ်ပါတယ်။
လူတိုင်း အမှားပြုလုပ်မိကြတယ်၊ အမှားတွေကနေ သင်ယူမယ်၊ လွှတ်ချမယ်၊ ရှေ့ဆက်မယ်၊ ကိုယ့်ကိုကိုယ် ခွင့်လွှတ်မယ် စတဲ့အချက်တွေဟာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အရေးပါပါတယ်။
ကိုယ့်ကိုကိုယ် ခွင့်လွှတ်လိုက်ခြင်းဟာ အားနည်းတဲ့ လက္ခဏာမဟုတ်ပါ။ မှားယွင်းခဲ့တဲ့လုပ်ရပ်ကို လျှစ်လျူရှူလိုက်ခြင်းလည်း မဟုတ်ပါ။ ကိုယ့်လုပ်ခဲ့တဲ့ အပြုအမူကို လက်ခံမယ်၊ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ လက်ခံမယ်၊ ပြီးခဲ့တာတွေကို ကျော်လွန်မယ်၊ ပြောင်းလဲမရတော့တဲ့အတိတ်ကနေ ရုန်းထွက်ပြီး ထပ်တူညီတဲ့အမှားမျိုး မလုပ်မိဖို့ဆင်ခြင်မယ်။
မိမိကိုယ်ကို ခွင့်လွှတ်နိုင်ဖို့ ကုစားတဲ့ အဓိကသော့ချက်ဖြစ်တဲ့ ‘R’ (၄) မျိုးက အထောက်အကူပြုပါလိမ့်မယ်။
- Responsibility
- Remorse
- Restoration
- Renewal
တာဝန်ယူဖို့ လက်ခံခြင်း
ကိုယ့်ကိုကိုယ်ခွင့်လွှတ်တယ်ဆိုတာ အတိတ်ကို အတိတ်မှာ ချန်ခဲ့တာ၊ ဆက်လက်ရှေ့ဆက်တာ ထပ်ပိုပါတယ်။ ပြီးခဲ့တာကို လက်သင့်ခံကြောင်း စိတ်အားထက်သန်မှု ရှိရပါမယ်။ ဘာလုပ်ခဲ့လို့ ဘာအကျိုးဆက်ရခဲ့တယ်ဆိုတာကို ပြန်သုံးသပ်ရပါမယ်။ မေ့မေ့ပျောက်ပျောက် ထားခဲ့လို့ မရပါ။ ရှောင်ဖယ်ငြင်းပယ်၊ ဆင်ခြေတွေနဲ့ မိမိကိုယ်ကိုလိမ်ညာ၊ သူတစ်ပါးကို အပြစ်ပုံချလို့ အကျိုးမရှိပါ။ မိမိလုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ရလဒ်ကို ရင်ဆိုင်ရပါမယ်။ ဒီပထမအဆင့်ဟာ အခက်ဆုံးဖြစ်ပါတယ်။ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သူတစ်ပါးကို နာကျင်စေခဲ့ရင် ဒါအတွက် တာဝန်ခံရပါမယ်။
နောင်တရကြောင်း ဖော်ပြခြင်း
ကိုယ့်ရဲ့အမှားအတွက် တာဝန်ယူဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ ကိုယ့်ကိုကိုယ် အရှက်ရတာ၊ အပြစ်ရှိသလို ခံစားရတာတွေ ဖြစ်လာမှာပါ။ အပြစ်ရှိတယ်လို့ ခံစားရရင် ကိုယ်က မကောင်းတာ လုပ်ခဲ့မိတဲ့ လူကောင်းပါလို့ မှတ်ယူတတ်ပေမဲ့ အရှက်ရနေခြင်းကတော့ ကိုယ့်ကိုကိုယ် လူဆိုးအဖြစ် မှတ်ယူမိသွားတတ်ပါတယ်။ ကိုယ့်ကိုကိုယ် အသုံးမဝင်ဘူး ထင်လာတာ၊ စိတ်ဓာတ်ကျလာတာ၊ စိတ်တိုဒေါသထွက်တာတွေပါ ဖြစ်လာတတ်ပါတယ်။ နားလည်ထားရမှာက “အမှားလုပ်မိတိုင်း လူဆိုးဖြစ်သွားတာ မဟုတ်သလို ကိုယ့်ရဲ့ရှိရင်းတန်ဖိုးလည်း ကျဆင်းသွားတာမဟုတ်ဘူး” ဆိုတာပါပဲ။
အပျက်အစီးကို ပြုပြင်ကာ ယုံကြည်မှုပြန်လည်တည်ဆောက်မယ်
ကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားရခြင်းကို ကျော်လွန်ဖို့ဆိုတာ အမှားအတွက် ပြန်လည်ပြင်ဆင်ရပါမယ်။ ကိုယ်ကြောင့် နာကျင်ရသူတွေကို တောင်းပန်ပါ။ မှားနေတာကို ပြုပြင်လိုက်မှသာ “ဘာတွေထပ်မှားမိနေဦးမလဲ”ဆိုတာတွေ မရှိတော့မှာ ဖြစ်ပါတယ်။
လူသစ်စိတ်သစ် ပြန်ဖြစ်ဖို့ အာရုံစိုက်ပါ
လူတိုင်းမှာ နောင်တရစရာ၊ အားနာစရာကောင်းတဲ့ အရာတွေ၊ အမှားတွေ လုပ်ဖူးတဲ့အချိန်ရှိပါတယ်။ မိမိကိုယ်ကို သနားတာ၊ မုန်းတာ၊ ပျက်စီးစေတာ စတဲ့ထောင်ချောက်တွေထဲ မိမိကိုယ်ကို မကျရောက်စေဖို့ပဲ လိုပါတယ်။ ကိုယ်ကြောင့် ရှုပ်ထွေးသွားတာမှန်ပေမဲ့ ဒါဟာ အနာဂတ်မှာ ပိုကောင်းတဲ့ရွေးချယ်မှုတွေကို ဆုံးဖြတ်နိုင်ဖို့ ဘဝသင်ခန်းစာပဲဖြစ်ပါတယ်။
မိမိကိုယ်ကို ခွင့်လွှတ်ခြင်းရဲ့ အကျိုးကျေးဇူးများ
စိတ်ကျန်းမာရေး
လွှတ်ချလိုက်ခြင်းနဲ့ ခွင့်လွှတ်ပေးခြင်းက ကောင်းမွန်တဲ့ ခံစားချက်တွေကို ပေးစွမ်းသလို ကိုယ့်ကိုကိုယ် မြင်တဲ့ မိမိရဲ့ပုံရိပ်ကိုလည်း တိုးမြင့်စေပါတယ်။ မိမိကိုယ်ကို ဖြေလျှော့ခွင့်လွှတ်တတ်တဲ့ အလေ့ဟာ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ကြောင့်ကြခြင်းတွေကို လျော့နည်းစေပါတယ်။ မိမိကိုယ်ကို ညှာတာပြီး အကြင်နာမေတ္တာရှိခြင်းဟာ အောင်မြင်မှု၊ အာရုံစူးစိုက်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း တိုးတက်စေပါတယ်။
ကိုယ်ကျန်းမာရေး
လေ့လာချက်တွေအရ စိတ်ထောင်းကိုယ်ကြေမဖြစ်ဘဲ စိတ်ပျိုကိုယ်နုကာ သွေးတွင်းအဆီဓာတ်ကို လျော့နည်းစေကာ နာကျင်မှုလျော့နည်းစေခြင်း၊ သွေးပေါင်ချိန်ကောင်းစေခြင်းနဲ့ နှလုံးဖောက်နိုင်ချေနည်းစေခြင်းတို့ ဖြစ်စေပါတယ်။
ကောင်းမွန်တဲ့ ဆက်ဆံရေး
စစ်မှန်တဲ့ မိမိကိုယ်ကို နားလည် ခွင့်လွှတ်တတ်ခြင်းကြောင့် နှစ်ဦးနှစ်ဖက်ရဲ့ ဆက်ဆံရေးအပေါ်မှာ အပြန်အလှန် ကျေနပ်မှုရှိစေကာ မကောင်းတဲ့အတွေး၊ သံသယတွေလည်း လျော့နည်းစေပါတယ်။
မိမိကို နာကျင်စေသူတွေကို ခွင့်လွှတ်ရတာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ကိုယ့်ဘာကို ခွင့်လွှတ်ရတာလည်း ထပ်တူခက်ခဲပါတယ်။ မရိုးစင်းမလွယ်ကူပေမဲ့ ကိုယ့်ကိုကိုယ် ငဲ့ညှာတဲ့အနေနဲ့ ခွင့်လွှတ်တတ်ဖို့ ကြိုးစားကြည့်တဲ့အခါ အကျိုးကျေးဇူးများကြောင်း တွေ့ရပါလိမ့်မယ်။
ရေးသားသူ - Dr. May Myat Tun