ဆီးကြိတ်ခွဲစိတ်ခြင်းအကြောင်း
Prostatectomy (Prostate surgery) ဆိုတာ ဆီးကြိတ်ရဲ့ အစိတ်အပိုင်းအချို့ (သို့) အကုန်လုံးကို ဖယ်ရှားခြင်းကို ခေါ်ပါတယ်။ ဆီးကြိတ်ကြီးခြင်း၊ ဆီးကြိတ်ကင်ဆာ စတဲ့ ရောဂါပြသာနာတွေကို တည့်မတ်ကုသတဲ့နည်းလမ်း ဖြစ်ပါတယ်။
ဆီးကြိတ်ဟာ သစ်ကြားသီးအရွယ်ခန့်ရှိပြီး ဆီးအိမ်နဲ့ လိင်တံကြားမှာတည်ရှိပါတယ်။ ဆီးနဲ့ သုတ်ရည်ထုတ်လွှတ်တဲ့ ပြွန်ငယ် (urethra) ကို အပြင်ကနေ ငုံထားတဲ့ပုံစံ ရှိနေပါတယ်။ ဆီးကြိတ်ယောင်ယမ်းပြီး ကြီးလာတဲ့အခါ ဆီးလမ်းကြောင်းကို အဟန့်အတားဖြစ်စေပြီး ကျောက်ကပ်ပျက်စီးခြင်း အစရှိတဲ့ ကျန်းမာရေးပြသာနာတွေကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။
အဖြစ်များတဲ့ ဆီးကြိတ်ပြသာနာများ
ဆီးကြိတ်ဂလမ်းဟာ မျိုးပွားအင်္ဂါစနစ်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပြီး သုတ်ရည်ထုတ်လွှတ်ရာမှာ ကူညီပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဆီးကြိတ်ဟာလည်း ကြီးလာတတ်ပါတယ်။ အသက်၄၀ကျော်အရွယ် အမျိုးသားတွေမှာ ဆီးကြိတ်ဟာ ယောင်ယောင်လေး ကြီးတတ်ပြီး ၉၀% ကျော်သော အသက်၈၀ ကျော်အမျိုးသားတွေမှာ ဆီးကြိတ်ကြီးတတ်ပါတယ်။
အသက်ကြီးလာတဲ့ဖြစ်စဉ်မှာ ဟော်မုန်းနဲ့ ဆဲလ်ကြီးထွားမှု အပြောင်းအလဲတွေကြောင့် ဆီးကြိတ်ကို ယောင်စေတာဖြစ်ပါတယ်။ ဒီယောင်ယမ်းခြင်းဟာ ဆီးစွန့်ပြွန်မှာ ဖိအားသက်ရောက်ပြီး ဆီးသွားတဲ့အခါ ဆီးကျန်တာတွေ ဖြစ်စေပါတယ်။
Benign Prostatic Hyperplasia
ဒီဆီးကြိတ်ယောင်ခြင်းအမျိုးအစားဟာ ကင်ဆာမဟုတ်သလို ကင်ဆာအဖြစ်ပြောင်းနိုင်ချေကိုလည်း မမြင့်တက်စေပါ။ သို့သော် မကြာခဏ ဆီးသွားခြင်း၊ ညဘက် ဆီးခဏခဏထသွားရခြင်း၊ ဆီးလုံးသေးခြင်း၊ ဆီးအလျင်စလို သွားချင်ခြင်း စတဲ့ ပြသာနာတွေ ရှိတတ်ပါတယ်။ တချို့သော Benign prostatic hyperplasia အခြေအနေဟာ ခွဲစိတ်ဖို့လိုတတ်ပါတယ်။
- Transurethral resection of the prostate TURP (လျှပ်စစ်ဝါယာကွင်းသုံးကာ ပွားလာတဲ့ ဆီးကြိတ်တစ်ရှူးအချို့ကို ဖယ်ရှားခြင်း)
- Transurethral electrovaporization of the prostate TUVP (လျှပ်စစ်စွမ်းအားရဲ့ အပူကိုသုံးခြင်း)
- Transurethral incision of the prostate TUIP (ဆီးစွန့်ပြွန်ရဲ့အဝကို ခွဲစိတ်ပြီး ချဲ့ခြင်း)
- Prostatic arterial embolization PAE (ဆီးကြိတ်သွေးကြောကို ခဲခြင်း) စသည့်ဖြင့်
ဆီးကြိတ်ယောင်ယမ်းခြင်း (Prostatitis )
ဘတ်တီးရီးယားပိုးမွှားတွေကြောင့် ဆီးကြိတ်ယောင်ယမ်းတဲ့အခါ ပဋိဇီဝဆေးများနဲ့ အယောင်ကျဆေးများနဲ့ ကုသလေ့ရှိပါတယ်။ ဘတ်တီးရီးယားကြောင့်မဟုတ်ရင် (သို့) ဆေးဝါးများနဲ့ မသက်သာရင်တော့ ခွဲစိတ်ဖို့လိုကောင်းလိုနိုင်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ TURP နဲ့ TUVP ခွဲစိတ်ကုထုံးများနဲ့ ကုသနိုင်ပါတယ်။
ဆီးကြိတ်ကင်ဆာ
ဆီးကြိတ်ကင်ဆာဟာ မပျံ့သေးရင် လက္ခဏာမပြတတ်ပါ။ ဆီးတစက်စက်ကျတာ၊ ဆီးသွားရခက်တာ၊ ဆီးမှာ သွေးပါတာ၊ ဆီးမထိန်းနိုင်တာ၊ လိင်တံမထောင်မတ်နိုင်တာ စတဲ့အခက်အခဲတွေ တွေ့ကြုံရတတ်ပါတယ်။ ဆီးကြိတ်ကင်ဆာရှိသူရဲ့ Prostate-specific-antigen PSA ပမာဏ သွေးစစ်ချက်ကို မကြာမကြာ စစ်ဆေးနေဖို့လိုပါတယ်။ အကြိတ်ကြီးရင်၊ ပျံ့နှုန်းမြန်ရင်၊ ပျံ့နိုင်ချေများရင် ဗိုက်ဖွင့်၍ (သို့) မှန်ပြောင်းမှတစ်ဆင့် ဆီးကြိတ်ဂလမ်းကို ခွဲစိတ်ဖယ်ရှားတဲ့ကုထုံး (Open or laproscopic radical surgery) ကို သုံးနိုင်ပါတယ်။
ဆီးကြိတ်ခွဲစိတ်မှုရဲ့ ဖြစ်ပေါ်နိုင်ချေရှိတဲ့ ဘေးထွက်ဆိုးကျိုးများ
- အာရုံကြောရဲ့ ခံစားနိုင်မှု ပျောက်သွားတတ်ခြင်းကြောင့် ကာမစပ်ယှက်ခြင်းအခက်အခဲများ
- ဆီးမထိန်းနိုင်ခြင်း
- လိင်အင်္ဂါအနီးရှိ ပြန်ရည်ကြိတ်များ ယောင်ယမ်းခြင်း
- အူကျခြင်း
- ဆီးစွန့်ပြွန်ရဲ့ အရှည် တိုသွားနိုင်ခြင်း (လိင်တံအရွယ် သေးသွားခြင်း) စသည့်ဖြင့် အခန့်မသင်ရင် ဖြစ်တတ်ပါတယ်။
အမျိုးသားအများစုမှာ အသက်အရွယ်ရလာတဲ့အခါ ဆီးကြိတ်ကြီးတတ်ပါတယ်။ သို့ပေမဲ့ အမြဲတမ်း ထိတ်လန့်စရာ သတိပေးချက်တော့ မဟုတ်ပါ။ လက္ခဏာရပ်တွေ ဆိုးဝါးစွာ ခံစားလာရရင်တော့ ရောဂါအဖြေရှာကာ ကုသမှုခံယူရပါမယ်။ ဆီးကြိတ်ခွဲစိတ်ကုထုံးဟာလည်း ပထမရွေးချယ်ချက် မဟုတ်ပါ။ဆရာဝန်များရဲ့ စမ်းသပ်စစ်ဆေးချက်များနဲ့ သွေးစစ်ချက်များအရ ဆီးကြိတ်အရွယ်အစားကို လေ့လာကာ အသင့်တော်ဆုံး ရွေးချယ်ကုသပေးမှာ ဖြစ်ပါတယ်။ ဆိုးကျိုးများနဲ့ နောက်ဆက်တွဲရလဒ်များ ရှိနေသော်ငြား ဆီးကြိတ်ခွဲစိတ်မှုဟာ အချို့အခြေအနေများအတွက် အသက်ကယ်သောကုထုံးလည်း ဖြစ်နေနိုင်ပါတယ်။
ရေးသားသူ - Dr. May Myat Tun