သိုင်းရွိုက်ဟော်မုန်း လွန်ကဲတဲ့ရောဂါ
သိုင်းရွိုက်ဟာ လည်ပင်းအရှေ့ဘက်မှာ ရှိတဲ့ လိပ်ပြာပုံဂလင်းဖြစ်ပြီး လေပြွန်ရဲ့အရှေ့ဘက် ကပ်လျက်မှာ တည်ရှိပါတယ်။ စားလိုက်တဲ့အစားအစာတွေထဲက အိုင်အိုဒင်းဓာတ် (iodine) တွေကို ယူကာ သိုင်းရွိုက်ဂလင်းကနေ Triiodothyronine ဆိုတဲ့ T3၊ thyroxine ဆိုတဲ့ T4 ဟော်မုန်းတွေအဖြစ် ပြောင်းပေးပြီး ခန္ဓာကိုယ်အလေးချိန်၊ ကိုယ်တွင်းအပူချိန်၊ နှလုံးခုန်နှုန်း စတဲ့ ဇီဝလုပ်ငန်းစဥ်တွေကို ထိန်းညှိပေးတာအပြင် အရေပြား၊ ဆံပင်နဲ့ လက်သည်းကြီးထွားဖို့လည်း ဆောင်ရွက်ပေးပါတယ်။
သိုင်းရွိုက်ဟော်မုန်းလွန်ကဲတဲ့ ရောဂါကို hyperthyroidism လို့ခေါ်ပြီး သိုင်းရွိုက်ဂလင်းကနေ T3 နဲ့ T4 ဟော်မုန်းတွေ အများအပြားထုတ်လုပ်တဲ့အခါ ဖြစ်လာတာပါ။
သိုင်းရွိုက်ဟော်မုန်းလွန်ကဲတဲ့ရောဂါဟာ လူတိုင်းမှာ ဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဆယ်ဆပိုဖြစ်နိုင်ပါတယ်။ များသောအားဖြင့် အသက် ၂၀နဲ့ ၄၀ ကြားအရွယ်တွေမှာ ဖြစ်တတ်ပါတယ်။
ဖြစ်စေတဲ့အကြောင်းရင်းတွေ
- Graves' disease လို့ခေါ်တဲ့ ကိုယ်ခံအားစနစ်က သိုင်းရွိုက်ဂလင်းကို တိုက်ခိုက်လို့ သိုင်းရွိုက်ဟော်မုန်းတွေ ပိုမိုထွက်ရှိတဲ့ ရောဂါ
- သိုင်းရွိုက်ဂလင်း အလွန်အကျွံ တက်ကြွနေတာ
- သိုင်းရွိုက်ဂလင်းက ရောင်နေတာ
- စားတဲ့အစာထဲမှာ အိုင်အိုဒင်းတွေ အများကြီးပါနေတာ
- သိုင်းရွိုက်ဟော်မုန်းဆေးတွေ အများကြီးသောက်တာ
- ဦးနှောက်ထဲကပီကျူထရီဂလင်း အကျိတ်ဖြစ်ရာက သိုင်းရွိုက်ဟော်မုန်းတွေ ပိုမိုထွက်အောင် လှုံဆော်တာတွေက သိုင်းရွိုက်ဟော်မုန်းလွန်ကဲစေပါတယ်။
ဘာလက္ခဏာတွေ ပြမလဲ?
- စိတ်တိုစိတ်ဆတ်၊ စိတ်လှုပ်ရှားလွယ်တာ၊ စိတ်ပူပန်နေတာ
- စိတ်အပြောင်းအလဲမြန်တာ
- အိပ်မပျော်တာ
- နှလုံးခုန်ရင်တုန်တာ
- ကိုယ်အလေးချိန်ကျသွားတာ
- မောပန်းပြီး အားနည်းနေတာ
- အပူဒဏ်ကို မခံနိုင်တာ
- လက်တွေတုန်နေတတ်တာ
- လည်ပင်းကြီးလာတာ
- မျက်လုံးပြူးလာတာ စတဲ့ လက္ခဏာတွေ ခံစားနေရရင် သိုင်းရွိုက်ဟော်မုန်း စစ်ကြည့်သင့်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းလွန်ကဲတဲ့ရောဂါက ကုသလို့ရတဲ့ ရောဂါပါ။
အများအားဖြင့်တော့ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုကို လျှော့ချပေးတဲ့ သောက်ဆေးတွေ ပေးလေ့ရှိပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး လချီ၊ နှစ်ချီပြီးလည်း သောက်ရနိုင်ပါတယ်။
Radioiodine treatment လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်းထုတ်တဲ့ဆဲလ်တွေ လျော့နည်းအောင် လုပ်ပေးတဲ့ဆေးကိုလည်း လိုအပ်ရင် ပေးပါတယ်။
သောက်ဆေးတွေနဲ့ မသက်သာခဲ့ရင် ခွဲစိတ်ပြီး သိုင်းရွိုက်ဂလင်းတွေကို ထုတ်ပစ်ပြီး ဟော်မုန်းတွေ ထပ်မထုတ်နိုင်တော့အောင် လုပ်လို့လည်း ရပါတယ်။
ဒီရောဂါက ကုသလို့ရတဲ့ရောဂါမို့ အရမ်းကြောက်စရာမလိုပါဘူး။
အချိန်မီမသိရင်၊ ဂရုတစိုက် ကုသမှုမခံယူရင်တော့ မျက်စိယားယံတာ၊ အမြင်ဝါးတာ၊ နှစ်ထပ်မြင်တာ
နှလုံးခုန်နှုန်း မမှန်ရာက နှလုံးအလုပ်မလုပ်နိုင်တော့တာ
ကိုယ်ဝန်ဆောင်တွေမှာဆို ကလေးပျက်ကျတာ၊ ပေါင်မပြည့်၊ လမစေ့ ကလေးမွေးတာ
Thyroid storm လို့ခေါ်တဲ့ ရုတ်တရက် အသက်အန္တရာယ်ရှိတာအထိလည်း ဖြစ်နိုင်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်