ဆေးလိပ် နှင့် အဆုတ်လေပြွန် ကျန်းမာရေး
ဆေးလိပ်သောက်ခြင်းဟာ ကောင်းသလားလို့မေးရင် မကောင်းမှန်းတော့ လူတိုင်းသိကြမှာပါ။ ဒါပေမယ့်လဲ ဆေးလိပ်ကြော်ငြာ ပေါက်လို့ပဲဖြစ်ဖြစ် စတိုင်ထုတ်ချင်လို့ပဲ ဖြစ်ဖြစ် ၊ အထာကျတယ်လို့ ခံစားရလို့ပဲ ဖြစ်ဖြစ်၊ နှစ်ခြိုက်လို့ပဲ ဖြစ်ဖြစ် အကြောင်းပြချက်မျိုးစုံနဲ့ ဆယ်ကျော်သက် လူငယ်လူရွယ် လူလတ်မှသည် ဟိုးအသက်အရွယ် ကြီးရင့်သည်အထိ စွဲမြဲစွာ သောက်သုံးနေကြဆဲ ဖြစ်ပါတယ်။
ယခုဆိုရင် အမျိုးသမီးထုလဲ ပိုမိုသောက်သုံးလာကြတာကို တွေ့နေရပါပြီ။ ဆေးပြင်းလိပ် ၊ ဆေးပေါ့လိပ်၊ စီးကရက်၊ ဆေးတံ၊ Vape ရှူတာ စတဲ့ အရာတွေဟာ ဆေးလိပ်သောက်ခြင်းထဲမှာ အကုန်အကျုံးဝင်ပါတယ်။
" အသက်ကို ဉာဏ်စောင့် " ဆိုသလို ယနေ့ခေတ်ကာလအနေအထားအရ ရောဂါပိုးမွှားတွေ ပတ်လည်ဝန်းရံနေတဲ့ လူမှုပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်ခြင်းဟာ ဘယ်လောက်တောင် အဆုတ်လေပြွန် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်တယ်ဆိုတာ သိရှိရအောင် အချိန်ခဏပေးပြီး ဖတ်ရှုဖို့ တိုက်တွန်းပါရစေ မိတ်ဆွေ။
ဆေးလိပ်တွေ သောက်တဲ့အခါ အဆုတ်ထဲမှာ အကျိအချွဲတွေ ထုတ်ပေးတဲ့ ဆဲလ်တွေ များပြားလာပြီး အချွဲတွေဆက်တိုက် ထုတ်နေပါတော့တယ်။ ဆေးလိပ်ကြောင့် အဲ့ဒီချွဲတွေကို တံမြက်စည်းလိုမျိုး လှည်းကျင်းသန့်စင်ပေးမယ့် အမွှေးအမျှင်တွေဟာ တစစနည်းပါးလာပြီး နာရီပေါင်းများစွာ မလှုပ်နိုင်တာကြောင့် သန့်ရှင်းရေး မလုပ်နိုင်တော့ပါဘူး။
နောက်ဆုံးမှာတော့ ချွဲတွေကများ၊ ပျစ်ခဲလာပြီးတော့ ချွဲတွေ ခန္ဓာကိုယ်အပြင် ထွက်နိုင်အောင် ချောင်းတွေဆိုးပါတော့တယ်။ ဆေးလိပ်သောက်တဲ့သူတွေမှာ ချောင်းဆိုးတာနဲ့ အဆုတ်ပိုးဝင်တာဟာ ခဏခဏတွေ့ရလေ့ရှိတဲ့ လက္ခဏာတစ်ခုပါ။ ဒါဟာလဲ အချိန်အတိုင်းအတာတစ်ခုမှာ သက်သာ ပျောက်ကင်းသွားပါတယ်။
ဆေးလိပ်ဟာ အဆုတ်ရောင်ယမ်းစေရုံသာမက အဆုတ်တစ်ရှူးတွေအထိပါ ဖျက်ဆီးလိုက်ပါတယ်။ ဒီလိုမျိုး ဖျက်ဆီးတဲ့ အထဲမှာတော့ အဆုတ်ရဲ့ လေပြွန်ငယ်လေးတွေရှိ အလွန်တရာမှ သေးငယ်သော လေအိပ်ကလေးတွေလဲ အပါအဝင်ဖြစ်ပါတယ်။
အဲ့ဒီ လေအိပ်ကလေးတွေဟာ ဆေးလိပ်ကြောင့် မူမမှန်ဖြစ်ကာ ဖောင်းကားလာတဲ့အတွက် အောက်စီဂျင်- ကာဗွန်ဒိုင်အောက်ဆိုဒ် လဲလှယ်တဲ့ လေအိပ် နံရံလေးတွေ ပျက်စီးကုန်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ တစ်ရှူးတွေဆီ အောက်ဆီဂျင် ကောင်းကောင်းမရောက်တော့သလို ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ များလာပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ခန္ဓာကိုယ်ထဲမှာ များလာရင် ဘာတွေ ဖြစ်မလဲ?
ကတုန်ကယင်ဖြစ်လာမယ်၊ ချွေးတွေပြန်၊ အမြင်အာရုံနဲ့ အကြားအာရုံ တွေ ဝေဝါးလာမယ်၊ အသက်ရှူရ ခက်လာမယ်၊ မြန်လာမယ်၊ နှလုံးခုန်မြန်ပြီး ရင်တွေတုန်မယ်၊ သွေးပေါင်တွေတက်မယ်၊ ရီဝေဝေနဲ့ ခေါင်းမူး၊ ခေါင်းကိုက်မယ်။ နောက်ဆုံးမှာ အရမ်းများလာရင်တော့ ကယောင်ကတမ်း ဖြစ်လာပြီး သတိကောင်းကောင်း မရှိတော့ရာကနေ လုံးဝ သတိလစ် မေ့မြောသွားတဲ့အထိ အဆုံးစွန် ဆိုးရွားစွာ ဦးနှောက်ထိ ရောက်ရှိသွားနိုင်ပါတယ်။
ကာလကြာရှည် ဆေးလိပ်သောက်တဲ့သူတွေ ဒါမှမဟုတ် နာတာရှည် လေပြွန်ရောင်ယမ်းတတ်တဲ့ သူတွေမှာ ဒီလိုမျိုး လေအိပ်ပြဿနာတွေ ကြုံရနိုင်ပါတယ်။ ဒီလိုမျိုး Emphysema လို့ခေါ်တဲ့ ပုံမမှန် လေအိပ်ဖောင်းကားခြင်း နဲ့ နာတာရှည် လေပြွန်ရောင်ယမ်းခြင်း (Chronic Bronchitis) ပြဿနာဟာ အဆုတ်နဲ့သက်ဆိုင်သော နာတာရှည် အသက်ရှူလမ်းကြောင်း ကျဥ်းမြောင်းပိတ်ဆို့ခြင်း (COPD) ရဲ့ အမျိုးအစားတွေ ထဲမှာ ပါဝင်ပါတယ်။
ပုံမမှန်ဖောင်းကားနေတဲ့ လေအိပ်ကလေးတွေဟာ အချိန်မရွေး ပေါက်ထွက်နိုင်ပါတယ်။ ဒီလို ပေါက်ထွက်ခြင်းဟာ အောက်စီဂျင် - ကာဗွန်ဒိုင်အောက်ဆိုဒ် လဲလှယ်လေ့ရှိတဲ့ ကြားခံနယ်မြေ လျော့နည်းလာပြီးတော့ အောက်စီဂျင် ပိုပိုပြီး ကောင်းကောင်းမရ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုပိုများလာ စတဲ့ မကောင်းတဲ့သံသရာလည်ခြင်းကို ပြန်လည် ဖြစ်ပေါ်လာစေပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဘဝတစ်လျှောက်လုံး နာတာရှည်ရောဂါလို ခံစားသွားရတဲ့အထိ အသက်ရှူရတာလဲ ပိုပိုခက်ခဲလာမှာ ဖြစ်ပါတယ်။
ဆေးလိပ်ကို မီးညှိလိုက်တယ်ဆိုရင်ပဲ ဆေးလိပ်မီးခိုးတွေထဲက ကာဗွန်မိုနောက်ဆိုဒ် ၊ နာမည်ကြီး နီကိုတင်းနဲ့ ကတ္တရာစေးလိုမျိုး (Tar) လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်း အပါအဝင် Chemicals ပေါင်း လေးထောင်ကျော်ဟာ လေထုထဲမှာပျံ့နှံ့သွားပါတယ်။
ဆေးလိပ်မသောက်ပေမယ့် ဒီလိုဆေးလိပ်ငွေ့ကို ရှူရှိုက်မိတဲ့ သူတွေမှာလဲ ဆေးလိပ်သမားနဲ့ အတူတူ အဆုတ်ထိခိုက်ပျက်စီးတာကို ခံစားရမှာပါ။ ဒါကြောင့် ဆေးလိပ်သောက်တာဟာ မိတ်ဆွေကြောင့် အတူနေမိသားစုဝင်တွေအပါအဝင် အနီးအနားရှိ တစ်ပါးသူတွေကိုပါ ထိခိုက်စေလို့ ဆေးလိပ်ဖြတ်ဖို့ တွန့်ဆုတ်နေခြင်းဟာ တစ်ကိုယ်ကောင်းဆန်ရာ ကျပါတယ်။
မိတ်ဆွေက ဆေးလိပ်သောက်ခြင်းကို စွန့်လွှတ်ဖို့ မပြောင်းလဲနိုင်ရင် ဆေးလိပ်က မိတ်ဆွေရဲ့ ပန်းနုရောင်အဆုတ်တွေကို မီးခိုးကြပ်တိုက် အဆုတ်တွေ ဖြစ်အောင် ပြောင်းလဲလိုက်ပြီး အချိန်ကုန်၊ လူပန်း၊ ငွေပန်းစေမယ့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဗရပွ သယ်ဆောင်လာပေးမှာ အသေအချာပဲ ဆိုတာ ဒီဆောင်းပါးလေးနဲ့ အလေးအနက်ထား စဥ်းစားပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။
အဆုံးသတ်မှာတော့ ဘယ်သူ့က ဘယ်သူ့ကို ပြောင်းလဲနိုင်မလဲ ဆိုတဲ့ Challenge ကို လက်ခံဖို့ အဆင်သင့်ပဲလား? ဆေးလိပ်ဖြတ်ရင် ဘယ်လို အကျိုးအာနိသင်ကောင်းတွေ ပိုင်ဆိုင်လာရမယ်ဆိုတာ မကြာခင် ဖော်ပြပေးသွားပါမယ်။
ဆေးလိပ်နဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။