သွေးတိုးရှိရင် ရှောင်ရမယ့် အစားအစာတွေ
သွေးတိုးရောဂါဟာ လူတိုင်းနီးပါး ကြားဖူးနေကျ ဖြစ်ပြီး လူတော်တော်များများမှာ ဖြစ်နေတဲ့ ရောဂါပါ။ သွေးတိုးအကြောင်း ပြန်ပြောရရင် သွေးပေါင်တိုင်းတဲ့အခါ အပေါ်သွေးနဲ့ အောက်သွေးလို့ ခေါ်တဲ့ရလဒ်ကို ကြည့်ပြီး
- သွေးပေါင်ချိန် 90/60 mmHg ကနေ 120/80 mmHg ကြားကို ပုံမှန်သွေးပေါင်ချိန်
- 120/80 mmHg ကနေ 140/90 mmHg ကြားကိုတော့ သွေးတိုးဖြစ်နိုင်ခြေ ရှိတဲ့ သတိထားရမယ့် သွေးပေါင်ချိန်
- သွေးပေါင်ချိန် 140/90 mmHg နဲ့အထက် ရှိရင်တော့ သွေးတိုးရှိတယ်လို့ သတ်မှတ်ပါတယ်။
- သွေးပေါင်ချိန် 180/ 120 mmHg နဲ့အထက်ဆိုရင်တော့ အရေးပေါ်ကုသဖို့ လိုအပ်တဲ့ အခြေအနေဖြစ်ပါတယ်။
သွေးတိုးရောဂါဟာ ပျောက်ကင်းအောင် ကုသလို့ရတဲ့ရောဂါ မဟုတ်ပါဘူး။ အနေအထိုင်၊ အစားအသောက် ဆင်ခြင်မယ်၊ ဆေးမှန်မှန်သောက်မယ်ဆိုရင် သွေးပေါင်ချိန်ကို ပုံမှန်အတွင်းမှာ ထိန်းထားနိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ နောက်ဆက်တွဲ လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်တာမျိုးတွေ ခံစားရပါလိမ့်မယ်။
သွေးတိုးရှိနေပြီဆိုရင် စားသင့်တဲ့အစားအစာရှိသလို ရှောင်သင့်တဲ့ အစားအစာတွေလည်း ရှိပါတယ်။ ရှောင်သင့်တာတွေ မရှောင်နိုင်ရင် သွေးကျဆေးဘယ်လောက်သောက်သောက် သွေးတိုးကို ထိန်းနိုင်ဖို့ ခက်ပါလိမ့်မယ်။
ဘာတွေရှောင်ရမလဲ?
(1) ဆီကြော်တွေ
အစားအစာတွေကို မီးပြင်းပြင်း ဆီးများများနဲ့ကြော်လိုက်တဲ့အခါ free radicals လို့ ခေါ်တဲ့ဓာတ်တွေ အများကြီး ထွက်လာပါတယ်။ Free radicals တွေဟာ ဆဲလ်တွေကို ပျက်စီးစေသလို arthrosclerosis လို့ခေါ်တဲ့ သွေးကြောတွေကို မာလာကျဥ်းလာတာကိုလည်း ဖြစ်စေပါတယ်။ သွေးကြောတွေ မာပြီးကျဥ်းလာတာက သွေးတိုးကို ပိုဆိုးစေသလို နှလုံးသွေးကြောပိတ်တာလည်း ဖြစ်စေပါတယ်။
အရေးအကြောင်းတွေပေါ်ပြီး အိုမင်းရင့်ရော်စေတာ၊ ဆီးချိုဖြစ်တာ၊ ကင်ဆာဖြစ်စေတာ၊ အသက်ကြီးတဲ့သူတွေ သူငယ်ပြန်တာ၊ သတိမေ့တာ၊ အသည်းအဆီဖုံးတာ၊ အတွင်းတိမ်ဖြစ်တာ စတာတွေကိုလည်း free radicals က ဖြစ်စေတာမို့ ကြက်ကြော်တွေ၊ အာလူးကြော်တွေနဲ့ ဆီကြော်
မှန်သမျှကတော့ ရှောင်ကို ရှောင်ရမယ့် အစားအစာပါ။
(2) ပြည်ဝဆီတွေ
ပြည့်ဝဆီဆိုတာ တိရိစ္ဆာန်တွေကရတဲ့အဆီတွေ (ကြက်ဆီ၊ ဝက်ဆီ၊ အမဲဆီ)၊ ထောပတ်၊ မလိုင်၊ ချိစ်တွေ၊ အချိုပွဲတွေမှာ အများဆုံးပါဝင်ပါတယ်။ ပြည့်ဝဆီတွေက သွေးကြောနံရံတွေမှာ အနည်ထိုင်လို့ သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါတွေကို ပိုမိုးဆိုးရွားစေပါတယ်။
ငါးကရတဲ့အဆီတွေ၊ နေကြာဆီ၊ ပဲပိစပ်ဆီနဲ့ အခွံမာသီးတွေ၊ အစေ့အဆန်တွေမှာပါတဲ့ မပြည့်ဝဆီတွေကတော့ ကျန်းမာရေးနဲ့ညီပြီး သွေးတွင်းအဆီကို ကျစေကာ သွေးပေါင်ချိန်ကို ထိန်းညှိပေးလို့ စားသင့်ပါတယ်။
(3) အနီရောင်အသားတွေ
အနီရောင်အသားတွေက ဇင့်၊ ဗိုက်တာမင်ဘီ 12 ၊ ပရိုတင်းနဲ့ သံဓာတ်ကြွယ်ဝတာ မှန်ပေမယ့် အနီရောင်အသားနဲ့ ဝက်အူချောင်းလို၊ အသားခြောက်တွေလို ပြုပြင်ထားတဲ့အသားတွေကို အများကြီးစားရင် သွေးကြောတွေ မာလာကျဥ်းလာတဲ့ arthrosclerosis ကို ဖြစ်စေပါတယ်။ အဓိကရှောင်သင့်တဲ့ အနီရောင်အသားတွေကတော့ အမဲသားနဲ့ ဝက်သားပါ။
(4) သကြား
အချိုဓာတ်များတဲ့အစားအစာတွေဟာ ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုတွေ ဖြစ်စေပြီး နှလုံးကိုထိခိုက်စေလို့ သွေးတိုးနဲ့ နှလုံးရောဂါတွေ ဖြစ်စေ၊ ပိုဆိုးစေသလို ဆီးချိုနဲ့ အိုမင်းရင့်ရော်မှုကိုလည်း ဖြစ်စေပါတယ်။ အချိုရည်သောက်မယ့်အစား လတ်လတ်ဆတ်ဆတ် သစ်သီးတွေ ဖျော်သောက်တာက ဗိုက်တာမင်တွေ အများကြီးလည်း ရစေမှာပါ။
(5) ဆား
ဆားနဲ့သွေးတိုးဟာ အတူတွဲမရှိသင့်တဲ့အရာမှန်း သိကြပြီးသားနေမှာပါ။ သကြားရော ဆားရောက သွေးဖိအားကို မြင့်တက်စေပါတယ်။ ဆားလျှော့စားခြင်းဖြင့် သွေးတိုးကို ထိန်းညှိနိုင်မှာ အသေအချာပါပဲ။ ဆားဆိုပေမယ့် အငန်ဓာတ်များတဲ့ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်တွေ၊ ဆားနဲ့သကြားတွေအများကြီးနဲ့ လုပ်ထားတဲ့ စည်သွပ်ဘူးတွေ၊ ချဥ်ဖတ်တွေ၊ ဆားရည်စိမ်ထားတဲ့ အစားအစာတွေလည်း ရှောင်ပါမှ သွေးတိုးကို ထိန်းညှိနိုင်မှာပါ။
(6) အဆာပြေ စားစရာ( snacks) တွေ
အာလူးကြော်တွေ၊ လေဖောင်းထုပ်တွေ၊ ဘီစကစ်တွေ၊ ကွက်ကီးတွေဟာ ဆား၊ သကြား၊ ထောပတ် နဲ့ ချိစ်တွေနဲ့ လုပ်ထားတာမို့ သွေးတိုးရှိရင် ရှောင်ရမယ့် စားစရာထဲ ပါပါတယ်။ တကယ်လို့ လုံးဝမရှောင်နိုင်ရင် တတ်နိုင်သမျှ လျှော့စားပါ။
အစားလည်းရှောင် စားသင့်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေလည်း များများစား၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလည်းလုပ်၊ ဆေးလိပ်လည်းဖြတ်၊ အရက်လည်းလျှော့သောက်ရင် သွေးတိုးနဲ့အတူ ကျန်းမာစွာ ယှဥ်တွဲနေထိုင်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်