ဆီးချိုရောဂါရှိနေပြီလို့ သံသယဖြစ်စရာ ရောဂါလက္ခဏာများ
ဆီးချိုရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးရောဂါတွေထဲက တစ်ခုပါ။
မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့အပြင် Fast food လို့ခေါ်တဲ့ အာလူးကြော်၊ ကြက်ကြော်တွေ၊ ဟမ်ဘာဂါနဲ့ ဆင်းဒဝစ်ဇ်တွေ၊ ချိစ်တွေ၊ ကိတ်တွေ အစားများပြီး ဖုန်း၊ ကွန်ပြူတာနဲ့ တီဗီရှေ့မှာ မထတမ်းထိုင်နေတတ်ကြတဲ့ ဒီခေတ်ကြီးမှာ ဆီးချိုရောဂါရှင်တွေဟာ တိုးသထက်တိုးလာနေပါတယ်။
ဆီးချိုရောဂါဟာ ပျောက်ကင်းနိုင်တဲ့ရောဂါ မဟုတ်ပေမယ့် မိမိမှာ ဆီးချိုရောဂါရှိတာကို စောစောသိရပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်ရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်နိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ ဘယ်လိုလက္ခဏာတွေ ခံစားရပြီဆိုရင် ဆီးချိုဖြစ်ဖို့များတယ် ဆိုတာသိနိုင်ဖို့ ပြောပြမယ်နော်။
(1) ဆီးအများကြီးသွားတာ
သွေးထဲမှာ သကြားဓာတ်တွေများနေတဲ့အခါ ပိုလျှံနေတဲ့သကြားဓာတ်တွေကို ကျောက်ကပ်ကတဆင့် ဆီးအဖြစ်စွန့်ထုတ်ရလို့ ဆီးမကြာခဏသွားတာ၊ ဆီးအများကြီးသွားတာတွေ ဖြစ်သလို မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်တာ၊ ညဘက်ဆီးပိုသွားတာတွေလည်း ဖြစ်လာပါတယ်။
(2) ရေအမြဲငတ်နေတာ
ဆီးမကြာခဏ သွားရတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ပိုမို ခန်းခြောက်လာပါတယ်။ ရေဓာတ်ခန်းခြောက်တဲ့အခါ ရေအမြဲငတ်သလို ခံစားရပြီး အာခေါင်တွေခြောက်နေတတ်တာပါ။
(3) ကိုယ်အလေးချိန်ကျလာတာ
ဝိတ်ချနေတာမဟုတ်ဘဲ ကိုယ်အလေးချိန်ကျလာတာဆိုရင် ကင်ဆာအပြင် ဆီးချိုကိုလည်း သံသယရှိသင့်ပါတယ်။ ဆီးသွားများပြီး ရေဓာတ်ဆုံးရှုံးတာ၊ ဆဲလ်ထဲက စွမ်းအင်တွေ ဆုံးရှုံးတာက ကိုယ်အလေးချိန်ကို ကျစေပြီး အထူးသဖြင့် သွေးတွင်းသကြားဓာတ် မထိန်းနိုင်တဲ့သူတွေမှာ ပိုဆိုးပါတယ်။
(4) အမြဲဗိုက်ဆာနေတာ
သကြားဓာတ်တွေဟာ သွေးထဲမှာပဲ စုပုံနေပြီး ခန္ဓာကိုယ်ကစုပ်ယူပြီး စွမ်းအင်အဖြစ်ပြောင်းလို့ မရတဲ့အတွက် ခန္ဓာကိုယ်ဟာ စွမ်းအင်လိုအပ်လျက် ရှိနေတတ်ပါတယ်။ စွမ်းအင်မလုံလောက်တာ သိတဲ့အခါ သကြားဓာတ်တွေကို သွေးထဲကနေ ဆဲလ်တွေထဲကို ပြန်ပို့ပေးဖို့ မုန့်ချိုအိတ်ကနေ အင်ဆူလင်တွေကို ပိုမိုထုတ်ပေးတဲ့အခါ ဗိုက်ဆာတဲ့ခံစားချက်ကို ရစေတာပါ။
(5) အသားအရေခြောက်လာတာ
သွေးထဲမှာ သကြားဓာတ်များပြီး သွေးလှည့်ပတ်မှုမကောင်းတဲ့အခါ အသားအရေက ခြောက်ပြီး ယားယံလာတတ်သလို အရေပြားရောဂါတွေလည်း ပိုဖြစ်နိုင်ပါတယ်။
(6) အရေပြားပေါ်မှာ အမဲရောင်အကွက်တွေပေါ်လာတာ
အသားအရေခြောက်တာအပြင် လည်ပင်း၊ တံတောင်ဆစ်ကွေးနဲ့ ပေါင်ခြံလိုနေရာတွေမှာ ခရမ်းရင့်ရောင် ဒါမှမဟုတ် ညိုမည်းပြီးထူထပ်နေတဲ့ ဆဲလ်အသေအကွက်လိုမျိုး ဖြစ်တာကလည်း ဆီးချိုရဲ့ လက္ခဏာတစ်ခုပါ။
(7) အမြင်အာရုံတွေ ဝါးလာတာ
ဆီးချိုရောဂါဟာ မျက်စိထဲက သွေးကြောငယ်လေးတွေကို ထိခိုက်ပြီး အမြင်ဝါးလာစေပါတယ်။ အချိန်မီသိရှိကုသခဲ့ရင် အမြင်အာရုံ ပြန်ရမှာပေမယ့် အချိန်မီမကုသရင်တော့ အမြင်အာရုံ ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
(8) အနာကျက်နှေးတာ
ဆဲလ်တွေမှာ စွမ်းအင်မလုံလောက်တာနဲ့ သွေးလှည့်ပတ်မှု နှေးတာကြောင့် အနာသေးသေးလေးတွေ ကျက်ဖို့တောင် ရက်ပေါင်းလပေါင်းများစွာ ကြာတတ်သလို အပ်စူးရာ၊ ဆူးစူးရာလေးမျိုးကနေ ခြေထောက်ဖြတ်ရတဲ့အထိ ဆိုးရွားသွားတတ်တာမျိုးပါ။
(9) ခြေတွေလက်တွေထုံနေတာ
ဆီးချိုကြောင့် သွေးလှည့်ပတ်မှုမကောင်းရာက အာရုံကြောတွေကိုပါ ထိခိုက်လို့ ခြေလက်တွေ ထုံကျင်နေတဲ့အခါ ထိခိုက်မိတာကို မသိဘဲ အနာတွေက ပိုမိုးဆိုးရွားသွားတာမျိုး တွေ့ရတတ်ပါတယ်။
(10) မှိုရောဂါပိုး ပိုဖြစ်တာ
ခန္ဓာကိုယ်မှာ ပိုနေတဲ့သကြားဓာတ်တွေက မှိုပိုးတွေကြိုက်တဲ့ အစာဖြစ်လို့ မှိုရောဂါပိုး ပိုမိုအဖြစ်လွယ်ပြီး လိင်အင်္ဂါတဝိုက်နဲ့ ပါးစပ်၊ တံတောင်ဆစ်ကွေးတွေမှာ အဖြူရောင်အဖတ်တွေအနေနဲ့ တွေ့ရတတ်ပါတယ်။
ဒီရောဂါလက္ခဏာတွေထဲက တစ်ခုခု ဒါမှမဟုတ် တော်တော်များများရှိနေရင်တော့ မပေါ့ဆဘဲ သွေးထဲက သကြားဓာတ်ကို မှန်မှန်စစ်ဆေးသင့်ပါတယ်။ စောစောသိရပြီး အနေအထိုင်အစားအသောက်ပုံစံပြောင်းမယ်၊ လိုအပ်ရင် ဆေးပုံမှန်သောက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ပြီး နောက်ဆက်တွဲရောဂါတွေ ကင်းဝေးကာ လူတန်းစေ့ နေနိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်