အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ ဘာကြောင့် ပိုများရတာလဲ
ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Urinary Tract Infection – UTI) ဆိုတာ အလွန်အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး အသက်အရွယ်မရွေး၊ ကျား မ မရွေး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေဟာ အမျိုးသားတွေထက် ၂ ဆ ထက်မက ပိုများတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့
၁။ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေထက် ကျဉ်းပြီး ပိုတိုပါတယ်။ ဒီအခါ ပြင်ပက ဝင်လာတဲ့ ဘက်တီးရီးယားပိုးတွေဟာ ဆီးလမ်းကြောင်းထဲ အလွယ်တကူဝင်ရောက်နိုင်တဲ့အတွက် အချိန်အကြာကြီးမလိုဘဲ အမျိုးသမီးများရဲ့ ဆီးအိမ်အတွင်း ဝင်ရောက်သွားနိုင်ပါတယ်။
၂။ အမျိုးသမီးတွေရဲ့ ဆီးစပ်နဲ့ စအိုဝဟာ အမျိုးသားတွေထက် ပိုပြီးနီးကပ်လျက်ရှိပါတယ်။ ဒီအတွက် စအိုဝမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေဟာ မိန်းမကိုယ်အတွင်း ဝင်သွားနိုင်ဖို့ အခွင့်အလမ်းပိုများပါတယ်။
၃။ အမျိုးသမီးများ မိန်းမကိုယ်သန့်ရှင်းဖို့ ကိုယ်တိုင်ဆပ်ပြာခဲ၊ ဆပ်ပြာရည်တွေထက်စာရင် မိန်းမကိုယ်သန့်စင်ဆေးရည်ကို အဓိကသုံးစွဲသင့်ပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်ဟာ ဆီးစပ်ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး အစိုဓာတ်ဖြည့်ပေးတယ်။ မကောင်းတဲ့ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး အကျိုးပြုဘက်တီးရီးယားများကို ပေါက်ဖွားစေပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးရည် မသုံးစွဲတဲ့အခါ၊ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အခါ မိန်းမကိုယ်ပတ်လည်မှာ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေ အလွန်များနေမှာဖြစ်ပြီး ဆီးလမ်းကြောင်းတွင်းသို့ အလွယ်တကူ ဝင်သွားနိုင်ပါတယ်။
၄။ အမျိုးသမီးများ သန့်စင်ခန်းဝင်ပြီးချိန် သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့မှ အနောက်သို့ ပွတ်ဆွဲရမှာဖြစ်ပါတယ်။ အနောက်ကနေ အရှေ့ကို ပွတ်ဆွဲလိုက်မယ်ဆိုရင် စအိုဝမှာရှိနေတဲ့ ရောဂါပိုးတွေကို မိန်းမကိုယ်အတွင်း တွန်းပို့လိုက်သလို ဖြစ်သွားနိုင်ပါတယ်။
အမျိုးသမီးများ ဆီးလမ်းကြောင်းပိုးမဝင်စေဖို့ ဘယ်လိုကာကွယ်နိုင်မလဲ။
- တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုပြုပါ။
- မိန်းမကိုယ်သန့်စင်ဆေးရည်ကို သုံးစွဲပါ။
- ချွေးစုပ်တဲ့ ချည်သားအတွင်းခံမျိုး ဝတ်ဆင်ပါ။
- ရေများများ သောက်ပါ။
- ဆီးမအောင့်ထားပါနဲ့။
- သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့မှ အနောက်သို့ ပွတ်ဆွဲပါ။
- ရေကို တစ်နေ့တစ်ကြိမ် မှန်မှန်ချိုးပေးပါ။
- ဘောင်းဘီအကျပ်ဝတ်တာမျိုး ရှောင်ပေးပါ။
ဆီးလမ်းကြောင်းပိုးဝင်တာက အလွန်အဖြစ်များသလို ကုသရတာလည်း လွယ်ကူတာကြောင့် သိပ်ပြီးစိုးရိမ်စရာတော့ မလိုပါဘူး။ ဒါပေမယ့် လုံးဝမကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင်တော့ ကျောက်ကပ်ပျက်စီးတာ၊ ဆီးလမ်းကြောင်းကို ထိခိုက်မိတာ၊ မိန်းမကိုယ်ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်လာနိုင်တာကို သတိပြုသင့်ပါတယ်။
ဆီးသွားနေစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ ဆီးလမ်းကြောင်းထဲက အောင့်တာ၊ နာကျင်တာ၊ မိန်းမကိုယ်ပတ်လည်မှာ ယားယံနေတယ်၊ ဆီးသွားချင်စိတ် မကြာခဏဖြစ်နေတတ်တယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။
အကောင်းဆုံးကတော့ ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတဲ့ အဖြေထွက်တာနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ပဋိဇီဝပိုးသတ်ဆေးကို ဆေးအညွှန်းအတိုင်း မပျက်မကွက်သောက်ပေးပြီး ရေများများသောက်တာ၊ Vitamin C သို့မဟုတ် အချဉ်ဓာတ်ပါဝင်မှုများတဲ့ သစ်သီး၊ ဖျော်ရည်တွေ စားသုံးပေးတာ၊ ဆီးများများ သွားခြင်းဖြင့် သက်သာပျောက်ကင်းအောင် လုပ်ပေးလို့ ရပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ လိင်မှတစ်ဆင့်လည်း အလွယ်တကူ ကူးစက်နိုင်တာကြောင့် ကိုယ့်မှာ ပိုးရှိနေရင် လိင်ဆက်ဆံခြင်းမပြုဖို့နဲ့ မဖြစ်မနေ ရှောင်လွှဲမရတဲ့ အခြေအနေမျိုးမှာ ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံဖို့၊ ပါးစပ်နဲ့ လိင်အင်္ဂါကို နှိုးဆွတာမျိုး မလုပ်ဖို့ သတိပေးချင်ပါတယ်ခင်ဗျာ။
ရေးသားသူ - ရဲမျိုးမြတ်