ဆီးအမြှုပ်များခြင်း
အမြှုပ်များတဲ့ဆီး (Cloudy urine) ဟာ အရမ်းစိုးရိမ်လောက်စရာ အကြောင်းအရင်း မဟုတ်သော်ငြား ကျောက်ကပ်မှာကျောက်တည်တာ၊ ပိုးဝင်တာ (သို့) ရေဓာတ်လျော့နည်းနေတာ စသည့်ဖြင့် ညွှန်ပြနေတာ ဖြစ်ပါတယ်။
အကယ်၍ ကိုယ့်ရဲ့ဆီးဟာ အမြှုပ်များတယ်၊ အရောင်ပြောင်းတယ်၊ တော်တော်ကြာတဲ့အထိ ပျောက်မသွားဘူးဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
ဆီးအမြှုပ်များရတာ ဘာကြောင့်ပါလဲ?
အတွေ့ရများတဲ့ ဆီးအမြှုပ်ထရတဲ့ အကြောင်းအရင်းတွေကတော့
- ရေသောက်တာ မလုံလောက်တာ (သို့) ရေဓာတ်ခန်းခြောက်နေတာ
- ပိုးဝင်တာ
- ရောဂါ အခြေအနေတစ်ခုခု (ဥပမာ ဆီးချိုရောဂါ)
- ခန္ဓာကိုယ်ရဲ့ အရည်တစ်မျိုးမျိုး ရောနှောနေတာ (သွေး၊ သုတ်ရည်၊ မိန်းမကိုယ်ကထွက်တဲ့ အကျိအချွဲ စသည့်ဖြင့်)
Dehydration (ရေဓာတ်ခန်းခြောက်ခြင်း)
နေ့စဉ်နေ့တိုင်း လုံလောက်တဲ့ရေပမာဏကို သောက်သုံးဖို့လိုပါတယ်။ National Academies of Science ရဲ့အဆိုအရ တစ်နေ့ကို ရေ ၁၁ခွက်ခွဲမှ ၁၅ခွက်ခွဲထိ သောက်ပေးသင့်ပါတယ်။ ရာသီဥတု၊ ကိုယ်လက်လှုပ်ရှားမှု၊ စားသောက်တဲ့ စားစရာ၊သောက်စရာ၊ သောက်နေတဲ့ဆေးဝါး၊ ကျောက်ကပ်ရဲ့ အလုပ်လုပ်နိုင်စွမ်းပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။တခြားလက္ခဏာလည်း ထွေထွေထူးထူး မရှိ၊ မိမိကိုယ်တိုင်လည်း ရေသောက်နည်းတယ်လို့ ယူဆရင် ရေလုံလောက်အောင် သောက်ပေးခြင်းက ဆီးအမြှုပ်ထတာကို ပျောက်သွားစေပါလိမ့်မယ်။ အရက်နဲ့ ကော်ဖီတို့ဟာ လူကို ရေသောက်နည်းစေတဲ့အတွက် အကန့်အသတ်နဲ့ သောက်စေချင်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
ဆီးလမ်းကြောင်းမှာ အထူးသဖြင့် ဆီးအိမ်မှာ ပိုးဝင်လေ့ရှိပါတယ်။လက္ခဏာတွေမှာ ဆီးသွားချင်စိတ် မကြာခဏဖြစ်မယ်၊ မကြာခဏ သွားပေမဲ့ တစ်ခါသွားရင် နည်းနည်းပဲ သွားမယ်၊ ဆီးသွားတဲ့ချိန်မှာ ပူတယ်၊အောင့်တယ်၊ ဆီးမှာ သွေးပါတယ်၊ ဖျားတတ်ပါတယ်။ မကုဘဲထားတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ စိုးရိမ်ဖွယ်ရာ ရှိပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဆီးလမ်းကြောင်းပိုးကြောင့် လမစေ့ဘဲမွေးတာတွေ ရှိတတ်ပါတယ်။
ကျောက်ကပ်မှာ ကျောက်ဖြစ်ခြင်း
ဆီးအမြှုပ်ထကာ ၊ ဆီးမှာ အစိုင်အခဲလေးတွေ ပါလာတတ်ပြီး အနံ့အသက်မကောင်းတာမျိုးတွေဟာ ကျောက်ကပ်ကျောက်ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ခါး/ခါးစောင်းမှာ အရမ်းနာတာ၊ ဆီးစပ်နေရာနား တစ်ဝိုက်အောင့်တာ၊ ဆီးမှာ သွေးပါတာ၊ ပျို့အန်တာ၊ ချမ်းတုန်ဖျားတာတွေ ခံစားရတတ်ပါတယ်။
လိင်မှတစ်ဆင့် ကူးစက်တဲ့ပိုးဝင်ခြင်းများ
ဆီးပူညောင်းကျရောဂါပိုးနဲ့ ကာလသားရောဂါပိုးတို့ကြောင့် လိင်တံနဲ့ မိန်းမကိုယ်မှ အကျိအချွဲများဆင်းတဲ့အခါ ဆီးကို အမြှုပ်ထသလို ဖြူပိတ်ပိတ်ဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ်မှာလည်း မှို၊သန်ကောင်နဲ့ ဘတ်တီးရီးယားတို့ စွဲကပ်ကာ ယောင်ယမ်းစေနိုင်ပါတယ်။
ဆီးချိုရောဂါ
ဆီးချိုရောဂါဟာ ဆီးထဲမှာ သကြားဓာတ်နဲ့ Ketone ဓာတ်တွေ စုပုံစေတဲ့အတွက် ဆီးမှာအမြှုပ်ထရပါတယ်။
ဆီးကြိတ်ရောဂါများ
ဆီးကြိတ်ယောင်ယမ်းခြင်းနဲ့ ဆီးကြိတ်ကင်ဆာတို့မှာလည်း ဆီးအမြှုပ်ထတတ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ဆီ သွားရောက်ပြသသင့်သလဲ
အကယ်၍ ဆီးအမြှုပ်ထတာနဲ့အတူ
- ခါးကိုက်တာ၊ ဆီးစပ်ကိုက်တာတွေ ရှိရင်
- ဆီးထဲမှာ သွေးပါရင်
- ဘာဆေးဝါးမှ ထူးထူးခြားခြားမသောက်ပါဘဲ ဆီးအရောင်ပြောင်းရင်
ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဆရာဝန်မှ ဆီးစစ်ချက်ပြုလုပ်ပြီး လိုအပ်တဲ့ကုသမှုများ ညွှန်ကြားပါလိမ့်မယ်။
ရေးသားသူ - Dr. May Myat Tun