သွေးပျစ်ခြင်းဟူသည် (Polycythemia Vera)
Polycythemia Vera ဆိုတာ?
ရိုးတွင်းခြင်ဆီကနေ သွေးဆဲလ်တွေကို အများအပြား ထုတ်လုပ်နေတဲ့ သွေးရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးထဲမှာ သွေးနီဥတွေ များနေတတ်ပြီး တစ်ခါတစ်ရံ သွေးဖြူဥတွေ၊ သွေးဥမွှားတွေလည်း များနေတာလည်း ရှိတတ်ပါတယ်။ နာတာရှည်ရောဂါဖြစ်ပြီး အချို့လူတွေမှာ အပျော့စားမှ အသင့်အတင့် အကျိုးသက်ရောက်မှုတွေ ရှိတတ်ပြီး အချို့မှာတော့ ပြင်းထန်တတ်ပါတယ်။ လက္ခဏာမပြတာမျိုးရှိနိုင်သလို
- ကိုယ်အလေးချိန်ကျဆင်းခြင်း၊
- မူးဝေခြင်း၊
- နားထဲမှာ တဝီဝီမြည်နေခြင်း၊
- ဘေလုံးကြီးခြင်းကြောင့် အစာစားပြီးရင် ခဏလေးနဲ့ ပြည့်သွားခြင်း၊
- ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အောင့်ခြင်း၊
- အသည်းကြီးခြင်း၊
- ခေါင်းကိုက်ခြင်း၊
- သွားဖုံးသွေးယိုခြင်း၊
- နှာခေါင်းသွေးလျှံခြင်း၊
- ညိုမည်းစွဲလွယ်ခြင်း၊
- အဆစ်အမြစ်ကိုက်ခဲခြင်း၊
- ရင်ဘတ်အောင့်ခြင်း၊
- အသားယားယံခြင်း (အထူးသဖြင့် ရေနွေးနဲ့ ရေချိုးပြီးချိန်) စတဲ့ လက္ခဏာတွေလည်း ခံစားရတတ်ပါတယ်။
သွေးပျစ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ အသက်ဆုံးရှုံးနိုင်သလို သွေးပေါင်ချိန်များခြင်း၊ အသက်ရှူရခက်ခြင်း၊ သွေးခဲခြင်း၊ ရိုးတွင်းခြင်ဆီ အနာဖေးတက်ခြင်း (Myelofibrosis) နဲ့ သွေးကင်ဆာ(သွေးဖြူဥကင်ဆာ) စတဲ့ရောဂါတွေ ပါဝင်ပါတယ်။
သွေးပျစ်ခြင်းနဲ့ အသက်အရွယ်၊ လိင်
သွေးပျစ်ခြင်းဟာ ရှိနေမှန်းမသိဖြစ်နေတတ်ပြီး ဖြည်းဖြည်းချင်းမှ ပေါ်လာတတ်ပါတယ်။ လက္ခဏာစပြလေ့ရှိတတ်တဲ့ အရွယ်ကတော့ အသက်၅၀ကျော်မှာ ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ဖြစ်နိုင်ချေပိုမြင့်ပါတယ်။
သွေးပျစ်ရခြင်းအကြောင်းအရင်းနဲ့ ဖြစ်နိုင်ချေများ
Polycythemia Vera ရှိနေသူတွေမှာ ရိုးတွင်းခြင်ဆီကနေ သွေးနီဥတွေ မြောက်မြားစွာ ထုတ်လုပ်နေရခြင်းဟာ JAK2 gene ရဲ့ ဇီဝရုပ်ပြောင်းလဲခြင်း (mutation)ကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်ခြင်းဟာ ဗီဇလက်ဆင့်ကမ်းတာမျိုးကြောင့် မဟုတ်ဘဲ မိမိရဲ့ ကိုယ်တွင်းက ခုခံအားစနစ်က ပြန်တိုက်နေတတ်တဲ့ autoimmune ရောဂါတွေ၊ ရိုးတွင်းခြင်ဆီကင်ဆာနဲ့ ကင်ဆာကုသမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ဓာတ်ဆီနဲ့ Benzene စတဲ့ ဓာတုဓာတ်ငွေ့တွေနဲ့ ထိတွေ့ရတဲ့ အလုပ်အကိုင်တွေ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေ၊ ဓာတ်ပုံလုပ်ငန်းတွေ စတဲ့ နေထိုင်မှုပုံစံတွေကြောင့်လည်း ဖြစ်နိုင်ချေရှိလာပါတယ်။
သွေးပျစ်ခြင်းရဲ့ သေဆုံးနိုင်ချေ
သွေးပျစ်ခြင်းကို ကုသရတဲ့လမ်းစဉ်ထဲမှာ အကြောထဲကနေ သွေးတွေဖောက်ထုတ်တာ (phlebotomy) ၊ သွေးဆဲလ်တွေ ထုတ်လုပ်မှု နည်းစေတဲ့ဆေးဝါးတွေ သောက်သုံးရတာတွေ ပါဝင်ပါတယ်။ အချို့လူနာတွေမှာ သွေးခဲတာ၊ သွေးထွက်တာနဲ့ အခြားနောက်ဆက်တွဲတွေကို လိုက်လံကုသရပါသေးတယ်။
ရောဂါရှိမှန်းသိရှိပြီးနောက် ကုသမှုရခဲ့ရင် အသက်ရှင်နိုင်ချေဟာ ခန့်မှန်းချေ ၁၅နှစ်ထိ ကြာနိုင်ပါတယ်။ အသက်၄၀ မတိုင်မီမှာ ရှာတွေ့ခဲ့ရင် ၃၅နှစ်တိုင် ရှင်သန်နိုင်ချေကို ဆွဲဆန့်နိုင်ပါတယ်။
ရောဂါရှာတွေ့နိုင်တဲ့ နည်းလမ်း
Complete Blood Count လို့ခေါ်တဲ့ သွေးစစ်ချက်မှတစ်ဆင့် သွေးနီဥရဲ့ အရေအတွက်၊ Haemoglobin ၊ Hematocrit၊ သွေးနီဥအရွယ်အစား၊ ပုံသဏ္ဌာန်၊ သွေးဖြူဥ အရေအတွက်၊ သွေးဥမွှားအရေအတွက်တို့ရဲ့ ပြောင်းလဲမှုတွေကို ခန့်မှန်းသိရှိနိုင်ပါတယ်။
- Haemoglobin အရေအတွက် (အမျိုးသားမှာ 16.5g/dl အထက်၊ အမျိုးသမီးမှာ 16g/dl အထက်)
- Haematocrit (အမျိုးသားမှာ 49% အထက်၊ အမျိုးသမီးမှာ 48% အထက်)
- သွေးနီဥရဲ့ ထုထည် Red cell mass (25% အထက်) ဆိုရင် သွေးပျစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။
သွေးဆဲလ်တွေရဲ့ အရွယ်အစား၊ ပုံသဏ္ဌာန်ကွာဟမှု အနည်းအများ၊ Erythropoietin ပမာဏ၊ ရိုးတွင်းခြင်ဆီ စစ်ဆေးကြည့်ခြင်း၊ JAK gene ရှိခြင်း၊ မရှိခြင်းတို့ကိုလည်း စစ်ဆေးကာ ရောဂါရှာဖွေလေ့ရှိကြပါတယ်။
Polycythemia Vera ရောဂါဟာ ရှားပါးပေမဲ့ လူတစ်သိန်းမှာ ၂-၃ ယောက်ခန့်တော့တွေ့ရပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေ ခံစားရရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးကုသဖို့ အကြံပြုပါတယ်။
ရေးသားသူ - Dr. May Myat Tun