အာသီးယောင်ခြင်း(Tonsillitis)
အာသီး(Tonsil)ဆိုတာ လည်ချောင်းရဲ့အနောက်ဘက် ဘေးတစ်ဘက်တစ်ချက်ဆီမှာရှိတဲ့ အကြိတ်နှစ်လုံးကို ခေါ်ပါတယ်။ အာသီးတွေဟာ ပြန်ရည်ကြောစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သူတို့ဟာ အန္တရာယ်ပေးမယ့်ပိုးမွှားတွေ၊ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်မှ ဖယ်ရှားဖို့ တာဝန်ရှိပါတယ်။ ရှူသွင်းလိုက်တဲ့ အမှုန်အမွှားတွေကို အာသီးထဲမှာ ဖမ်းယူထားလိုက်ပြီး ပြန်ရည်ကြောစနစ်ထဲသို့ ပို့ဆောင်ကာ ချေဖျက်ဖယ်ရှားပါတယ်။
လူ့ခန္ဓာကိုယ်မှာ အာသီး သုံးစုံရှိပါတယ်။
- နှာခေါင်းနဲ့လည်ချောင်းဆက်နေတဲ့ ပါးစပ်ရဲ့ခေါင်မိုးမှာ တစ်စုံ(Nasopharyngeal tonsil)
- လျှာနောက်ဖက်မှာ တစ်စုံ(lingual tonsil)
- လည်ချောင်းနောက်ဖက်မှာ တစ်စုံ (palatine tonsil) တို့ဖြစ်ပါတယ်။
ပါးစပ်နဲ့ နှာခေါင်းကဝင်လာတဲ့ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေဟာ အာသီးထဲမှာလာပိတ်မိနေတဲ့အခါ အာသီးယောင်ပါတယ်။ ဒီအချိန်မှာ ခုခံအားစနစ်ကလည်း ဝင်လာသမျှကို ဦးတည်တိုက်ခိုက်တော့ ဖျားတာ၊ ယောင်ယမ်းတာတွေ ဖြစ်ပါတော့တယ်။
အာသီးယောင်ရင် ဘာလက္ခဏာတွေ ပြတတ်သလဲ?
- မျိုချရင်နာတယ်
- မျိုချရခက်တယ်
- အာသီးတွေ ယောင်ကိုင်းပြီး ကြီးနေမယ်
- အာသီးပေါ်မှာ အဖြူရောင်အဖတ်တွေ ရှိနေမယ်
- လည်ပင်းနားတစ်ဝိုက်က အကြိတ်တွေပါ ယောင်လာမယ်
- ကိုယ်ပူပြီးဖျားမယ်
- ခေါင်းကိုက်မယ်
- ပင်ပန်းနွမ်းလျနေမယ်
- ပါးစပ်ရဲ့ ခေါင်မိုးမှာ အနီစက်တွေပေါ်နေမယ်
အာသီးယောင်ခြင်းဟာ မြန်မြန်ကြီးပျောက်သွားတတ်သလို ၃ရက်ကနေ ၁၄ရက်လောက်ထိ တာရှည်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဖြစ်စေတဲ့ ရောဂါပိုး (ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်)၊ အသက်အရွယ်နဲ့ ကျန်းမာရေးအခံ ပေါ်မူတည်ပြီး လက္ခဏာတွေ ကွဲပြားတတ်ပါတယ်။ ကုသမှုမလိုပဲ သူ့အလိုလို ပြန်ကောင်းသွားတတ်ပါတယ်။
ဘာတွေက အာသီးယောင်စေတာလဲ?
ဗိုင်းရပ်စ်များ
Cold Virus, Infectious mononucleosis, Cytomegalovirus, Epstein-Barr virus, ရေယုံ virus, ဝက်သက်
ဘတ်တီးရီးယား
Staphylococcus auerus, ဆုံဆို့နာ၊ အဆုတ်ရောင်စေတဲ့ ဘတ်တီးရီးယား (Batcterial pneumonia), Streptococcal pyogenes
ကုသပုံနည်းလမ်းများ
ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အာသီးယောင်ခြင်းအတွက် အကိုက်အခဲပျောက်ဆေးတွေပဲ ပေးပါတယ်။
ဘတ်တီးရီးယားကြောင့် အာသီးယောင်ခြင်းကိုတော့ ပဋိဇီဝဆေးများပေးပါတယ်။
အာသီးအကြီးကြီးဖြစ်ပြီး အသက်ရှူလမ်းကြောင်းပိတ်တဲ့အထိ ယောင်ကိုင်းရင်တော့ အရွယ်အစားသေးသွားအောင် စတီးရွိတ်ဆေးများ ပေးပါတယ်။
အကယ်၍ အာသီးယောင်တာ တာရှည်နေရင်၊ ခဏခဏပြန်ဖြစ်နေရင်တော့ ဆရာဝန်မှ အာသီးဖြတ်ထုတ်ဖို့ စဉ်းစားပါလိမ့်မယ်။
အကယ်၍ မိသားစုထဲက တစ်ယောက်ယောက် အာသီးယောင်ရင် သူနဲ့ ခပ်လှမ်းလှမ်းမှာနေပါ။ ကလေးတွေကို မကပ်ပါစေနဲ့။ လက္ခဏာရှိနေသူနဲ့ထိတွေ့ပြီးရင် လက်ကိုဆပ်ပြာနဲ့ သေချာဆေးပါ။ ချောင်းဆိုး၊နှာစေးနေရင် Mask တပ်ခိုင်းပါ။
ရေးသားသူ - Dr. May Myat Tun