ဘာလို့ချာချာလည် မူးရတာလဲ
ဟန်ချက်မညီတဲ့ ပြသာနာတွေ ခံစားရရင် ချာချာလည်မူးတဲ့အထိ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ လူဟာ လှဲနေရင်း၊ ထိုင်နေရင်း၊ မတ်တပ်ရပ်နေရင်းမှာပဲ အခန်းကြီးက ချာချာလည်နေတာ၊ ပြုတ်ကျချင်သလို မူးတာတွေ ခံစားရပါတယ်။
ခန္ဓာကိုယ်ရဲ့စနစ်တွေ( ကြွက်သား၊ အရိုး၊ အဆစ်၊ မျက်လုံး၊ နားအတွင်းက ဟန်ချက်ထိန်းတဲ့ အင်္ဂါငယ်တွေ၊ အာရုံကြော၊ နှလုံးနဲ့ သွေးကြော စသဖြင့်) ဟာ ပုံမှန်မျှချေဖြစ်တဲ့ အခြေအနေမှာသာ ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ပါတယ်။ အကယ်၍ စနစ်တွေ ပုံမှန်အတိုင်း မလုပ်ဆောင်၊ မလည်ပတ်နိုင်တော့တဲ့အချိန်မှာ ဟန်ချက်မညီတဲ့ balance problem နဲ့ ရင်ဆိုင်ရကာ ချာချာလည် မူးနောက်တာတွေ ဖြစ်လာပါတယ်။
လက္ခဏာများ
- မိုက်ခနဲမူးခြင်း (သို့) ချာချာလည်မူးခြင်း
- ဟန်ချက်မညီဖြစ်ခြင်း
- ပြုတ်ကျခြင်း (သို့) မေ့လဲမလို ဖြစ်ခြင်း
- အမြင်ဝေဝါးခြင်း
- စိတ်မကြည်မလင် ရှုပ်ထွေးနေခြင်း
အကြောင်းအရင်းများ
ချာချာလည်မူးတတ်တဲ့ အခြေအနေတွေကတော့
1. Benign Paroxysmal positional vertigo (BPPV)
နားရဲ့အတွင်းထဲမှာ ကယ်လ်ဆီယမ် အစိုင်အခဲလေးတွေဟာ သူ့ရှိရမယ့်နေရာမှာ နေပြီး ဟန်ချက်ထိန်းညှိနိုင်စေဖို့ ကူညီပေးပါတယ်။ နဂိုနေရာကနေ ပြုတ်ထွက်ပြီး အခြားကို ရွေ့သွားတဲ့အခါမှာတော့ အိပ်ရာထဲမှာ တစ်ပတ်လည်နေသလို ခေါင်းကို ဇက်မော့ပြီး ကြည့်မိတဲ့အခါမှာ ချာချာလည်နေသလို မူးပါတော့တယ်။ BPPV ဟာ လူကြီးတွေမှာ ကြုံရတဲ့ ချာချာလည်မူးခြင်းရဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။
2. Vestibular Neuritis
နားရဲ့အတွင်းပိုင်းက ဟန်ချက်ထိန်းတဲ့ အာရုံကြောဟာ ဗိုင်းရပ်ပိုးကြောင့် ယောင်ယမ်းခြင်းဖြစ်ပါတယ်။ လက္ခဏာတွေဟာ ပျို့အန်ခြင်းနဲ့ လမ်းလျှောက်ဖို့ ခက်ခြင်းတို့ဖြစ်ပြီး ရက်အနည်းငယ်ကြာတဲ့ထိ ဖြစ်တတ်ပါတယ်။ သူ့ဟာသူ ဖြေးဖြေးချင်း ပြန်ကောင်းသွားတတ်ပါတယ်။
3. Persistent postural-perceptual dizziness
ရွေ့နေတဲ့ အရာတွေကို ကြည့်မိရင်၊ စာဖတ်ရင်၊ shopping mall ကဲ့သို့ အမြင်အာရုံ ထွေပြားစေတဲ့နေရာတွေကို ရောက်ရင် ခေါင်းမူးလာတတ်ပါတယ်။
4. Meniere's disease
ဒီရောဂါမှာတော့ လူကချာချာလည်မူးရုံမက နားထဲမှာ တဝီဝီကြားတာ၊ နားကကြားလိုက်၊ မကြားလိုက်ဖြစ်တာ၊ နားအူတာတွေ ဖြစ်တတ်ပါတယ်။ Meniere's disease ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျ မသိရှိရပါ။ Meniere's disease မှာ ရှားရှားပါးပါးဖြစ်တတ်ပါတယ်။ဖြစ်ရင် အသက် ၂၀နဲ့ ၄၀ ကြားအရွယ်တွေမှာ အတွေ့ရများပါတယ်။
5. ခေါင်းတစ်ခြမ်းကိုက်တဲ့ Migraine
ရွေ့လျားမှုကို မခံမရက်နိုင်ဖြစ်ကာ မူးပြီး ခေါင်းကိုက်လာတတ်ပါတယ်။
6. Acoustic Neuroma
ဖြေးဖြေးချင်း ကြီးလာတတ်တဲ့ ကင်ဆာမဟုတ်တဲ့ အကြိတ်ဟာ အာရုံကြော Acoustic nerve ပေါ်မှာ ဖိလာတဲ့အခါ အကြားအာရုံနဲ့ ဟန်ချက်ထိန်းတဲ့ဖြစ်စဉ်တွေမှာ အနှောင့်အယှက်ပေးပါတယ်။ Acoustic Neuroma ဟာလည်း ဖြစ်တာရှားပါတယ်။ လက္ခဏာတွေကတော့ မူးတာ၊ တယိမ်းတယိုင်ဖြစ်တာ၊ ၊ နားထဲမှာ တဝီဝီဖြစ်တာ၊ အကြားအာရုံ ပျောက်တာတွေ ဖြစ်တတ်ပါတယ်။
7. Ramsay Hunt Syndrome
ရေယုံဖြစ်စေတဲ့ ဗိုင်းရပ်စ်လို့ လူသိများတဲ့ Herpes zoster ဗိုင်းရပ်စ်ဟာ မျက်နှာနဲ့နားထဲက အာရုံကြောတွေကို ထိခိုက်စေတတ်တဲ့အတွက် ချာချာလည်မူးတာ၊ နားကိုက်တာ၊ မျက်နှာမှာ အားနည်းတာ၊ အကြားအာရုံလျော့တာတွေ ဖြစ်စေပါတယ်။
8. ဦးခေါင်းထိခိုက်ဒဏ်ရာ
ဦးနှောက်ကို လှုပ်ခါတဲ့အထိ ထိခိုက်မိတဲ့ ခေါင်းဒဏ်ရာဟာလည်း ချာချာလည်မူးစေတဲ့ ဝေဒနာကို ခံစားရစေပါတယ်။
9. Motion sickness
လှေမူးတာ၊ ကားမူးတာ၊ လေယာဉ်ပျံမူးတာတွေကြောင့် ချာချာလည်မူးတတ်ပါတယ်။
ကုသပုံနည်းလမ်း
- ဟန်ချက်ညီဖို့ အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းများ
- အစားအသောက်နဲ့ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
- အန်တာ၊ မူးတာ သက်သာစေတဲ့ ဆေးဝါးများ
- Meniere's disease (သို့) Acoustic Neuroma ရှိရင် ခွဲစိတ်မှုတွေ လိုနိုင်ပါတယ်။
အထက်ဖော်ပြပါ လက္ခဏာတွေခံစားနေရရင် ဦးနှောက်နဲ့ အာရုံကြောအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုတို့ထံ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။
ရေးသားသူ - Dr. May Myat Tun