နားမှာအရည်စုတဲ့အခါ
နားရဲ့လမ်းကြောင်းဟာ လည်ချောင်းရဲ့နောက်ဘက်ကို လမ်းပေါက်ပါတယ်။ နားရဲ့အခေါင်းတစ်လျောက်မှာ အရည်စုရတာဟာ လည်ချောင်းနောက်ဘက်မှာ တစ်ခုခုပိတ်ဆို့ခဲ့သော် နားရဲ့အလယ်ပိုင်းနေရာ(middle ear) မှာ အရည်တွေ သောင်တင်ပါတော့တယ်။ ဒီလို နားမှာအရည်တွေစုတာကို Serous Otitis Media (သို့) Otitis Media with effusion လို့ခေါ်ပါတယ်။
နားမှာ ဘာကြောင့် အရည်စုတာလဲ
နားလမ်းကြောင်းတစ်လျှောက် တစ်နေရာရာမှာ ပြသာနာရှိရင် အရည်စုတတ်ပါတယ်။
- ဓာတ်မတည့်တဲ့ Allergies တွေ
- ဗိုင်းရပ်စ်ပိုး၊ ရောဂါပိုးတွေကြောင့် နားထဲမှာ ယောင်ယမ်းပြည့်ကြပ်မှုတွေ
- နှာခေါင်းရဲ့ အသားပို၊ အာသီးစတဲ့ အနီးအနာက အရာတွေ ကြီးလို့ နားလမ်းကြောင်းကို လာဖိတာတွေ
- စီးကရက်ငွေ့ကဲ့သို့သော ဓာတုပစ္စည်းတွေ
- ဦးခေါင်းနဲ့ လည်ပင်းကင်ဆာကို ကုသဖို့ ဓာတ်ကင်ရတာတွေ
- နားအတွင်း လေထုဖိအားအပြောင်းအလဲ ဖြစ်စေတာတွေ (ဥပမာ လေယာဉ်ပျံစီးခြင်း၊ ရေငုပ်ခြင်း)
- ပါးစပ်ရဲ့ တည်ဆောက်ပုံမှားယွင်းမှုတွေ (ဥပမာ မွေးရာပါ အာခေါင်ကွဲခြင်း cleft palate)
- ရှားရှားပါးပါးအနေနဲ့ နားအခေါင်းကို ကန့်လန့်ဖြတ်ပြီး ခွဲစိတ်ရတဲ့ ဖြစ်စဉ်တွေ အစရှိတဲ့ အခြေအနေတွေကြောင့် နားမှာ အရည်စုရပါတယ်။
လက္ခဏာများ
- နားထဲမှာ ပြည့်နေသလို၊တစ်စို့နေသလို ခံစားရခြင်း
- နားထဲမှာ တဝီဝီမြည်ခြင်း
- နားသိပ်မကြားရခြင်း၊နားအူနေခြင်း
- တစ်နေ့တာမှာ အလုပ်ခွင်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ လုပ်ဆောင်နိုင်စွမ်း ကျဆင်းခြင်း
- ခေါင်းမူးခြင်း၊ ချာချာလည်မူးခြင်း
- ပတ်ဝန်းကျင်လေထုဖိအား အပြောင်းအလဲမှာ နားနာတာဆိုးဝါးခြင်း တို့ဖြစ်ပါတယ်။
ကလေးငယ်တွေမှာ နားထဲအရည်စုနေရင်၊ နားနာတာမျိုးလည်းရှိရင် မပြောပြတတ်သေးတဲ့အတွက် သတိမထားမိတတ်ပါဘူး။ အကယ်၍ ကလေးငယ်ဟာ ဟန်ချက်မထိန်းနိုင်တာတွေ၊ စကားပြောနောက်ကျတာတွေရှိနေရင် နားကြား/မကြား စမ်းသပ်ကြည့်စေချင်ပါတယ်။
ရောဂါရှာဖွေပုံနည်းလမ်းများ
နားရဲ့အတွင်းထဲက ပြသာနာတွေကို မြင်ရဖို့ နား၊နှာခေါင်း၊ လည်ချောင်း အထူးကု ENT surgeon တွေအသုံးပြုတဲ့ပစ္စည်းနှစ်မျိုး ရှိပါတယ်။
Otoscope ကတော့ နားစည်ကို အသေးစိတ်မြင်ရဖို့ နားထဲကို ထည့်ကြည့်တဲ့ မှန်ပြောင်းပုံစံဖြစ်ပါတယ်။ နားစည်နောက်ဘက်မှာ ပူစီဖောင်း၊ အရည်ရှိနေခဲ့ရင် မြင်နိုင်ပါတယ်။ နားစည်ရဲ့ လှုပ်ရှားမှုကိုလည်း ကြည့်နိုင်ပါတယ်။
Tympanometry Examination ကတော့ နားထဲက ဖိအားကို တိုင်းတာတဲ့ကိရိယာ ဖြစ်ပါတယ်။ အကယ်၍ နားထဲမှာ အရည်ရှိနေရင် နားစည်ဟာ တောင့်တင်းနေတတ်ပြီး မူမမှန်တဲ့အသံတွေက ကိရိယာမှာ လာထင်ဟပ်ပါလိမ့်မယ်။
နားထဲက အရည်ကို ဘယ်လိုကုသမလဲ
နားထဲမှာ အရည်စုတာဟာ ကုသမှု လိုချင်မှ လိုပါလိမ့်မယ်။ ရက်သတ္တပတ်အနည်းငယ်ကြာရင် အရည်တွေ သူ့ဟာသူ ထွက်သွားတတ်ပါတယ်။ သို့ပေမဲ့ ၆-၁၂ ပတ်ကြာတဲ့အထိမှ အရည်တွေရှိနေသေးရင် နားကြား/မကြား စမ်းသပ်ရပါမယ်။ ပိုးသတ်ဆေးသောက်တာ၊ အရည်တွေထွက်လာအောင် နားထဲ ပိုက်ထည့်ရတာတွေ ပြုလုပ်ရပါမယ်။
နားထဲမှာ အရည်စုတာဟာ ကလေးငယ်တွေရော လူကြီးတွေမှာပါ ကြုံရတတ်ပါတယ်။ အကယ်၍ နားထဲမှာ အရည်ရှိပြီး လက္ခဏာတွေဟာ ခြောက်ပတ်ကြာထဲအထိမှ မသက်သာရင် နား၊နှာခေါင်း၊ လည်ချောင်းအထူးကုနဲ့ ပြသဖို့ အကြံပြုပါတယ်။
ရေးသားသူ - Dr. May Myat Tun
Sura Nick 02 Jul 2023 |
ညာဘက်နားပိတ်နေပြီးညာဘက်နားကအသံဝီဝီများကြားနေလို့နားပါရဂူဖြင့်ပြရာတွင်အကြားအာရုံစစ်ပြီးနားထဲမှာအရည်စုနေသည့်အတွက်ပိုးသတ်ဆေးနှင့်အခြားဆေးများနှင့်နှာခေါင်းအစက်ချဆေးများပေးပါတယ်။နှစ်ပတ်နေလို့ပြန်ပြရာတွင်အကြားအာရုံထပ်စစ်ပြီးမကြားရလျှင်ပိုက်တပ်ကုသရမယ်လို့ပြောပါတယ်။ထိုပိုက်တပ်ကုသမှုမှာဆေးရုံတက်ပြီးကုရမှာလားဆိုတာသိချင်ပါတယ်။ထိုမေးခွန်းကိုdr.ကိုမမေးခဲ့ရလို့ပါ။