အရေပြားကင်ဆာသတိပြုပါ
နေရောင်ခြည်နဲ့ ထိတွေ့ပြီးတဲ့နောက်မှာ အရေပြားဆဲလ်တွေမှာ မူမမှန်စွာ ရှင်သန်လာတဲ့ အကြိတ်တွေ ပေါ်လာတာကို အရေပြားကင်ဆာလို့ခေါ်ပါတယ်။ အဖြစ်များတဲ့ အရေပြားကင်ဆာအမျိုးအစားတွေရဲ့ အကြိတ်တွေဟာ နေရောင်ခြည်နဲ့ ထိတွေ့လေ့မရှိတဲ့နေရာတွေမှာလည်း ပေါ်လာတတ်ပါတယ်။
အရေပြားကင်ဆာတွေရဲ့ အဓိကအမျိုးအစားတွေကတော့
- Basal Cell Carcinoma
- Squamous Cell Carcinoma
- Melanoma တို့ပဲ ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
အရေပြားကင်ဆာဟာ အစပိုင်းမှာ နေရောင်ခြည်ထိတွေ့လေ့ရှိတဲ့ ဦးရေပြား၊ မျက်နှာ၊ နှုတ်ခမ်း၊ နားရွက်၊ လည်ပင်း၊ လက်မောင်းနဲ့ လက်၊ ခြေထောက်တွေမှာ စပေါ်လာတတ်ပါတယ်။ သို့ပေမဲ့ နေ့တာရဲ့ အလင်းရောင်ထိတွေ့ခဲတဲ့ လက်ဖဝါး၊ လက်သည်းအောက်၊ ခြေသည်းအောက်၊ လိင်အင်္ဂါတွေမှာလည်း ပေါ်လာတတ်ပါတယ်။
အရေပြားကင်ဆာဟာ ဘယ်အသားအရောင်မှာမဆို ဖြစ်ပေါ်တတ်ပါတယ်။ Melanoma အမျိုးအစား အရေပြားကင်ဆာကတော့ အသားညိုတဲ့သူတွေမှာ ဖြစ်တတ်ပြီး နေရောင်ခြည်သိပ်မထိတဲ့ လက်ဖဝါး၊ ခြေဖဝါးတွေမှာ ပိုဖြစ်တတ်ပါတယ်။
Basal Cell Carcinoma ရဲ့ လက္ခဏာများ
Basal cell carcinoma ဟာ နေရောင်နဲ့ထိတွေ့မိတဲ့ အစိတ်အပိုင်းတွေ (ဥပမာ လည်ပင်းနဲ့ မျက်နှာ) မှာ ဖြစ်ပေါ်တတ်ပါတယ်။ Basal cell carcinoma ရဲ့ပုံစံဟာ ပုလဲလုံး (သို့) ဖယောင်းလုံးပုံစံ အဖုလေးတွေ၊ ပြားပြားနဲ့ အသားရောင် အနာရွတ်ပုံစံ၊ သွေးထွက်တဲ့အနာ (သို့) အနာဖေးဟာ အနာကျက်သွားလိုက်၊ ပြန်ပေါ်လာလိုက် စသဖြင့် ဖြစ်တတ်ပါတယ်။
Squamous cell carcinoma ရဲ့ လက္ခဏာများ
Squamous cell carcinoma ကတော့ နေရောင်နဲ့ထိတဲ့နေရာတွေဖြစ်တဲ့ မျက်နှာ၊ နားရွက်တွေနဲ့ လက်တွေမှာ အဖြစ်များပါတယ်။ အသားနည်းနည်းမှောင်သူတွေမှာ Squamous cell carcinoma ဟာ နေရောင်ထိလေ့မရှိတဲ့နေရာတွေမှာ ပိုဖြစ်တတ်ပါတယ်။ Squamous cell carcinoma ရဲ့သွင်ပြင်ဟာ အနီရောင်အဖု (သို့) မာခဲခဲ ပြားချပ်ချပ်အရာလေးတွေ ဖြစ်ပါတယ်။
Melanomaရဲ့ လက္ခဏာများ
Melanoma ဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ပေါ်တတ်ပါတယ်။ နဂိုစင်းလုံးချောအရေပြား (သို့) မှဲ့ရှိပြီးသားနေရာမှာ ဖြစ်လာတတ်ပါတယ်။ Melanoma ဟာ အမျိုးသားတွေရဲ့ မျက်နှာနဲ့ ကိုယ်ထည်မှာပေါ်တတ်ပြီး အမျိုးသမီးတွေမှာတော့ ခြေထောက်အောက်ပိုင်းမှာ ဖြစ်လေ့ရှိပါတယ်။ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ နေရောင်မထိတွေ့တဲ့နေရာမှာလည်း Melanoma ဖြစ်နိုင်ပါတယ်။ Melanomaဟာ ဘယ်အသားအရောင်မှာမဆို ဖြစ်တတ်ပါတယ်။ အသားညိုသူတွေမှာ လက်ဖဝါး၊ခြေဖဝါးတွေ၊ ခြေသည်း၊လက်သည်း အောက်မှာ ဖြစ်တတ်ပါတယ်။
Melanoma ရဲ့ သင်္ကေတလက္ခဏာမှာ အညိုရောင် အကွက်ကြီးမှာ ပိုမည်းတဲ့အစက်အပြောက်တွေ၊ အရောင်၊အရွယ်အစားပြောင်းကာ သွေးထွက်တတ်တဲ့ မှဲ့တွေ၊ မညီညာတဲ့အနားသတ်နဲ့ အရောင်စုံ (နီ၊ဖြူ၊ ပြာ၊မည်း၊ ပန်းရောင်) ရှိနေတတ်တာ၊ အပူလောင်ဒဏ်ရာ (သို့) ကုတ်ခြစ်ရာမှ နာတာ၊ လက်ဖဝါး၊ ခြေဖဝါး၊ လက်ထိပ်၊ ခြေချောင်း၊ ပါးစပ်၊ နှာခေါင်း၊ မိန်းမကိုယ်နဲ့ စအိုတွေမှာ အမည်းရောင်တွေ ပေါ်လာတာ စသဖြင့် ဖြစ်ပါတယ်။
အရေပြားကင်ဆာ ဖြစ်စေတဲ့ Ultra violet ရောင်ခြည်နဲ့ တခြားဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းများ
အရေပြားကင်ဆာဟာ အရေပြားရဲ့ အပေါ်ဆုံးအလွှာဖြစ်တဲ့ Epidermis လို့ခေါ်တဲ့အလွှာမှာ စတင်ပါတယ်။ အရေပြားဆဲလ်တွေရဲ့ DNA မှာ အမှားဖြစ်တဲ့အခါ တစ်နည်းအားဖြင့် ဇီဝရုပ်ပြောင်းလဲတဲ့အခါ အရေပြားကင်ဆာဖြစ်ပါတယ်။ ဇီဝရုပ်ပြောင်းခြင်းကြောင့် ဆဲလ်တွေဟာ အထိန်းအချုပ်မရှိဘဲ ကြီးထွားကာ ကင်ဆာဆဲလ်အစိုင်အခဲကြီး အဖြစ်ဖြစ်လာပါတယ်။
နေရောင်ကလာတဲ့ UV ရောင်ခြည်နဲ့ အနောက်တိုင်းနိုင်ငံသားများ အသားညိုအောင် အသုံးပြုလေ့ရှိတဲ့ Tanning bed မှ ရောင်ခြည်တို့ဟာ အရေပြားမှဆဲလ်တွေကို များစွာ ပျက်စီးစေနိုင်ပါတယ်။ နေရောင်ထိတွေ့မိတိုင်း အရေပြားကင်ဆာဖြစ်စေတယ်လို့ မဆိုလိုပါ။ အဆိပ်အတောက်တွေကို အမြဲလိုလို ထိတွေ့နေရတာ (သို့) ခုခံအားကျဆင်းတဲ့ အခြေအနေရှိတာ စသဖြင့် တခြားအကြောင်းအရင်းတွေပါ ပေါင်းစပ်ကာ ဖြစ်နိုင်ချေကို တိုးစေတာဖြစ်ပါတယ်။
ဖြစ်နိုင်ချေမြင့်စေတဲ့ အချက်များ
- အသားဖြူသူများ (melanin ပါဝင်မှုနည်းခြင်းကြောင့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်မှုနည်းလို့ ဖြစ်ပါတယ်)
- နေလောင်ကာ အရည်ကြည်ဖုထွက်ဖူးသူများ
- နေရောင်ခြည်နဲ့ အလွန်အကျွံ ထိတွေ့နေရသူများ
- အပူပိုင်းဒေသမှာ နေထိုင်သူများ
- မှဲ့ အများကြီးရှိသူများ
- မိသားစုထဲမှာ အရေပြားကင်ဆာဖြစ်တဲ့သူ ရှိခြင်း
- အရေပြားကင်ဆာဖြစ်ဖူးသူများ
- ခုခံအား အားနည်းသူများ
- Arsenic ကဲ့သို့ အဆိပ်ရှိတဲ့ပစ္စည်းတွေကို ထိတွေ့ရခြင်း စသဖြင့် ဖြစ်ပါတယ်။
ကာကွယ်ရန်နည်းလမ်းများ
အရေပြားကင်ဆာအများစုဟာ ကာကွယ်လို့ရပါတယ်။ မိမိကိုယ်ကို ကာကွယ်ဖို့ အောက်ပါ အချက်တွေကို လိုက်နာကြည့်ရအောင်။
- နေ့တစ်နေ့ရဲ့အလယ်ပိုင်းအချိန်မှာ နေကိုရှောင်ပါ။ (မနက် ၁၀နာရီနဲ့ညနေ ၄နာရီအတွင်း နေရောင်ဟာ အပြင်းဆုံးဖြစ်ပါတယ်)
- နေရောင်ခြည်ကာကွယ်တဲ့ ခရင်မ်လိမ်းပါ။
- လုံခြုံတဲ့ အဝတ်အစားဝတ်ဆင်ပါ။
- မိမိရဲ့ အရေပြားကို မှန်မှန် စစ်ဆေးကြည့်ပါ။ မျက်နှာ၊ လည်ပင်း၊ နား၊ ဦးရေပြား၊ ကိုယ်ထည်၊ လက်ဖဝါး၊ ခြေဖဝါး၊ ခြေချောင်းကြား၊ လိင်အင်္ဂါတွေမှာ မှဲ့၊ မှဲ့ခြောက်၊ အဖု၊ မွေးရာပါအမှတ်တွေကို ထူးခြားပြောင်းလဲမှုရှိ/မရှိ စစ်ဆေးပါ။
ရေးသားသူ - Dr. May Myat Tun